Chapter 58

456 60 0
                                    

နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han Shin

စာစဉ် (4) CHAPTER (58) လေကိုခွင်း၍ အခြားသူများကို ထိခိုက်အောင်လုပ်ခြင်း
ထိုသို့သောအချိန်၌ အစိမ်းရောင် အရိပ်တစ်ခုက ဧည့်ခန်းထဲသို့ လှစ်ခနဲ ပြေးဝင်လာသည်။ နောက်ဆုံးတွင်မူ လျူချွင်းသည် လေ့ကျင့်နေရာမှ သတိဝင်လာပြီး ဟန်တုန်းထောင်ရှေ့၌ ဥက္ကာပျံကဲ့သို့ ရောက်ချလာသည်။
"တောင်းပန်ပါတယ် ဘော့စ်၊ ကျွန်မ နောက်ကျသွားတယ်"
အခြေအနေက အတော်လေး ပြင်းထန်နေသည်ကိုမြင်ပြီး လျူချွင်း အတော့်ကို စိတ်မကောင်း ဖြစ်မိသွားသည်။ လစာကောင်းကောင်း ပေးထားခြင်းခံရသော သက်တော်စောင့် တစ်ယောက်အနေဖြင့် သူမသည် အခြေအနေက ဤသို့မပြင်းထန်လာခင် အရာအားလုံးကို ပြုပြင်ထားသင့်သည်။
သို့သော် သူမ ထိုသို့ပြောပြီး လီယုံကိုလှမ်းကြည့်ကာ ဘာကြောင့် သူက ကိစ္စများကို ဒီအထိ ဖြစ်ခွင့်ပေးထားသလဲဆိုတာကို သိချင်မိသွားသည်။ သိုင်းပညာတွင် လီယုံက သူမထက် သာလွန်မှန်း သူမ ရှင်းလင်းစွာ သိထားပါသည်။
လီယုံက ပခုံးတွန့်ကာ ဟန်လူ၏လက်ကို ဆက်ကိုင်ထားသည်။
"မင်း ရောက်လာတဲ့အတွက် တော်သေးတာပေါ့"
ဟန်တုန်းထောင် ပျော်ရွှင်သွားရသည်။ လျူချွင်း ထွက်ပြေးသွားပြီဟု သူ ထင်ထားခဲ့မိသည်။
လျူချွင်းက ဘေးသို့ပြန်လှည့်၍ သက်တော်စောင့်များအား လှမ်းကြည့်ကာ စိတ်ထဲမှနေ၍ ရေတွက်နေမိသည်။ တပ်သားများကဲ့သို့ သက်တော်စောင့် အယောက်နှစ်ဆယ်ကျော် ရှိနေသည်။ လျူချွင်းသည် သူတို့အားလုံးကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်မရှိသော်လည်း သူမက ခက်ထန်စွာ ပြောလိုက်သည်။
"နင်တို့အားလုံး ထွက်သွားကြစမ်း"
သက်တော်စောင့်များက ဝါးလုံးကွဲမတတ် ရယ်မောလာကြသည်။ သူတို့၏ မျက်နှာထားများက လျူချွင်းကို ကြည့်နေချိန်တွင် ပြောင်စပ်စပ်နိုင်လှသည်။
*ဒါက မိန်းကလေးတစ်ယောက်ပဲလေ။ သူမက အခြားသူ အထင်ကြီးအောင် ဘာလို့ ဖြီးဖြန်းရဲရတာလဲ။ သူမက ပျားအုံကို တုတ်နဲ့ထိုးမိတာကို မကြောက်ဘူးလား*
