Chapter 78

424 55 0
                                    

နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han Shin

စာစဉ် (6) CHAPTER (78) ဘုရားရှင်က ငါ့ကို ပစ်မထားဘူးပဲ
ဆယ်နာရီကျော်မျှ မောင်းပြီးနောက် လီယုံသည် ဟွာရှ၏ မြို့တော်သို့ ရောက်လာခဲ့သည်။ ၎င်းသည် စည်ပင်သာယာသော မြို့တော်ကြီးတစ်ခု ဖြစ်၏။ ဟွာရှ၏ လျင်မြန်သော တိုးတက်မှုနှင့်အတူ မြို့တော်၏ အရွယ်အစားသည် ကမ္ဘာပေါ်ရှိ အကြီးဆုံးမြို့အဆင့်များ၌ အဆင့်ငါးသို့ ချိတ်လာခဲ့သည်။ မြို့တော်ထဲတွင် မိသားစုကြီးများစွာ ရှိပြီး၊ ချမ်းသာ၍ အင်အားကြီးသော မိသားစုများ၊ မြင့်မြတ်သော မိသားစုများနှင့် ရှည်လျားသော သမိုင်းကြောင်းများ ရှိသည့် ရှေးခေတ်မိသားစုများလည်း ရှိလေ၏။
လီမိသားစုသည် မြင့်မြတ်သော မိသားစုတစ်ခု ဖြစ်သည်။ လီယုံသည် လီမိသားစု၏ မျိုးနွယ်ဝင်များကို မေးမြန်းရင်း သူ့မိသားစု၏နောက်ခံကို သိရှိရန် ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူ့၌ လီမိသားစု၏ ဘိုးစဉ်ဘောင်ဆက် အမွေပစ္စည်း ရှိနေသဖြင့် သူသည် လီမိသားစုနှင့် တစ်ခုခုပတ်သက်မှု ရှိကိုရှိပေလိမ့်မည်။
ယခုအချိန်တွင် လီယုံသည် ဝူယွိထင်၏ သတိပေးစကားနှင့် ရှေးဆိုရိုးတစ်ခုဖြစ်သော 'အရည်အချင်းက ဘေးအန္တရာယ်ကို ယူဆောင်လာနိုင်' ဟူသည့် ဆိုရိုးစကားကို မေ့နေ၏။
လီယုံတွင် သူ့မိသားစုနှင့် ပတ်သက်သည့် မှန်းဆချက်များစွာ ရှိနေပြီး ထိုမှန်းဆချက်များက သူ့အား အချိန်တိုင်း စိတ်လှုပ်ရှား၍ ဝမ်းနည်းအောင် ပြုလုပ်နေလေသည်။
လာလမ်းတစ်လျှောက်တွင် မည်သည့်ခံစားချက်က သူ့ကို ရစ်ပတ်ထားပါစေ၊ လီယုံ၏ရင်ထဲ၌ မျှော်လင့်ချက်များနှင့် ပြည့်နှက်လို့နေ၏။ လီမိသားစု၏ မျိုးနွယ်ဝင်များနှင့် သူ တွေ့ခွင့်ရသရွေ့ သူ့မိသားစု နောက်ကြောင်းက လမ်းစရလာလိမ့်မည်ဟု သူ ခံစားနေမိသည်။
သူ့မိဘများက မည်သည့်ပုံပန်းသဏ္ဌာန်ရှိသလဲဆိုတာကို လီယုံ သိချင်စိတ် ပြင်းပြနေ၏။
သို့သော် လီယုံ မြို့တော်၏ အမြန်လမ်းမကြီးပေါ်သို့ သွားရန် ပြင်လိုက်ချိန်တွင် လမ်းတစ်ဘက်စီမှနေ၍ အနက်ရောင် ကားနှစ်စီးက သူ့အား ပိတ်ဆို့လာသည်။
