Chapter 38

696 86 0
                                    

နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han Shin

စာစဉ် (3) CHAPTER (38) မင်း ငါ့ကို ဘယ်လိုကျေးဇူးပြန်ဆပ်မှာလဲ

*ယောကျ်ားတဲ့လား*
လီယုံသည် သူတောင်းစားတစ်ယောက် ငွေအထပ်လိုက် ရလိုက်သကဲ့သို့ အူမြူးလာသည်။ ကျောက်ဟုန်ယုသည် အူကြောင်ကြောင် ဖြစ်သွားပုံ ပေါ်နေပြီးမှ ဟန်လူအား ဒေါသတကြီး ပြောလိုက်သည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်။ ငါ မင်းကို အရင်ကတည်းက ပြောဖူးပါတယ်၊ ငါ မရနိုင်တဲ့အရာကို အခြားဘယ်သူမှလည်း မရနိုင်စေရဘူးလို့။ ငါ အတည်ပြောတာ။ စောင့်ကြည့်နေလိုက်”
ဟန်လူသည် ဒေါသထွက်လွန်းသဖြင့် လီယုံ ထိန်းထားသည့်ကြားမှ ကတုန်ကယင် ဖြစ်လာသည်။ လီယုံက သူမခေါင်းလေးကို ပုတ်၍ ပြုံးကာ ပြောလိုက်သည်။
“ချစ်ချစ် စိတ်အေးအေးထားပါ။ မင်းယောကျာ်းက မင်းအတွက် လက်စားချေပေးမှာပါ”
ဟန်လူက လီယုံအား‌ မော့ကြည့်လိုက်ပြီး ဒေါသက ထပ်ထွက်လာပြန်သည်။ သူမသည် ကျောက်ဟုန်ယု ထွက်သွားစေရန်အတွက် လီယုံကို ယောကျာ်းဟု ခေါ်ဝေါ်လိုက်ခြင်း ဖြစ်သော်လည်း လီယုံက သူမကို ဇနီးတစ်ယောက်သဖွယ် ခေါ်ဝေါ်၍ သူမကို အသားယူနေသောကြောင့် အလွန်အမင်း စိတ်တိုလာရသည်။
သို့သော် လီယုံက ရှေ့သို့ လှမ်းသွားပြီးအော်ပြောလိုက်သည်။
“ဟေ့ ဆံဝါကောင် ရပ်စမ်း”
*ဆံဝါကောင် ဟုတ်လား*
ကျောက်ဟုန်ယုသည် သူ့ဆံပင်အဝါကို ပြန်ကိုင်ကြည့်ပြီး ဆဲဆိုလာသည်။
“ခွေးမသား မင်း ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောနေတာလဲ”
“ငါက မင်းကို ပြောနေတာ။ ဖြေဆေးကို ထားခဲ့ပြီးရင် မင်း ထွက်သွားနိုင်ပြီ။ မင်းကို ရိုက်နှက်မိသွားအောင် ငါ့စိတ်ကို လာမဆွနဲ့။ အဲ့လိုလုပ်မိရင် မင်း သေအောင် ရိုက်နှက်ခံရလိမ့်မယ်”
ထိုသို့ပြောပြီး လီယုံက အင်္ကျီလက်ကို ပင့်တင်က ရန်ပွဲအတွက် ပြင်ဆင်လိုက်သည်။
“မင်းက ရန်ဖြစ်ချင်တာလား။ ဟ … မင်းတော့ ကံဆိုးပြီပဲ။ ဟဟ …”
သူတော့ အရူးတစ်ကောင်နဲ့ လာဆုံမိသည်ဟု ကျောက်ဟုန်ယု တွေးလိုက်မိပြီး သဘောကျသွားသည်။ ကျုံးဟိုင် ဂန်းစတား လေးယောက်ထဲမှ နံပတ်တစ် ဂန်းစတားတစ်ယောက် ဖြစ်သောကြောင့် သူသည် တိုက်ခိုက်ရာ၌ အတော်ဆုံးဖြစ်မှန်း လူတိုင်း သိကြသည်။