"ဒါကို မြန်မြန်ရှင်းလိုက်တော့။ ငါ့မှာ အခြားလုပ်စရာတွေ ရှိသေးတယ်"
ကျောက်တကျိုးသည် လျူချွင်းနှင့် ပတ်သက်၍ ဘာကိုမျှ ဂရုမစိုက်သဖြင့် ချက်ချင်း လောဆော်လိုက်သည်။ ထို့နောက် သူက ရယ်သံနှင့် ထပ်၍ ကြုံးဝါးလိုက်သည်။
"ဟန်မိသားစုရဲ့ သမီးနှစ်ယောက်လုံးက ငါ့သားအပိုင်ပဲ။ မင်းတို့ ဆန္ဒရှိရင် အဲ့မိန်းမကို ယူလို့ရတယ်"
သံသယဖြစ်စရာမလိုလောက်အောင်ပင် ထိုစကားက သက်တော်စောင့်များ၏ တိုက်ခိုက်ချင်စိတ်ကို ချက်ချင်း တိုးပွားလာစေသည်။ ရှေ့နား၌ရပ်နေသော သက်တော်စောင့်နှစ်ယောက်က ညာသံပေး၍ လျူချွင်းထံသို့ စိုးရိမ်တကြီး ပြေးဝင်လာကြသည်။
"ဟဟ ... ကျုပ်ကို အရင်စမ်းခွင့်ပေးဗျို့"
"အတူတူ လုပ်ရအောင်လေ"
သက်တော်စောင့်နှစ်ယောက်က ရာဂစိတ်ပြင်းထန်သော အပြုံးမျိုး ပြုံးလာသည်။
"နင်တို့ကများ ငါ့ကို အသားယူချင်နေတယ်ပေါ့လေ။ နင်တို့တော့ အသေပဲမှတ်"
လျူချွင်း လှောင်ရယ်သံပြု၍ သူတို့နှစ်ယောက်လုံးကို ပြန်တိုက်ခိုက်လိုက်သည်။ သူမ တစ်ချက်ခုန်၍ ထိုသက်တော်စောင့်နှစ်ယောက်ကို ကန်ထုတ်လိုက်သည်။
တစ်ချက်တည်းနှင့် သူမက သက်တော်စောင့်နှစ်ယောက်ကို လဲကျသွားအောင် လုပ်လိုက်နိုင်သဖြင့် အခြား သက်တောင်စောင့်များ၏ အာရုံကို နိုးကြွသွားစေသည်။ ကျောက်တကျိုးတောင်မှ အံ့ဩသွားသည်။ သူ ချက်ချင်း ထအော်လိုက်သည်။
"သတိထားကြ၊ အဲ့အစိမ်းရောင်အဝတ်နဲ့ မိန်းမကို အရင်ချ"
ကျောက်တကျိုး ထအော်လိုက်သည်နှင့် နောက်ထပ် သက်တော်စောင့်လေးယောက်က ရှေ့သို့ တက်လာသည်။ ယခုအခါတွင်တော့ သူတို့ ရန်သူကို ပေါ့ပေါ့မတွေးရဲတော့ချေ၊ အားလုံးက သေချာဂရုတစိုက်နှင့် အာရုံစိုက်နေကြသည်။
ထိုအရာက လျူချွင်းအတွက်လည်း မလွယ်ပေ။ ချက်ချင်းဆိုသလိုပင် သူတို့၏ ဝန်းရံပိတ်ဆို့ခြင်းကို သူမ ခံလိုက်ရသည်။ သူမ သွက်လက်စွာ လှုပ်ရှားနိုင်သော်လည်း ဧည့်ခန်းက အလွန်ကျဉ်းလှသဖြင့် သူမစွမ်းရည်ကို အပြည့်အဝ အသုံးမချနိုင်ပေ။
"အွတ်"
ရုတ်တရက် လျူချွင်းက သက်တော်စောင့်တစ်ယောက်ကို လွင့်ထွက်သွားအောင် လုပ်လိုက်နိုင်သည်၊ သို့သော် နောက်ထပ် သက်တော်စောင့်နှစ်ယောက်က လျင်မြန်စွာ ပြေးဝင်လာသဖြင့် သူမ ပြန်မတိုက်ခိုက်နိုင်သလို ဖြစ်သွားရသည်။