ထိုကားနှစ်စီးက သူ့အား အချိန်အတော်ကြာ နောက်ယောင်ခံလိုက်နေခဲ့သည်ကို လီယုံ မသိချေ။ သူ အခြားသို့ အာရုံရောက်နေသဖြင့် ထိုကားများက အဘယ်ကြောင့် သူ့ကို တားဆီးမှန်း သူ မသိပေ။ သူ ဓားပြနှင့် ကြုံနေရသည်ဟု တွေးလိုက်မိသည်၊ သို့သော် သာမန်ဓားပြများကို သူ မကြောက်ပါ။
လီယုံသည် ကားဟွန်းကို ဆက်တိုက်ဟွန်းတီးနေပြီး ထိုကားများ လွင့်ထွက်သွားအောင် ဝင်တိုက်ပစ်ချင်စိတ် ပေါက်နေသည်။ သို့သော် အဝေးသို့ ထွက်သွားရမည့်အစားနေကာမျက်မှန်တပ်၍ ဝတ်စုံပြည့် ဝတ်ထားသည့် လူသန်ကြီးနှစ်ယောက် ဆင်းလာသည်။ သူတို့က လီယုံ၏ ကားပြတင်းမှန်ကို ဒေါသတကြီး ခေါက်၍ လီယုံအား ကားပေါ်မှဆင်းလာရန် အချက်ပြနေသည်။
သူတို့က သူ့ကို အမှန်တကယ် ပြဿနာရှာချင်နေမှန်း သိလိုက်ပြီးနောက် လီယုံက လှောင်ရယ်သံပြု၍ ကားပေါ်မှ ဆင်းလိုက်သည်။ လီယုံ ဒေါသတကြီး ထအော်လိုက်သည်။
"မင်းတို့ ဘာလိုချင်တာလဲ။ မင်းတို့ ဘာလို့ ငါ့ကို မတားတာလဲ"
"မင်းက လီယုံလား"
သူတို့ထဲမှ တစ်ယောက်က မေးလာသည်။
"ဟုတ်တယ်၊ ငါက လီယုံပဲ"
လီယုံသည် သူ့နာမည်ကို မလိမ်ထားသဖြင့် ချက်ချင်း ဝန်ခံလိုက်သည်။ သို့သော် ထိုလူက သူ့နာမည်အား တန်း၍ခေါ်လာသဖြင့် သူ့စိတ်ထဲ၌ မသိမသာ အံ့ဩမိသွားသည်။
*ကြည့်ရတာ သူတို့က သာမန်ဓားပြတွေ မဟုတ်ဘူးထင်တယ်*
"ဒီကိုမလာနဲ့၊ ဒါ မင်းနေရာမဟုတ်ဘူး"
လူသန်ကြီးတစ်ယောက် မောက်မာစွာဖြင့် လီယုံကို ထွက်သွားရန် လက်ဟန်ပြလာသည်။
လီယုံ ဒေါသထွက်သွားသည်။ ထိုလူများကို သူ မသိပေ။ အဘယ်ကြောင့် ထိုလူများက သူ့ကို မောင်းထုတ်ချင်နေရသနည်း။ မြို့တော်က သူတို့ပိုင်နက်မို့လို့လား။ ဒါမှမဟုတ် သူတို့ကို အခြားသူတွေက ညွှန်ကြားထားလို့များလား။
ထိုလူများသည် အလွန်မုန်းတီးစရာ ကောင်းလှသည်။ လီယုံ တစ်ခဏမျှ တွေးတောနေပြီးနောက် သူတို့အား အကြောင်းရင်းကို မေးမည်ဟု ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် လီယုံက လှောင်ရယ်သံနှင့် ပြန်မေးလိုက်သည်။
"မင်းတို့က ဘယ်သူလဲ။ ဘာလို့ ငါ့ကို နှင်ထုတ်တာလဲ"