ကျောက်ဟုန်ယု ရယ်မောနေစဉ် ဟန်လူက လီယုံနား တိုးလာသည်။ သူမက သူ့လက်မောင်းကို လှမ်းဆွဲ၍ ပြောလိုက်သည်။
“ကို ကျွန်မသက်တော်စောင့်တွေတောင်မှ သူ့ကို မယှဉ်နိုင်ဘူး။ မစွန့်စားပါနဲ့”
ဟန်လူက တံခါးရှေ့၌ လဲကျနေသော သက်တော်စောင့် နှစ်ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။ သူမက လီယုံ ရိုက်နှက်ခံရမည်ကို စိုးရိမ်သောကြောင့် မဟုတ်ပေ၊ လီယုံသာ သေလုမျောပါး ရိုက်နှက်ခံရလျင် သူမကို ကုသပေးမည့်သူ မရှိတော့မှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သို့သော် လီယုံက ထိုနှစ်ယောက်ကို လှမ်းတောင်မကြည့်ပေ။ သူသည် ဟန်လူ၏ လှပသော မျက်နှာလေးကိုသာ စိုက်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“ချစ်ချစ် မင်း ကိုယ့်အပေါ် သိပ်ကောင်းတာပဲ”
ဟန်လူ ချက်ချင်း ရှက်သွားကာ နောက်ဆုတ်၍ လီယုံ၏လက်ကို ခပ်ကြမ်းကြမ်း ဖယ်ထုတ် ပစ်လိုက်ချင်သည်။ လီယုံ သူမကို ချစ်ချစ်ဟု ခေါ်လိုက်သည့် အချိန်တိုင်း သူမ တစ်ကိုယ်လုံး လျှပ်စစ်လျှော့တိုက်ခံရသကဲ့သို့ ကျဉ်တက်လာသည်။
ထိုသို့သော ခေါ်ပုံခေါ်နည်းက လက်ထပ်ပြီးသား စုံတွဲများအတွက် ဘာမှမဟုတ်ပေ။ သို့သော် လူပျိုနှင့် အပျိုတစ်ယောက်အတွက်ကတော့ စည်းကျော်သလို ဖြစ်နေသဖြင့် လီယုံက ကြည်နူးနေပြီး ဟန်လူကတော့ ရှက်နေ၏။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တစ်ခုခုပြောရန် ပြင်ပြီးမှ အကြောင်းပြချက်တစ်ချို့ကြောင့် ရပ်သွားသည်။ ဟန်လူ တကယ်ပြောချင်နေသည်က
*ငါ့ကို ချစ်ချစ်လို့ ခေါ်မနေနဲ့*
ထို့အတူ လီယုံ ပြောချင်နေသည်သော စကားသည်
*ချစ်ချစ် ကျုပ်ကို ကို လို့ ခဏခဏ ခေါ်ပါဦးလား။ ကျုပ် ကြားရတာ သဘောကျလွန်းလို့ပါ*
လီယုံနှင့် ဟန်လူတို့ တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်းဆုံနေသည်ကို ကျောက်ဟုန်ယု အတိုင်းသား မြင်နေရသည်။ သူ ချက်ချင်း ပြုံးနေရာမှ တည်သွားကာ ဆဲဆိုလေတော့သည်။
“ခွေးမသား မင်း အဆင်သင့်ပဲလား။ မင်းကများ ငါ့ကောင်မလေးကို ယူရဲတယ်ပေါ့လေ။ ငါ မင်းကို အသေရိုက်ပြီး ကုန်းကုန်း ဖြစ်အောင် လုပ်ပစ်မယ်”
လီယုံက ကျောက်ဟုန်ယုကို လှမ်းကြည့်ပြီး ပြုံးလိုက်သည်။