လျူချွင်းက သူတို့ကို မကယ်နိုင်သည်ကို သတိထားမိပြီး ဟန်တုန်းထောင်က လက်ကိုဝှေ့၍ ထိခိုက်ထားသော သက်တော်စောင့်အား လှမ်းပြောလိုက်သည်။
"မင်း သွား ... သူတို့ကို နှင်ထုတ်လိုက်"
သို့သော် သက်တော်စောင့်များက ရပ်မြဲတိုင်း ရပ်နေပြီး တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်ရင်း ဘယ်သူမှ ရှေ့မတိုးလာကြချေ။
ဟန်တုန်းထောင်က အံကိုကြိတ်၍ ပြောလိုက်သည်။
"သွား ... တစ်ယောက်ကို ဘောနပ်စ် တစ်သန်းပေးမယ်"
ဆုလာဘ်က ယောကျာ်းသားများအား အန္တရာယ်တွင်း၌ ရဲရင့်လာအောင် ဆွဲဆောင်နိုင်သည်။ ထင်သည့်အတိုင်းပင် သက်တော်စောင့်များက ဒဏ်ရာရထားသော်လည်း တစ်ယောက်ကိုတစ်ယောက် အားပေး၍ ဘောနပ်စ်တစ်သန်းအတွက် ရှေ့သို့ တက်လာကြ၏။
မကြာခင်မှာပင် ဧည့်ခန်းတွင်း၌ တိုက်ပွဲဖြစ်သံများ ထွက်ပေါ်လာသည်။
သို့သော် ကျောက်တကျိုးက လျူချွင်းကဲ့သို့သော သက်တော်စောင့်များစွာကို ခေါ်လာခဲ့သဖြင့် ဟန်မိသားစု၏ သက်တော်စောင့်များသည် ကျောက်တကျိုး၏ သက်တော်စောင့်များ ဝိုင်းရံထားခြင်းကို ခံရပြီး လဲကျသွားကာ နောက်ထပ် ပြန်မထရဲတော့ချေ။
"အ"
ထိုသို့သောအချိန်၌ လျူချွင်းသည် ကျောနောက်ဘက်မှ သက်တော်စောင့်တစ်ယောက်၏ ထိုးနှက်ခြင်းကို ခံလိုက်ရပြီး ယိမ်းယိုင်သွားကာ လဲကျမလို ဖြစ်သွားသည်။ သူမ လဲမကျသွားအောင် ထိန်းလိုက်နိုင်သော်လည်း အခြားသက်တော်စောင့်များက သူမထံ ထပ်ဝိုင်းလာကြပြီး သူမ အန္တရာယ်တောထဲ ကျရောက်သလို ဖြစ်သွားလေသည်။
"ယုံ နင် ဘယ်တော့မှ လာကူမှာလဲ"
လျူချွင်းသည် ရုတ်တရက် လီယုံဘက် လှည့်ကြည့်ကာ ဒေါသထွက်နေသော မျက်လုံးများဖြင့် ထအော်လေတော့သည်။
"ငါက ဆရာဝန်လေ၊ သက်တော်စောင့်တစ်ယောက်မှ မဟုတ်တာ"
လီယုံက စိတ်မကောင်းသလို ပြောလာသည်။
"ငါ အခြားသူတွေရဲ့တာဝန်ကို အပိုလုပ်ပြီး ဝင်ရှုပ်လို့ မကောင်းဘူးလေ၊ တကယ်လို့ ငါက အခြားသူတွေကို မတော်တဆ ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့မိရင် ငါ့အတွက် ပြဿနာ တက်လာနိုင်တာပေါ့"
"ယုံ နင် ..."