"မင်း မသွားရင် ငါတို့ မင်းကားကို ဖျက်ဆီးပစ်မယ်"
လီယုံ၏မေးခွန်းကို ဖြေရမည့်အစား လူသန်ကြီးတစ်ယောက်က လမ်းဘေးမှ အုတ်ခဲတစ်ခုကို ငုံ့ကောက်၍ လီယုံ၏ကားကို ပစ်ပေါက်ရန် ပြင်လာသည်။
သူတို့အား သူ၏ပစ္စည်းကို ဖျက်ဆီးခွင့် သူ မပေးနိုင်ပါ။ ကားက တန်ဖိုးမကြီးသော်လည်း သူ၏ ကိုယ်ပိုင်ပစ္စည်း ဖြစ်သည်။ သူ တိုက်ခိုက်ရမည်ဆိုမှတော့ ထိုလူများ သူ့ကားကို အပေါက်ဖြစ်အောင် လုပ်သည်ကို သူ စောင့်မနေနိုင်ပါ။
ထိုလူသန်ကြီးက အုတ်ခဲကိုမြှောက်၍ ကားအား ကောက်ပေါက်ရန် ပြင်လာချိန်တွင် လီယုံက ထိုလူရှေ့ ခုန်ဝင်၍ သူ့အား ထိုးနှက်လိုက်သည်။ ထိုလူသည် စူးစူးဝါးဝါး အော်လိုက်မိပြီးနောက် လမ်းဘေးရှိ မြောင်းထဲသို့ ပြုတ်ကျသွားသည်။
ထိုလူသည် လီယုံ ထိုးလိုက်သည့် သူ့မျက်နှာကိုလည်း အုပ်ထားသည်။ သူ ဆက်၍ အော်နေမိပြီး တစ်ခဏမျှ မတ်တပ်မရပ်နိုင်ချေ။
အခြားလူတစ်ယောက်က လှုပ်ရှားလာသည်။ သူသည် ရုတ်တရက် ဓားမြှောင်ကို ဆွဲထုတ်၍ လီယုံကို ချက်ချင်း ဓားနှင့်ထိုးလာ၏။
လီယုံ၏မျက်လုံးထဲတွင် ထိုလူသည် လမ်းလျှောက်တတ်ကာစ ကလေးတစ်ယောက် သာသာပင်။ လူသန် အယောက်တစ်ရာတောင်မှ လီယုံတစ်ယောက်တည်းကို တိုက်ခိုက်ရန် မလုံလောက်ပေ။ လီယုံ ခြေထောက်ကို ပင့်၍ ထိုလူအား ကန်ကျောက်လိုက်သည်။ သူ၏ ခြေထောက်နှင့် ခြေဖဝါးများက မြန်ဆန်လွန်းလှသည်။ လီယုံသည် လေတိုးသံကိုတောင်မှ ကြားနေရ၏။
ဝုန်းခနဲအသံနှင့်အတူ ထိုလူသန်ကြီး၏ ရင်ဘတ်၌ ခြေဖဝါးရာက အထင်းသား အရာထင်သွားသည်။ သူ့ခန္ဓာကိုယ်က နောက်သို့ လွင့်ထွက်သွားပြီး သူ့ကိုယ်ပေါ်မှ ဖုန်မှုန့်များပါ လွင့်မြောလာသည်။ ထို့နောက် သူသည် ကားအောက်သို့ ပြန်ပြုတ်ကျသွားပြီးနောက် ဖုန်မှုန့်များ ပို၍ထလာသည်။
လီယုံက ရှေ့သို့လှမ်းလာပြီး အေးစက်စက် မေးလိုက်သည်။
"မင်းတို့ ဘာလို့ ငါ့ကို တားတာလဲ။ မင်းတို့က ဘယ်သူလဲ။ မင်းတို့ကို ဘယ်သူ အမိန့်ပေးလိုက်တာလဲ"
ထိုလူသန်ကြီးသည် လှောင်သံပြု၍ ပါးစပ်ထောင့်မှ သွေးကိုထွေးထုတ်ပြီး လီယုံ၏အမေးကို ပြန်မဖြေချေ။