“ကောင်းလိုက်တဲ့ အကြံ။ ငါကလည်း မင်းကို ကုန်းကုန်း ဖြစ်အောင် လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ”
“သွားစမ်းပါ”
ကျောက်ဟုန်ယုသည် ထပ်မစောင့်နိုင်သတော့ဖြင့် လီယုံထံသို့ လှမ်းလာရန် ပြင်လိုက်သည်။ သူသည် ကလေးဘဝကတည်းက ကိုယ်ခံပညာကို လေ့လာခဲ့ခြင်း ဖြစ်သည်။ သာမန် သက်တော်စောင့်များက သူ့အတွက် ဘာမှမဟုတ်ပေ။ သူ့စိတ်ထဲတွင် လီယုံအား အသာလေး အမှောက်သိပ်နိုင်မည်ဟု ထင်ထားမိသည်။
ထိုစဉ် အိမ်တော်၏ ဧည့်သည်များ နေရန် စီစဉ်ထားသော အခန်းတစ်ခုမှ ဝုန်းခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် လျူချွင်း၏ အပျော်လွန်နေသော အသံ ထွက်လာလေတော့သည်။
“ငါ လုပ်နိုင်ပြီ။ ဟား … ငါ လုပ်နိုင်သွားပြီ”
အစိမ်းရောင် အလင်းတန်းတစ်ခု အခန်းထဲမှ လှစ်ခနဲ ထွက်လာသည်။ လျူချွင်းသည် လီယုံကို မြင်သည်နှင့် ချက်ချင်း သူ့ဆီ ပြေးလာပြီး စိတ်လှုပ်ရှားစွာ ပြောလာသည်။
“ယုံ ငါ လုပ်နိုင်ပြီ။ ငါ လုပ်နိုင်သွားပြီ”
လီယုံက အဖက်မလုပ်ဟန်ပြု၍ သူ့ရှေ့က ကျောက်ဟုန်ယုကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ဒါဆို ငါ့ကို ပြ။ သူ့ကို ရိုက်နှက်ပြီး ကုန်းကုန်း ဖြစ်အောင် လုပ်ပစ်လိုက်”
“အိုကေ”
လျူချွင်းက သဘောတူလိုက်ပြီး ကျောက်ဟုန်ယုကို လှည့်ကြည့်၍ သူမ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ကျောက်ဟုန်ယုသည်လည်း သူမအား ပျော်မြူးသော မျက်နှာထားဖြင့် ကြည့်နေ၏။ သူ မိန်းမလှလေးများစွာကို မြင်ဖူးပါသော်လည်း ဤမျှလန်းသော မိန်းကလေးမျိုးကို တစ်ခါမှ မမြင်ဖူးပါ။ လျူချွင်း၏ ကြီးမားသော ရင်သားမှ သူ အကြည့်မခွာနိုင်ဘဲ သွားရည်ကျမတတ် ဖြစ်နေသည်။
လျူချွင်း ပေါ်လာသည်ကို မြင်ပြီး ဟန်လူသည်လည်း စိတ်သက်သာရာ ရသွားလေသည်။ လီယုံက ကျောက်ဟုန်ယုကို ချနိုင်မည်ဟု မယုံပါ၊ သို့သော် လျူချွင်းဆိုလျင်တော့ သူမ ယုံကြည်သည်။ ဟန်လူ လှမ်းပြောလိုက်သည်။
“လျူချွင်း သူက ငါ့သက်တော်စောင့်တွေကို ရိုက်နှက်ပြီးတော့ ဒီထဲ အတင်းဝင်လာတာ။ သူ့ကို ညှာမနေနဲ့”
လျူချွင်းက ရုတ်တရက် မျက်နှာထားတင်းတင်းနှင့် ဖိနှိပ်နိုင်သော အငွေ့အသက်မျိုး ထုတ်ဖော်လာသည်။ သူမက ကျောက်ဟုန်ယုထံသို့ ခုန်ဝင်သွားသည်။ ထို့အတူ သူမက သူ၏မျက်နှာအား လှမ်းထိုးလိုက်သည်။