လျူချွင်း အလွန် စိတ်ပျက်သွားသည်။
ဘယ်လိုအကြောင်းပြချက်ကြီးပါလိမ့်။
အကယ်၍ လီယုံသာ ပြဿနာရှာမိမည်ကို ကြောက်နေပါက သူသည် ဝူမိသားစု၏ ဝမ့်ဟိုင် ချောက်ကမ်းပါး ဟိုတယ်သို့သွား၍ ပြဿနာ ရှာမည်မဟုတ်သလို မနေ့ညက အမျိုးသမီး လူသတ်သမားနှင့် ဘယ်သောအခါမှ တိုက်ခိုက်လိမ့်မည် မဟုတ်ပါ။
"မင်း တိုက်ခိုက်နေတာကိုသာ ဂရုစိုက်စမ်းပါ။ အာရုံစိုက်ထား"
လျူချွင်းတစ်ယောက် သက်တော်စောင့်၏ ထိုးနှက်ခြင်းအား ခံရလုနီးပါး ဖြစ်နေသည်ကို မြင်ပြီး လီယုံ သူမကို လှမ်းသတိပေးလိုက်သည်။
ဟန်လူနှင့် ဟန်ဖေးတို့ နှစ်ယောက်လုံး လီယုံ တိုက်ခိုက်နိုင်မှန်း မသိကြချေ။ သူတို့စိတ်ထဲတွင် လီယုံသည် ထူးချွန်သော ဆေးပညာရှိသည့် ဆရာဝန်တစ်ယောက်သာ ဖြစ်သည်။ အခြားသူများနှင့် တိုက်ခိုက်ရသည်ကို နှစ်သက်သော ဆရာဝန်တစ်ယောက်ကို သူတို့ ဘယ်သောအခါမှ မမြင်ခဲ့ဖူးပါ။
ဟန်တုန်းထောင်တောင်မှ မယုံကြည်ပေ။ သူသည် လက်ကိုဆန့်၍ လီယုံ၊ ဟန်လူနှင့် ဟန်ဖေးတို့ရှေ့၌ ကာရပ်လိုက်ပြီး အခြားရွေးချယ်စရာ မရှိတော့သဖြင့် ဤသို့ ပြောလိုက်သည်။
"ဒေါက်တာလီ ဒီလိုဆိုရင်တော့ ကျုပ်မိသားစုက မင်းဆီ ပြဿနာတွေ သယ်လာမိတော့မှာပဲ။ ဒါက ဘယ်လိုဖြစ်သွားသွား မင်း ဟန်လူကို ဆက်ပြီးကူညီပေးပါ့မယ်လို့ ကျုပ်ကို ကတိပေးပါ။ လူက ကျောက်ဟုန်ယုနှင့် လက်ထပ်လိုက်ရတယ်ဆိုရင်တောင်မှ ကျေးဇူးပြုပြီး လက်မလျှော့လိုက်ပါနဲ့၊ ဟုတ်ပြီလား"
လီယုံက ယခင်က ဟန်တုန်းထောင် သူ့ပခုံးကို ပုတ်သကဲ့သို့ ဟန်တုန်းထောင်၏ ပခုံးကို ပြန်ပုတ်လိုက်ပြီး ပြောလိုက်သည်။
"အဖေ လူက ကျွန်တော့မိန်းမပါ။ ဘယ်သူမှ သူ့ကို ကျွန်တော့်ဆီကနေ အဝေးကို ခေါ်မသွားနိုင်ပါဘူး"
ဤကဲ့သို့သော အခြေအနေ၌ အဘယ်ကြောင့် လီယုံ ထိုသို့ပြောရဲသည့် သတ္တိရှိနေသည်ကို နားမလည်သောကြောင့် ဟန်သားအဖေတို့က လီယုံကို ဝိုင်းကြည့်နေရသည်။
လီယုံက ပြုံး၍ ဟန်တုန်းထောင်၏ ပခုံးကို ထပ်ပုတ်ကာ ပြောလိုက်သည်။
"စောင့်ကြည့်နေပါ။ ကျွန်တော်က ဆရာဝန်တစ်ယောက် ဖြစ်ပင်မယ့်လည်း ကျွန်တော်က တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်ပါတယ်။ အဲ့မျိုးမစစ်ကောင်တွေက တိုက်ခိုက်ရဲမှ‌တော့ ကျွန်တော်က သူမကို ပြန်ပေးဆပ်ခိုင်းရမှာပေါ့"
ထိုသို့ပြောပြီး လီယုံက သူ့ရှေ့၌ ရပ်နေသော ဟန်တုန်းထောင်အား ဘေးသို့တွန်း၍ ရှေ့သို့ ဦးတည်သွားသည်။