ထိုအချိန်တွင် လီယုံ ရင်ထဲတင်းကြပ်လာပြီး အလွန်ကြီးမားသော အန္တရာယ်ကို ရုတ်တရက် သတိပြုလိုက်မိသည်။ သူ ခေါင်းမော့၍ အရှေ့မှ ပိတ်ရပ်ထားသော ကားနှစ်စီးကို လှမ်းကြည့်လိုက်ချိန်တွင် ပွင့်နေသော ကားပြတင်းပေါက်မှ နက်မှောင်နေသော သေနတ်ပြောင်းဝကို မြင်လိုက်ရသည်။
သေနတ်နှစ်ခုလုံးက လီယုံကို ပြိုင်တူချိန်ထားကြသဖြင့် အန္တရာယ်အရိပ်အငွေ့ကို ထုတ်လွှတ်နေ၏။ နတ်ဆိုးတစ်ကောင်က အစာကို ရှာတွေ့သွားသလိုပင်။
လီယုံ ချက်ချင်း ခေါင်းမွေးထောင်သွားရသည်။ ထိုသေနတ်များက အစစ်မှန်း သူ သိပါသည်။ သေနတ်အစစ်များသာလျင် သူ့အား ရင်တုန်ပန်းတုန် ဖြစ်အောင်လုပ်နိုင်သည်။ သေမင်းနတ်ဘုရားရှေ့ လမ်းလျှောက်နေရသလို သူ ခံစားမိသည်၊ သေမင်းနတ်ဘုရားကသာ သူ့လက်ညှိုးကို ကွေးလိုက်ပါက သူ သေသွားလိမ့်မည်။
လီယုံသည် အစက ထိုလူသန်၏ ရင်ဘတ်ကိုနင်း၍ သူ့ကိုနှိပ်စက်ကာ သူ သိချင်တာကို မေးရန် ဖိအားပေးချင်ခဲ့သည်။ သို့သော် သေနတ်ပြောင်းဝနှင့် ရင်ဆိုင်နေရသဖြင့် လီယုံ ချက်ချင်း ကိုယ်ကိုမတ်လိုက်ပြီး အလျင်စလို မပြုမူရဲတော့ပေ။
ကား၏ကိုယ်ထည်ကို ဖြတ်ကြည့်လိုက်သောအခါ ကားတစ်စီးစီ၌ လူသန်ကြီးနှစ်ယောက် ထိုင်နေသည်ကို သူ သေချာမြင်လိုက်ရသည်။ သူတို့၏ စွမ်းရည်သည် သူ ယခုလေးတင် အမှောက်သိပ်လိုက်သည့် လူနှစ်ယောက်ထပ် ပို၍ကောင်းမွန်မှန်း သိသာလှသည်။
"ပြန်တော့၊ မြို့တော်ကို နောက်တစ်ခါ ပြန်မလာနဲ့။ ငါတို့ ဒီတစ်ခေါက်တော့ မင်းကို သွားခွင့်ပေးလိုက်မယ်၊ နောက်တစ်ခါဆိုရင်တော့ သိပ်ကံကောင်းမှာ မဟုတ်ဘူး"
ကားတစ်စီးထံမှ ခပ်တိုးတိုး အသံတစ်ခုထွက်ပေါ်လာသည်။ ထိုအသံသည် သီချင်းထဲမှ ဖိသံကဲ့သို့ တိုးညှင်းလှပြီး ငရဲမှ အအေးဓာတ်က ကမ္ဘာမြေအား အေးခဲသွားစေနိုင်သလိုပင်။
အသက်သွင်းနိုင်သည့် မနောကျင့်စဉ်၏ ဆဋ္ဌမအဆင့်ကို သူ မကျင့်ကြံနိုင်သေးသရွေ့ လက်ရှိစွမ်းရည်နှင့်ဆိုလျင် ကျည်ဆံများကို သူ မရှောင်တိမ်းနိုင်ကြောင်း လီယုံ သိနေ၏။ ယခုလိုအချိန်တွင် သေနတ်ကိုင်ဆောင်ထားသော ဆရာသခင်နှင့် ရင်ဆိုင်နေရသဖြင့် လီယုံ ဘာမျှမတတ်နိုင်ချေ။
သို့သော် သူသည် စိတ်တည်ငြိမ်ဆဲ ဖြစ်ပြီး ပြန်မေးလိုက်သည်။
"ခင်ဗျား ဘယ်သူလဲ ..."