“အား”
စိတ်ကူးထဲ နစ်မြုပ်နေသော ကျောက်ဟုန်ယု မနေနိုင်တော့ဘဲ ထအော်လိုက်မိသည်။ သူ့နှာခေါင်းမှ သွေးများ လျှံကျလာသည်။ ဤမိန်းကလေးသည် ရုပ်ရည်သာ လန်းလွန်းရုံမကဘဲ အတိုက်အခိုက်လည်း ကောင်းလှသည်ကို ထိုအခါမှ သူ သိလိုက်ရသည်။
“ခွေးမ မင်းကများ ငါ့ကို ရိုက်နှက်ရဲတယ်လား။ မင်းတော့ အသေပဲမှတ် …”
ကျောက်ဟုန်ယု စိတ်ပျက်သွားကာ ထိုအမျိုးသမီး၏ အလှတရားကို ချီးမွမ်းခန်းဖွင့်ရန် စိတ်မပါတော့ချေ။ ကျွဲမြီးတိုသွားပြီးနောက် သူသည် လျူချွင်းထံသို့ ပြေးဝင်လာပြီး ပြန်တိုက်ခိုက်ရန် ကြိုးစားလေတော့သည်။ အတိုက်အခိုက် ကျွမ်းသော အမျိုးသမီးများနှင့် ရင်ဆိုင်ရန် သူ့၌ ကိုယ်ပိုင်နည်းလမ်း ရှိသည်၊ ထိုနည်းလမ်းသည်ကား ပို၍ ကြမ်းတမ်းစွာ ပြန်တိုက်ခိုက်ရန် ဖြစ်သည်။ သူတို့အား တိုက်ခိုက်ရင်း ဖိနှိပ်နိုင်မှသာလျင် သူတို့က နာခံတတ်လာသည်။
လျူချွင်းနှင့် ကျောက်ဟုန်ယုတို့သည် တစ်ယောက်နှင့်တစ်ယောက် ထိုးနှက်ကန်ကျောက်ရင်း တိုက်ပွဲက ပိုပြင်းလာသည်။ သို့သော် တစ်ခဏအတွင်းမှာပင် ကျောက်ဟုန်ယုသည် ထပ်အော်လာရပြီး လျူချွင်း၏ ကန်ချက်တစ်ချက်နှင့်အတူ လဲကျသွားတော့သည်။
လျူချွင်းက ကျောက်ဟုန်ယု၏ ရင်ဘတ်အား ခြေထောက်နှင့်နင်း၍ ကြောက်လန့်နေသော ကျောက်ဟုန်ယုအား ငုံ့ကြည့်ပြီးနောက် သံကုန်ဟစ်၍ လှမ်းမေးလိုက်သည်။
“ယုံ သူ့ကို ကုန်းကုန်းဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ ငါ မစဉ်းစားတတ်လို့”
“ငါ မင်းကို ပြမယ်။ မင်း မျက်လုံးကို ပြူးပြီး ကြည့်ထားနော်။ ငါ မင်းကို တစ်ခါပဲ ပြထားမှာ”
ထိုသို့ပြောပြီး လီယုံက ရှေ့သို့ ခပ်သုတ်သုတ် လှောက်လာကာ ကျောက်ဟုန်ယု၏ သီးသန့်နေရာအား ပြင်းထန်စွာ ကန်ကျောက်လိုက်သည်။
“အု …”
နာကျင်မှုကြောင့် ကျောက်ဟုန်ယု မျက်လုံးပြူးထွက်မတတ်ဖြစ်ကာ ပါးစပ်ဟလာပြီး နဖူးမှ သွေးကြောများ ထောင်လာရသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီးနောက် တုန်ယင်လာသည်။