သိပ်သန်မာပုံမရသော လီယုံ၏ ပခုံးနှစ်ဘက်ကို ကြည့်ပြီး ဟန်မိသားစုသည် ရုတ်တရက် သူ့အပေါ် ယုံကြည်လာသည်။
"ဟေး မင်း အခု နားလို့ရပြီ"
လီယုံက လျူချွင်းကို လှမ်းအော်ပြောလိုက်သည်။ သူမက အသက်ခြောက်ဆယ်ကျော်ပြီးပြီမို့ လီယုံ သူမကို ဘယ်လိုခေါ်ရမလဲ မသိသောကြောင့် 'ဟေး' ဟု လှမ်းခေါ်လိုက်ခြင်း ဖြစ်သည်။
လီယုံ တိုက်ခိုက်လာတော့မည်ကို မြင်ပြီး လျူချွင်း ဝမ်းသာသွားပြီး ကမန်းကတမ်း နောက်ဆုတ်လိုက်ပြီး လီယုံနောက်၌ ဝင်ပုန်းလိုက်သည်။ ထို့အပြင် သူမသည် ဟောဟဲလိုက်နေသော အသံဖြင့် ပြောလိုက်သည်။
"ယုံ သူတို့ အတူတိုက်တဲ့အချိန်ဆို တအား ခြိမ်းခြောက်နိုင်တယ်။ သတိထားဦး"
"ဟေ့ကောင် သွားစမ်းကွာ"
သက်တော်စောင့် ငါးယောက်လုံး တစ်ပြိုင်နက်တည်း ရှေ့တက်လာသည်။
"အသေပဲမှတ်"
"သူ့ကို အမှောက်သိပ်ကြဟေ့"
သက်တော်စောင့်များက တိုက်ပွဲကြောင့် စိတ်လှုပ်ရှားလာပြီး လီယုံထံသို့ တန်း၍ ပြေးဝင်လာကြသည်။
လီယုံ နှာချေလိုက်သဖြင့် နှပ်ရည်များက သက်တော်စောင့်တစ်ယောက်၏ မျက်နှာသို့ သွားစင်သည်။ ထို့နောက် သူ တစ်ချက်ခုန်လိုက်သည်။ သူ၏ ခန္ဓာကိုယ်သည် ပျံသန်းလာသော ကျည်ဆံကဲ့သို့ ရှေ့သို့တိုးဝင်သွား၏။ မကြာခင်မှာပင် ဧည့်ခန်းတွင်း၌ အော်ဟစ်သံများ ပျံ့နှံ့လို့လာသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သက်တော်စောင့်ငါးယောက်သည် လီယုံကြောင့် လဲကျ သွားလေတော့သည်။
"ဝိုး ...ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"သေစမ်း သူ ဘယ်လိုလုပ်လိုက်တာလဲ"
"အဲ့လူငါးယောက်က ချီတုံချတုံ ဖြစ်နေတာလား"
ကျောက်တကျိုး၏ အခြားသက်တော်စောင့်များက သူတို့ မြင်နေရသည်များကို မယုံနိုင်ဟန်ဖြင့် တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောနေကြသည်။ သူတို့ထဲက မည်သူမျှ လီယုံ၏ လှုပ်ရှားမှုကို ရှင်းလင်းစွာ မမြင်လိုက်ကြချေ။
ကျောက်တကျိုးနှင့် ကျောက်ဟုန်ယုတို့သည် မျက်လုံးအပြူးသားနှင့် လီယုံကို စိုက်ကြည့်နေရင်း ဆွံ့အလို့နေကြ၏။
"လီယုံ"
ဟန်လူ စိတ်လှုပ်ရှားစွာ ခေါ်လိုက်မိသည်။
"ခဲအို"
ဟန်ဖေးသည်လည်း ခုန်ပေါက်လျက် အားပေးလာသည်။
"ဒေါက်တာလီ"
ပါးစပ်အဟောင်းသားနှင့် အံ့ဩနေသော ဟန်တုန်းထောင်သည် စိတ်လှုပ်ရှားပြီး ပျော်ရွှင်လို့လာသည်။ သူသည် စစ်သည်တော်တစ်ယောက်ကဲ့သို့ လက်ကိုဝှေ့ယမ်း၍ ရှေ့သို့ပြေးတက်လာသည်။ သို့သော် သူ ထပ်ပြောလိုက်သည်က