"ဒီနေရာက ထွက်သွား"
ကြိမ်းဝါးသံကို ကြားလိုက်ရသဖြင့် ကားထဲမှလူများ စိတ်မရှည်တော့သည်ကို လီယုံ ရိပ်စားမိလိုက်သည်။ အကယ်၍ သူ ဤနေရာ၌ ဆက်၍ရပ်နေပါက သူ့ကို အချိန်မရွေး သတ်လာမည့် ကျည်ဆံများကို စောင့်နေသလို ဖြစ်သွားလိမ့်မည်။
သူ အသက်ရှင်နိုင်မည်ဆိုလျင်တောင်မှ သေနတ်အပစ်ခံရမှာက ပျော်စရာမကောင်းချေ။
လူတစ်ယောက်သည် ဘယ်အချိန် နောက်ဆုတ်သင့်၊ မဆုတ်သင့်ကို သိနေသင့်သည်၊ ယခုအချိန်တွင်တော့ သူ နောက်ဆုတ်လိုက်တာ ပိုကောင်းနေသည်။
လီယုံ အံကိုကြိတ်ရင်း ကားဆီသို့ ပြန်လှည့်လိုက်သည်။ သူ ချက်ချင်း ကားကို ပြန်ကွေ့၍ ပြန်ရန် အမြန်လမ်းမကြီးဘက်သို့ ဦးတည်လိုက်သည်။
"မောက်မာမနေကြနဲ့။ ငါ ပိုသန်မာလာတဲ့အချိန်ရောက်ရင် မင်းတို့သေနတ်တွေ အသုံးဝင်လာမှာ မဟုတ်ဘူး ..."
လီယုံက သူ၏ဒေါသကို ဖြေဖျောက်ရန် ကားစတီယာရင်ကို လက်သီးနှင့်ထိုးလိုက်သည်။ မြို့တော်ကို အလည်လာခြင်းက ဤသို့ဖြစ်စေလိမ့်မည်ဟု သူ ထင်မထားမိပါ။
*အဲ့လူစုက ဘာများလဲ။ သူတို့ ဘာလို့ ငါ့ကို တားရတာလဲ*
လီယုံ ထိုအကြောင်းကို ဆက်တိုက်တွေးနေမိသည်။ သို့သော် သူ ဦးနှောက်ခြောက်အောင် စဉ်းစားပြီးတာတောင်မှ ထိုလူများကို သူ တစ်ခါမှမမြင်ဖူးသလို ထိုကဲ့သို့သော လူစုမျိုး ကမ္ဘာပေါ်၌ ရှိနေလိမ့်မည်ဟု သူ အရင်က မသိခဲ့ပါ။
ထိုလူများက သူ့ကို အရှက်ရစေခဲ့သလို သူ့အား တိုက်ခိုက်ချင်စိတ်ဖြစ်အောင် လုပ်နေ၏။
သူတို့က သူ့အား အဆုံးမသတ်နိုင်သော တိုက်ခိုက်ချင်သည့် စိတ်ဝိညာဉ်များကို ပေးစွမ်းနေ၏။ တစ်နေ့တစ်ချိန်တွင်တော့ ထိုလူများအား သူ့ခြေထောက်အောက်ရောက်အောင် လုပ်ပစ်မည်။
ယခုအချိန်တွင် သူ့၌ ထိုသို့လုပ်နိုင်စွမ်း မရှိသဖြင့် သူ ဘာမျှမလုပ်ချင်သေးပါ။ လီယုံ ကားကို အာရုံစိုက်မောင်း၍ ပြန်လာခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ လီမိသားစု၏ မျိုးနွယ်များအားလုံး မြို့တော်၌ နေကြသည်မဟုတ်။ သူတို့အားလုံးသည် မိသားစုအတွက် စီးပွားရေး