လျူချွင်း အံ့ဩမိသွားသည်။ ကျေနပ်နေသော လီယုံကို ကြည့်ရင်း သူမ နောင်တရသလို ခံစားမိသွားသည်။ ယောကျ်ားတစ်ယောက်၏ သီးသန့်နေရာသည် အလွန် အဖိုးထိုက်တန်လှသည်ဟု ပြောကြသည်။ အခုတော့ အချည်းနှီး ဖြစ်သွားလေပြီ။ ကန်ချက်တစ်ချက်တည်းနှင့် ထိုအရာက ပျက်ဆီးသွားလေပြီ။ ပြန်ကုလို့ ရပါတော့မလားဟု သူမ တွေးမိသွားသည်။
ဟန်လူသည်လည်း မှင်တက်သွားသည်။ လီယုံက လက်ပါလာလိမ့်မည်ဟု သူမ မထင်မိပါ၊ မဟုတ်သေး၊ သူက ခြေထောက်နဲ့ လုပ်လိုက်တာပဲ။
ထို့အပြင် သူက ကျောက်ဟုန်ယု၏ သီးသန့်နေရာအား ခြေထောက်ဖြင့် ကန်ကျောက်ထားသေးသည်။ ဟန်လူ တက္ကသိုလ်တက်နေစဉ်က ဇီဝဗေဒအကြောင်း သင်ယူခဲ့ဖူးသဖြင့် ထိုနေရာက နုနယ်၍ ယောကျ်ားတစ်ယောက်အတွက် အလွန်အရေးပါကြောင်း သိထားသည်။
အကယ်၍ ကျောက်ဟုန်ယု၏ သီးသန့်နေရာကို လီယုံ ဖျက်ဆီးလိုက်ပါက ကျောက်မိသားစုက သူ့ကို ဘယ်တော့မှ အလွတ်ပေးတော့မည် မဟုတ်ချေ။ ကျောက်ဟုန်ယုကဲ့သို့သော ရမက်ကြီးသော ပေါ်ကြော့ လူချမ်းသာ တစ်ယောက်အတွက် သူ၏ သီးသန့်နေရာသည် သူ၏ ဘဝနှင့် ပျော်ရွှင်မှုကဲ့သို့ အရေးပါလှသည်။
ကျောက်ဟုန်ယု သတိလစ်နေစဉ်တွင် ဟန်လူက လီယုံထံသို့ ကပ်လာပြီး အေးတိအေးစက်ဖြင့် မေးလိုက်သည်။
“လီယုံ၊ သူ ဘယ်သူလဲ နင် သိလား”
“ကျုပ် သိပ်သိတာပေါ့။ သူက ကုန်းကုန်းလေ”
လီယုံက ပြုံးဖြဲဖြဲနှင့် ပြောလာသည်။ သူမထံမှ ကို ဟု အခေါ်ခံရခြင်းထက် နာမည်အခေါ်ခံရတာက သူ့အတွက် ထူးဆန်းသလို ခံစားရသည်။
“သူက ကျောက်မိသားစုရဲ့ တစ်ဦးတည်းသော သားပဲ။ တကယ်လို့ နင်က သူ့ကို ကုန်းကုန်းဖြစ်အောင် လုပ်လိုက်တာဆိုရင် သူ့မိသားစုက နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး”
ဟန်လူက အလေးအနက် ပြောလိုက်သည်။ လီယုံဘဝတော့ သွားချေပြီဟု သူမ ယုံကြည်သွားသဖြင့် သူမရင်၏ အနက်ရှိုင်းဆုံး တစ်နေရာ၌ လီယုံအတွက် စိုးရိမ်ပူပန်နေမိသည်။ သူမမိသားစုတောင်မှ ကျောက်မိသားစုနှင့် ရန်ဘက် မဖြစ်ရဲချေ။ လီယုံသည် ဆရာဝန်တစ်ယောက်သာ ဖြစ်သည်။ သူ့အပေါ် လက်စားချေရန် ကျောက်မိသားစုအတွက် လွယ်ကူလွန်းလှသည်။
လီယုံသည် သူမပြောတာကို မကြားသကဲ့သို့ မည်သို့မျှ မတုံ့ပြန်ပေ။ သူက ကိုယ်ကိုကိုင်း၍ ကျောက်ဟုန်ယုထံမှ ဖန်ပုလင်းကို ထုတ်ယူလိုက်ပြီး သေချာ ကြည့်လိုက်သည်။ ဒါက ဘာလဲဆိုတာကို သူ သေချာမသိသဖြင့် တစ်ယောက်တည်း တီးတိုး ရေရွတ်မိသည်။