"ငါ့ရဲ့ လိမ္မာတဲ့ သားမက်လေး"
လျူချွင်းတစ်ယောက်တည်းသာ ပြုံး၍ နူးညံ့သော လေသံဖြင့် ချီးကျူးလိုက်သည်။
"ယုံ တကယ်ကို အထင်ကြီးလောက်စရာပဲ"
လီယုံက သူ့လက်နှင့်ခြေထောက်တို့ကို ပြန်ကြည့်ရင်း အတော်လေး အံ့ဩနေသည်။ မနောကျင့်စဉ်၏ စတုတ္ထအဆင့်ကို လေ့ကျင့်ပြီးနောက် သူ ဒီလောက် သန်မာလာလိမ့်မည်ဟု မမျှော်လင့်ထားမိပါ။
သူ ထိုသက်တော်စောင့်ငါးယောက်ကို အနိုင်ယူနိုင်မှန်း သိသော်လည်း ဒီလောက် မြန်ဆန်၊ ဖျတ်လက်စွာ လုပ်နိုင်လိမ့်မည်ဟု ထင်မထားမိပေ။ သူ တစ်ယောက်ကို လက်သီးတစ်ချက် သို့မဟုတ် ကန်ချက်တစ်ချက်တည်းဖြင့် လဲကျသွားလုနီးပါး ဖြစ်အောင် လုပ်နိုင်နေသည်။
ထို့အပြင် သူ့ကြောင့် လဲကျသွားသော သက်တော်စောင့်များသည် ကြမ်းပြင်ပေါ် မှောက်နေပြီး နောက်တစ်ခါ ပြန်မထနိုင်တော့ချေ။ သူ့ကို ထိလိုက်သည့် မည်သူမဆိုကို လဲကျ၍ နောက်တစ်ခါ ပြန်မထနိုင်အောင် လုပ်နိုင်နေသဖြင့် သူ့၌ မှော်ပညာရှိနေသလို ထင်ရသည်။
လီယုံ သူတို့ကို သေသည်အထိ ရိုက်နှက်မိသွားမည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် တစ်ယောက်ချင်းစီကို သူ၏ ဒိဗ္ဗစက္ခု အမြင်အာရုံဖြင့် စစ်ဆေးလိုက်သည်။ ထိုသက်တော်စောင့် ငါးယောက်လုံး အသက်အန္တရာယ် မရှိဘဲ အရိုးကျိုးရုံလောက်သာ ဖြစ်သွားသဖြင့် တော်ပါသေး၏။
သူ၏ သာမန် လက်သီးချက် သို့မဟုတ် ကန်ချက်က တစ်စုံတစ်ယောက်၏ အရိုးကို ကျိုးသွားစေနေသည်။ မနောကျင့်စဉ်၏ စတုတ္ထအဆင့်က မည်မျှအင်အားကြီးမားကြောင်း သူ ခံစားမိသွားသည်။ သူ၏ အစွမ်းအစက တစ်ဆမက ပိုတိုးလာပုံရသည်။
အကယ်၍ သူ ပဥ္စမအဆင့်နှင့် ဆဋ္ဌမအဆင့်တို့ကို လေ့ကျင့်ပြီးသွားပါက။
"ဟားဟားဟား ...."
သူ မနေနိုင်ဘဲ ဟားတိုက်ရယ်မောလိုက်မိသည်။
ထိုစဉ် ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်နေသဖြင့် သူ့ရယ်သံက ထူးဆန်းသလို ဖြစ်ပြီး လူတိုင်း မှင်တက်သွားကြသည်။
"ဆက်လုပ်ကြ၊ သူ့ကို သေအောင်ရိုက်နှက်ကြ"
ကျောက်တကျိုးက အရင်အသိစိတ် ဝင်လာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
ကျောက်တကျိုးနှင့် ကျောက်ဟုန်ယုတို့၏ နောက်မှ သက်တော်စောင့်လေးယောက်က လွဲ၍ ကျန်သက်တော်စောင့် ကိုးယောက်လုံးက လီယုံကို ဝိုင်းထားကြသည်။ တစ်ယောက်က ညာသံပေးလိုက်သည်နှင့် အခြားသူများက ဓားကိုဆွဲထုတ်၍ လီယုံထံသို့ ပြေးဝင်လာကြသည်။