အခွင့်အလမ်းများ ရှာရန်နှင့် အကျိုးအမြတ်များ ရရှိရန်အတွက် နေရာတိုင်း၌ အလုပ်ကြိုးစား၍ လုပ်ကိုင်ကြသည်။ ကျုံးဟိုင်မြို့တွင် လီမိသားစု၏ မျိုးနွယ်များ ရှိနေနိုင်ကောင်း ရှိနေနိုင်၏။ လီယုံသည် သူ၏ရည်မှန်းချက် ပြည့်ဝရန် အခြားနည်းလမ်းများကိုလည်း အသုံးပြုနိုင်လေသည်။
နှစ်ရက်ကြာ မောင်းလာပြီးနောက် လီယုံသည် မည်သည့် တိုးတက်မှုမျှမရှိဘဲ ကျုံးဟိုင်မြို့သို့ ပြန်လာခဲ့ရသည်။
လီယုံက ကားကို ကျန်းယွီရုံထံသို့ ပြန်အပ်ပြီးနောက် ဟန်မိသားစု၏အိမ်တော်သို့ ပြန်လာခဲ့သည်။ သူ အခန်းထဲဝင်သွား၍ အပြင်းအထန် ကျင့်ကြံလေတော့သည်။ နောက်တစ်ခါ သေနတ်နှင့် ရင်ဆိုင်ရလျင် တုန်လှုပ်မနေစေရန်အတွက် သူသည် ဆဋ္ဌမအဆင့်သို့ မြန်မြန်ရောက်အောင် ကျင့်ကြံချင်နေ၏။
ကံမကောင်းစွာပင် လီယုံသည် စတုတ္ထအဆင့်ကိုတောင်မှ မပြီးသေးချေ။ မနောကျင့်စဉ်၏ အလယ်သုံးဆင့်သည် ပထမသုံးဆင့်ထက် ပို၍ခက်ခဲသည်ကို သူ သိလိုက်ရသည်။ တစ်ညလုံး လေ့ကျင့်လျင်တောင်မှ သူ့အတွက် မဖြစ်နိုင်ချေ။ ကျင့်ကြံရန်အတွက် အချိန်ကြာမြင့်ဦးပေမည်။
လီယုံသည် သူ၏အတွင်းအားကို ပြန်လည်ဝင်စားခြင်း ကျောက်စိမ်းထဲသို့ ထပ်မံ၍ ထည့်သွင်းလိုက်သည်။ သူ ဘာမျှရှာမတွေ့သလို ပြန်လည်ဝင်စားခြင်း ကျောက်စိမ်းကလည်း မည်သို့မျှ ပြန်မတုံ့ပြန်ပေ။
မြို့တော်တွင်းရှိ ရိုးရှင်းသော ရှေးဟောင်းအိမ်တော်တစ်ခုအတွင်း၌။
မုတ်ဆိတ်မွှေးနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အိမ်နောက်ဖေး ဥယျာဉ်မြေကွက်သို့ အလျင်အမြန် လျှောက်လာပြီး မျက်လုံးမှိတ်ထားသော အဘိုးအိုတစ်ယောက်အား တရိုတသေဖြင့် ပြောလိုက်သည်။
"ဆရာ အဲ့လူက နတ်ဆေးသမားတော်တွေရဲ့ ဆေးပညာတွေကို အမွေဆက်ခံခဲ့ပြီးပုံ ရပါတယ်။ သူက ကျုံးဟိုင်မြို့မှာ ဆေးခန်းအသေးလေးတစ်ခု ဖွင့်ထားပါတယ်၊ ပိုက်ဆံရှာဖို့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ မဟုတ်ဘဲ တစ်ခါတလေ အခမဲ့ ကုသပေးပါတယ်။ သူ့နာမည်ဂုဏ်သတင်းက အခု တဖြည်းဖြည်း ကြီးမားလာပြီး သူက လူနာအများကြီးကို ဆွဲဆောင်နိုင်နေပါတယ်"