“ဒါက တကယ်ပဲ ဖြေဆေးလား”
ဟန်လူသည်လည်း ဖန်ပုလင်းထံသို့ အာရုံရောက်နေသည်။ သူမ သေရမည်ကို မကြောက်သော်လည်း အသက်ရှင်ရန် အခွင့်အရေးရှိလျက်နှင့် သေရမည်ကို မလိုလားချေ။ သူမက ဖန်ပုလင်းကို လှမ်းယူလိုက်ပြီး ပုလင်းပေါ်၌ မည်သည့်နာမည်နှင့် အမှတ်တံဆိပ်မျှ မတပ်ထားသည်ကို သတိပြုမိသွားသည်။ ဒါက သာမန် ဖန်ပုလင်းတစ်ပုလင်းသာ ဖြစ်သည်။ သူမ တစ်ခဏမျှ တွေးကြည့်ပြီးနောက် ပြောလိုက်သည်။
“အရင် စမ်းသပ်ကြည့်ကြတာပေါ့။ လျူချွင်း၊ ဒါကို အဖိုးဆီ ယူသွားပေးပြီး ဒါက တကယ့်ဖြေဆေး ဟုတ်၊ မဟုတ် စစ်ဆေးပေးဖို့ အဘိုးကို ပြောပေးပါ”
“အင်း”
လျူချွင်းက ပုလင်းကိုယူလိုက်ပြီးနောက် လီယုံအား မျက်စိမှိတ်ပြကာ ချက်ချင်း ထွက်သွားသည်။ ထို့နောက် ဟန်လူက ယခုလေးတင် ထလာသည့် သက်တော်စောင့်နှစ်ယောက်ကို အမိန့်ပေးလိုက်သည်။
“မစ္စတာကျောက်ကို အိမ်လိုက်ပို့ပြီးတော့ ဒီမှာ ဖြစ်သွားခဲ့တာတွေကို ရှင်းပြလိုက်ပါ”
သတိလစ်နေ‌သော ကျောက်ဟိုင်ယုအား သက်တော်စောင့်နှစ်ယောက် ခေါ်ထုတ်သွားပြီးနောက် လီယုံနှင့် ဟန်လူတို့ ဧည့်ခန်းထဲသို့ ပြန်ဝင်လာသည်။
ဟန်လူက စာရွက်စာတမ်းများကို ပြန်ဖတ်နေသော်လည်း စိတ်မပါတော့ချေ။ သူမနှင့် မျက်နှာချင်းဆိုင် ထိုင်၍ လက်ဖက်ရည်ကြမ်းကို အေးအေးဆေးဆေး သောက်နေသော လီယုံအား လှမ်းကြည့်ရင်း ပြောလိုက်သည်။
“ဒီနေ့ကစပြီး ကျွန်မ အနားမှာနေ၊ ပြီးတော့ ကျောက်မိသားစု လက်တုံ့ပြန်လာမှာစိုးလို့ လျှောက်သွားမနေနဲ့ဦး”
“အင်း ချစ်ချစ်။ မင်းက သိပ်ချစ်ဖို့ကောင်းတာပဲ”
လီယုံက ပြုံး၍ ပြောလိုက်သည်။
“ဟွန့် ဘယ်သူက နင့်ချစ်ချစ်လဲ”
ဟန်လူက လီယုံ၏ မျက်နှာကို စာရွက်စာတမ်းများနှင့် ကောက်ပေါက်ချင်စိတ် ဝင်လာသည်။
“ငါက မင်းယောကျ်ားပါလို့ ပြောတာ မင်းလေ”
လီယုံက မျက်မှောင်ကြုတ်၍ သူမကို သတိပေးလိုက်သည်။
“ငါ … ငါ့မှာ ရွေးချယ်စရာ မရှိခဲ့လို့လေ”
ဟန်လူ မျက်နှာ နီမြန်းလာပြီး ရှက်သွားပုံ ရသည်။
“ငါ စိတ်မဆိုးပါဘူး။ မင်း ငါ့ကို အဲ့လို ဆက်ခေါ်လို့ရပါတယ်”
လီယုံက ရယ်၍ ပြောလိုက်သည်။ သူက အလွန် ရက်ရောတတ်သူကြီးကဲ့သို့ ပြုမူနေသည်။
“ဆုတောင်းနေလိုက်”
ဟန်လူက အံကိုကြိတ်၍ စာရွက်စာတမ်းများကို ဆက်ဖတ်နေလိုက်သည်။
ဘုန်း!