"လီယုံ သတိထား"
ဟန်လူ စိုးရိမ်တကြီး ထအော်လိုက်သည်။
"ခဲအို ဆော်ပစ်လိုက်"
ဟန်ဖေးက လုံးဝကို တုန်လှုပ်မနေဘဲ စိတ်လှုပ်ရှား တက်ကြွနေပုံရသည်။
"လျူချွင်း သူ့ကိုသွားကူလိုက်"
ဟန်တုန်းထောင်သည် လျူချွင်းထံသို့ ခပ်သွက်သွက် လျှောက်လာပြီး အမိန့်ပေးလိုက်သည်။
"ဘော့စ် ... ဘော့စ် နားမလည်ပါဘူး။ ကျွန်မ အဲ့ကိုသွားရင်တောင်မှ သူ့ကို ကူညီနိုင်မှာ မဟုတ်ဘူး။ အဲ့အစား သူ့ကို နှောင့်ယှက်သလိုတောင် ဖြစ်သွားမှာ။ အဲ့လူမိုက်တွေက ယုံကို မယှဉ်နိုင်ပါဘူး။ ဘော့စ် စိတ်ချလက်ချ နေပါ။ ယုံ အဆင်ပြေသွားမှာပါ"
လျူချွင်း အေးအေးဆေးဆေး ပြောလိုက်သည်။
သူမ စကားပြောလို့ပြီးသွားသည်နှင့် လီယုံ၏ တိုက်ပွဲကလည်း ပြီးသွားလေသည်။ လီယုံသည် လက်နှစ်ဘက်၌ ဖုန်ကပ်နေသကဲ့သို့ သူ့လက်နှစ်ဘက်ကို ခပ်ဖွဖွပုတ်လိုက်သည်။
လျူချွင်းက သူ့ကို လက်ညှိုးထိုး၍ ပြုံးကာ ပြောလိုက်သည်။
"ဘော့စ် ကြည့်ပါဦး။ ယုံက ဆေးပညာထက် သိုင်းပညာတောင်မှ ပိုတော်နေသေးတယ်"
ဟန်တုန်းထောင်သည် လီယုံ၏ အစွမ်းအစကြောင့် ထပ်မံ၍ မှင်တက်သွားပြန်သည်။
*သက်တော်စောင့် ကိုးယောက်တောင်လေ။ ပြီးတော့ သူတို့က ကျောက်တကျိုး ဈေးကြီးပေးပြီး ငှားထားတဲ့သူတွေလေ။ လမ်းပေါ်က လူမိုက်တွေတောင် သူတို့နဲ့ မယှဉ်နိုင်တာ။ ဒါပေမယ့် သူတို့ကို လီယုံက မျက်တော်တစ်ခတ်အတွင်း အသာလေး အမှောက်သိပ်ပစ်လိုက်တာလား*
ယခုအချိန်တွင် လီယုံက သူ့လက်သီးသူ ကြည့်ရင်း တစ်ခုခုကို တစိမ့်စိမ့် ချင့်ချိန်နေပုံပေါ်သည်။
သူ ရှစ်ယောက်မြောက် သက်တော်စောင့်ကို လဲကျအောင်လုပ်ပြီး ကိုးယောက်မြောက်လူကို တိုက်ခိုက်တော့မည့်အချိန်တွင် ထိုလူက တိုက်ခိုက်မခံရခင်မှာပင် ရင်ညွန့်ရိုးကျိုးသွားသကဲ့သို့ သူ့ရင်ဘတ်ကို လက်ဖြင့်အုပ်၍ လဲကျသွားသည်။
*ငါ့မှာ တကယ်ပဲ လေကိုခွင်းပြီးတော့ အခြားသူကို ထိခိုက်အောင် လုပ်နိုင်တဲ့အရည်အချင်း ရှိနေပြီလား*
သူ့မှတ်ဉာဏ်ထဲအရဆိုလျင် အသက်သွင်းကျင့်စဉ်၏ ဆဋ္ဌမမြောက်အဆင့်ကို လေ့ကျင့်ပြီးမှသာလျင် လေကိုခွင်း၍ အခြားသူများကို ထိခိုက်အောင် လုပ်နိုင်သည့် အရည်အချင်းကို ရလာမည် ဖြစ်သည်။
နောက်ထပ် ကျန်နေသောအဆင့်လေးဆင့်ကိုတော့ သူ လုံးဝတွေးမရချေ။

နတ်မျက်စိရှင် သမားတော် [Chapter 1-200]Where stories live. Discover now