အဘိုးအိုက ချက်ချင်း မျက်လုံးပွင့်လာပြီး သူ့မျက်လုံးတွင်း၌ သတိထားသော အလင်းတန်းများ ဖြတ်ပြေးသွားသည်။ တရားထိုင်ပြီးနောက် သူက အသာအယာ ပြောလာသည်။
"သူ့ရဲ့ပြောင်းလဲမှုတွေကို မျက်စိဒေါက်ထောက်ကြည့်ဖို့ တစ်ယောက်ယောက်လွှတ်လိုက်"
"ကျွန်တော်တို့လူတွေက သူ့ဆေးခန်းမှာ အလုပ်ဝင်လုပ်နေပါပြီ"
မုတ်ဆိတ်မွှေးရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားက ခပ်ဖွဖွပြုံး၍ ပြောလိုက်သည်။
"မင်းလည်း သွားလိုက်"
အဘိုးအိုက အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ"
မုတ်ဆိတ်မွှေးနှင့် အမျိုးသားကြီးက အလေးအနက် ပြန်ဖြေလိုက်သည်။
အဘိုးအိုက ဖြည်းဖြည်းချင်း မျက်လုံးပြန်မှိတ်လိုက်သည်။ ထို့နောက် အပြင်ပြန်ထွက်ရန် လက်အမူအရာ ပြလာသည်။ မုတ်ဆိတ်မွှေးနှင့် အမျိုးသားက အရိုအသေပေး၍ နောက်ပြန်ဆုတ်သွားသည်။ သုံးလှမ်းခန့်ဆုတ်ပြီးနောက် နောက်လှည့်ကာ ချက်ချင်း ထွက်ခွာသွားသည်။
ထိုအခိုက်တွင် အဘိုးအိုသည် ဗလာကျင်းနေသော သူ့မျက်လုံးများကို ပြန်ဖွင့်လာသည်။ သူ၏ မျက်လုံးတွင် ကောင်းကင်မှ တိမ်တိုက်များနှင့် ငှက်တို့၏ ပုံရိပ်များ ထင်ဟပ်နေ၏။ သူက ခပ်ဖွဖွပြုံး၍ ဆိုလာသည်။
"ကြည့်ရတာ ငါ မှန်တယ်ထင်တယ်။ ဘုရားရှင်က ငါ့ကို ပစ်မထားဘူးပဲ"
ထိုစဉ် တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံပင်ဖြူဖွေးနေသော အဘွားအိုတစ်ဦးက တုတ်ကောက်နှင့်အတူ ယိုင်တိယိုင်တိုင်ဖြင့် တစ်လှမ်းချင်း လှမ်းလာသည်။ သူမ၏အသံက အရေးပေါ်ကားမှ အသံကဲ့သို့ စူးရှလှသည်။
"ရှင့်စိတ်က အတက်အကျ ဖြစ်ခဲပါတယ်၊ ဘာလို့ ဒီနေ့မှ ရှင် စိတ်ဘဝင်မကျ ဖြစ်နေတာလား"
အဘိုးအိုက ကောင်းကင်ကို ကြည့်နေရာမှ နောက်လှည့်၍ အဘွားအိုကို လှမ်းကြည့်လိုက်သည်။ သူက ရယ်မော၍ ပြောလိုက်သည်။
"အဲ့အရာက ပုံပေါ်လာတော့မယ်"