သို့သော် လီယုံက သူမဘေးနား လာထိုင်သဖြင့် သူမ လုံးဝ အာရုံစိုက်ရမတော့ချေ။ သူမ ဖတ်ထားပြီးသည့် စာလုံးများကို မေ့လာသလို နေရာမှား၍ လက်မှတ်ထိုးမိနေသည်။ သူမ အလုပ်ဆက်လုပ်လို့ မရတော့ချေ။
သူမ ခေါင်းမော့ကြည့်လိုက်သောအခါ လီယုံက သူမအား တပ်မက်သော အကြည့်များဖြင့် ကြည့်နေသည်ကို သူမ မြင်လိုက်ရသည်။
သူမက စာရွက်စာတမ်းများကို သူမပေါင်ပေါ် ပြန်ပစ်ချကာ တံခါးကို လက်ညှိုးထိုး၍ ဒေါသတကြီး ထအော်လာသည်။
“ထွက်သွား”
“ခုနက မင်းပဲ ငါ့ကို မင်းနဲ့နေဆို”
လီယုံက ဖြူစင်ချင်ယောင်ဆောင်၍ အထင်မှားခံရသလို ပြုမူလိုက်သည်။
“အခုတော့ သွားပါတော့”
ဟန်လူ စိတ်ထား နူးညံ့သွားကာ ချိုသာသော နည်းလမ်းဖြင့် ပြောလိုက်သည်။
“အင်းပါ ချစ်ချစ်ရယ်”
လီယုံက လက်ဘက်ရည်ခွက်ကို ပြန်ချထားပြီး တံခါးဆီသို့ လှမ်းသွားသည်။
“ကျွန်မကို ချစ်ချစ်လို့ မခေါ်နဲ့”
ဟန်လူ ထအော်လာသည်။ ထိုအသံကို ကြားပြီး လီယုံ ခပ်ဖွဖွ ပြုံးမိသည်။ အိမ်တော်၏ ခြံဝင်းအတွင်းသို့ ဆင်းလာပြီး အပြင်ထွက်သွားရန် ပြင်နေချိန်တွင် သူ့ကို လျူချွင်းက တားဆီးလာသည်။
“ယုံ ယုံ”
လီယုံ လှည့်ကြည့်လိုက်သောအခါ လျူချွင်းက အထုပ်တစ်ထုပ်ကို သယ်ထားသည်ကို သတိပြုမိသွားသည်။ သူမသည် သူမအခန်းထဲမှ ကလေးဆိုးလေး တစ်ယောက်သဖွယ် ပြေးလာနေသည်။ လီယုံသည် လျူချွင်းကို ပထမဆုံး တွေ့ခဲ့သည့်အချိန်ကို သတိရနေသေးသည်၊ ထိုစဉ်က သူမသည် ဟန်လူထက်ပင် အေးစက်၍ ထီမထင်ဟန်ပေါ်ကာ အခြားသူများကို သူမနား ကပ်မလာအောင် လုပ်ခဲ့သည်။
ထိုကဲ့သို့ ထီမထင်၍ အေးစက်သော အမျိုးသမီးထံ၌ ဤကဲ့သို့ အပြုအမူလည်း ရှိနေသေးတာကိုး။
“ယုံ နင် ငါ့ကို ပေးတဲ့ မနောကျင့်စဉ်က သိပ်ထိရောက်တာပဲ။ နင် မြင်လိုက်လား။ ငါ ကျောက်ဟုန်ယုကို ရိုက်နှက်လိုက်တုန်းက ငါ အရင်ကထက် ပိုပြီး အထင်ကြီးစရာ ကောင်းတယ်မလား”
လျူချွင်းက ပျော်မြူးနေသော လေသံဖြင့် ဆိုလာ၏။ သူမ အရင်က ဘယ်လောက် အထင်ကြီးစရာ ကောင်းလဲဆိုတာကို မသိသော်လည်း ခေါင်းညိတ်၍ ပြုံးကာ ပြန်မေးလိုက်သည်။
“မင်း ငါ့ကို ဘာကတိပေးခဲ့လဲဆိုတာ မှတ်မိသေးလား”
“ဘာကိုလဲ”
လျူချွင်းက တွေး၍ ပြန်မေးလိုက်သည်။
“မင်း အတွင်းအားကို ကျင့်ကြံနေသရွေ့ မင်း ငါ့ကို ကျေးဇူးပြန်ဆပ်မယ်လို့ ပြောခဲ့တယ်လေ”
လီယုံက မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်၊ မှန်တယ်လေ”
လျူချွင်း သူမ ပြောခဲ့သည့်စကားကို ပြန်အမှတ်ရသွားသည်။
“ပြောပါဦး မင်း ငါ့ကို ဘယ်လို ကျေးဇူးပြန်ဆပ်မလဲဆိုတာကို”
လီယုံက လျူချွင်း၏ ခန္ဓာကိုယ်ကို ကြည့်၍ ပြုံးစစဖြင့် မေးလိုက်သည်။

နတ်မျက်စိရှင် သမားတော် [Chapter 1-200]Where stories live. Discover now