အဘွားအို၏မျက်လုံးအိမ်က ရုတ်တရက် ကျဉ်းမြောင်းသွားပြီး စိတ်လှုပ်ရှားလာသည်။ သူမ အသက်ပြင်းပြင်းရှူ၍ ပြန်မေးလိုက်သည်။
"အဲ့ဒါ တကယ်ဖြစ်နိုင်ပါ့မလား"
"သီအိုရီထဲမှာတော့ ဖြစ်နိုင်တယ်၊ ဒါပေမယ့် ဒါက အဲ့ကောင်လေးရဲ့ ကံပေါ်မှာလည်း မူတည်နေသေးတယ်"
အဘိုးအိုက မတ်တပ်ထရပ်ကာ လက်ကိုနောက်ပစ်လိုက်ချိန်တွင် သူ၏ အိုမင်းနေသော ခန္ဓာကိုယ်မှ လောကကို ဖိနှိပ်နိုင်သော အရှိန်အဝါမျိုး ထုတ်လွှင့်လာ၏။
"သူ ဒုက္ခရောက်မှာလား"
အဘွားအိုက တစ်ခဏမျှတွေး၍ မေးလိုက်သည်။
"အင်း"
အဘိုးအိုက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ကျွန်မ တစ်ယောက်ယောက်ကို လွှတ်ပြီးတော့ ပြဿနာရှာရဲတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်ခိုင်းလိုက်မယ်"
အဘွားအိုက သူ့တုတ်ကောက်နှင့် မြေကြီးကို ထုနှက်ရင်း ပြောလာသည်။ သေခြင်းတရား၏ အစွန်အဖျားနားသို့ ရောက်နေပုံပေါ်သည့် သူမ၏ အိုမင်းနေသော မျက်နှာမှ ရုတ်တရက် ခံ့ညားထည်ဝါသော ခံစားမှုမျိုး ထွက်ပေါ်လာသည်။ ဆွေးမြည့်နေသော သစ်သားကဲ့သို့ မတည်ငြိမ်သော သူမ၏ခန္ဓာကိုယ်သည် ရုတ်တရက် အံ့အားသင့်ဖွယ်ကောင်းသော အရှိန်အဝါမျိုးနှင့် သံမဏိအသွင် မာကြောကာ ပြောင်းလဲလာ၏။
"မလုပ်နဲ့၊ အခက်အခဲမရှိဘူးဆိုရင် ဘာအခွင့်အရေးမျိုးနဲ့ အောင်မြင်မှုမျိုးမှ ရှိလာမှာမဟုတ်ဘူး။ ဒီလိုပြဿနာအသေးလေးကို သူ မဖြေရှင်းနိုင်ဘူးဆိုရင် သူက ငါတို့ရဲ့ဆက်ခံသူဖြစ်ဖို့ မထိုက်တန်ဘူး"
အဘိုးအိုက မုတ်ဆိတ်မွှေးမရှိသော သူ၏မေးစေ့ကို ပွတ်ရင်း အသာအယာပြောလာ၏။
"ဒါက ငါတို့အသက်ရှင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်လေ"
အဘွားအိုက သက်ပြင်းချလာသည်။
"ငါတို့ ကြီးကြီးမားမား မျှော်လင့်ထားလေ ငါတို့ရဲ့ စိတ်အနှောင့်အယှက်က ပိုကြီးလာလေပဲ။ ပုံမှန်လေးပဲ သွားကြတာပေါ့"
အဘိုးအိုက နှစ်သိမ့်လိုက်သည်။

နတ်မျက်စိရှင် သမားတော် [Chapter 1-200]Where stories live. Discover now