Chapter 57

582 68 0
                                    

နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han Shin

စာစဉ် (4) CHAPTER (57) မင်းက ငါ့အပိုင်ပဲ၊ ပြီးတော့ ဘယ်သူမှ မင်းကို အဝေးခေါ်မသွားနိုင်ဘူး
လီယုံ ခေါင်းကုတ်နေမိသည်။ ဤကိစ္စက ရုတ်တရက် ဖြစ်လာသောကြောင့် ဟန်လူ၏ အခက်အခဲကို သူ အခွင့်ကောင်းယူသလို ဖြစ်နေ၏။ အဆိပ်ကို ကုသပေးမည်ဟု ဆင်ခြေပေး၍ သူမအား သူနှင့် လက်ထပ်ရန် အကျပ်ကိုင်မိသွားသည်။ သူတို့ တကယ်ရော ပျော်ရွှင်နိုင်ပါ့မလား။
ထိုသို့တွေးပြီး လီယုံက အူကြောင်ကြောင်ဖြင့် ရယ်၍ ပြောလိုက်သည်။
"လူ မင်းဆန္ဒနဲ့ ဆန့်ကျင့်ပြိးတော့ ငါ့ကို အင်းလို့ မပြောပါနဲ့။ လူနာကို ဆေးကုပေးရမှာက ဆရာဝန်ရဲ့ တာဝန်ပါ။ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ငါက မင်းကို ကုဖို့ အစွမ်းကုန် ကြိုးစားမှာပါ။ မင်း ငါ့ကို ချစ်တယ်ဆိုရင် ငါနဲ့ လက်ထပ်ပါ၊ မင်း ငါ့ကို မချစ်ဘူးဆိုရင်တော့ ငါ့ကို မဖျက်ဆီးပါနဲ့"
လီယုံ၏ ပြောင်းလဲသွားသော သဘောထားက ဟန်တုန်းထောင်နှင့် ဟန်လူတို့အား ဇဝေဇဝါနှင့် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်မိသွားစေသည်။ ဟန်ဖေးတောင်မှ အံ့ဩသွားရသည်။
"ငါက နင့်ကို ဖျက်ဆီးလို့လား"
ဟန်လူက အသက်ပြင်းပြင်းရှူ၍ သူမဒေါသကို ချုပ်တည်းရန် ကြိုးစားလိုက်သည်။
"ငါ့သမီးက မင်းကို ပျက်ဆီးစေလို့လား"
ဟန်တုန်းထောင် ဒေါသထွက်သလို ခံစားလိုက်ရသည်။
*အခု ငါ့သမီးက ဆရာဝန်တစ်ယောက်နဲ့ လက်ထပ်မှာလေ၊ ဒါကို အဲ့ဆရာဝန်က ငါ့သမီးကို မနှစ်မြို့ဘဲ ရှောင်ဖယ်ချင်နေတာလား*
"နင် နောက်နေတာလား။ ငါ့အစ်မက နင့်ကို ပျက်ဆီးအောင် လုပ်မှာမဟုတ်ဘူး"
ဟန်ဖေးသည်လည်း မကျေမနပ်ဖြစ်သွားကာ သူ့အား ခဲအိုဟု ခေါ်ချင်စိတ်မဝင်တော့ချေ။
လီယုံက သူတို့သုံးယောက်၏ အပြုအမူကို လျစ်လျူရှုကာ လေးဆယ့်ငါး ဒီဂရီစောင်း၍ ကောင်းကင်ဘက်သို့ မျက်လုံးပြာများဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်းနှင့် ခိုင်မာစွာ ပြောလိုက်သည်။
"ငါ လိုချင်တာ အချစ်ပါ၊ ယာယီသုံး အိမ်ထောင်ရေးမျိုး မဟုတ်ဘူး။ ငါလိုချင်တာ ရိုးသားမှု၊ အတုအယောင် အချစ်မျိုး မဟုတ်ဘူး။ ဟန်လူက ငါနဲ့ လက်ထပ်ဖို့ စိတ်မပါဘူးလို့ ခံစားနေရတယ်။ သူမ မလုပ်ချင်တဲ့အရာကို ငါ အတင်းဖိအားပေးပြီး လုပ်ခိုင်းမှာ မဟုတ်ဘူး"
"တကယ်လား ... ကောင်းလိုက်တာ"
ဟန်လူသည် တစ်ဒင်္ဂမျှ ကြောင်အနေပြီးမှ ရုတ်တရက် သူမမျက်နှာလေးက ဝင်းပလာသည်။ သူမ ပျော်ရွှင်စွာ ပြောလိုက်သည်။
"အဲ့လိုဆိုရင် ငါ နင်နဲ့တကယ် လက်မထပ်ချင်ဘူး။ နင်က ငါ့နှလုံးသားထဲကိုတောင်မှ မရောက်သေးတာကို။ ငါလိုချင်တဲ့အချစ်က ဒီလိုမျိုး မဟုတ်ဘူး။ နင့်ဆေးပညာက ဘယ်လောက်ပဲ အံ့ဩဖို့ကောင်းနေပါစေ၊ ငါ နင့်အတွက် အဲ့လိုခံစားချက်မျိုး မရှိဘူး"
"ဘာခံစားချက်မျိုးလဲ"
လီယုံ မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည်။ သူသည် ဟန်လူ ရင်ထဲရောက်သွားအောင် သူ၏ ရိုးသားမှုကို ပြသချင်ခဲ့ခြင်း ဖြစ်သည်။ ဟန်လူက သူမ သူ့ကို တကယ် လက်မထပ်ချင်ဟု ပြောလိုက်ခြင်းက သူ့အား မှင်တက်သွားစေ၏။ 'တကယ်' ဟူသည့် စကားက သူ့အား ဝမ်းနည်း၍ အရှက်ရစေသည်။
*မင်း ငါနဲ့လက်ထပ်ရလို့ ငိုမနေသင့်ဘူးလား*
သူသည် ခံ့ညားရုံသာမက ပိုက်ဆံရှာနိုင်စွမ်းလည်း ရှိသည်ဟု လီယုံ တွေးမိသည်။ ထို့အပြင် သူ့၌ တိကျသော အနာဂတ်ရှိပြီး များစွာသော ကိစ္စတို့အား လုပ်နိုင်သည့် အစွမ်းအစလည်း ရှိသေးသည်။
သို့သော် လက်တွေ့ဘဝက သူ၏ အတွေးနှင့် အတော်လေး ကွာခြားလှသည်။
"သူ နင်နဲ့ ထိန်းမနိုင်လောက်အောင် အိပ်ချင်တဲ့ ခံစားချက်လေ"
ဟန်ဖေးသည် ထိုနေရာ၌ အတော်လေး ကျွမ်းကျင်ပုံရပြီး လီယုံ၏မေးခွန်းကို ဟန်လူ ဘယ်လိုပြန်ဖြေရမှန်း မသိချိန်တွင် သူမက ဝင်ပြောလာသည်။
"ဖေး ပါးစပ်ပိတ်ထား"
ဟန်တုန်းထောင်တောင်မှ စိတ်ဆိုးသွားသည်။
*ဘယ်လိုလုပ် မိန်းကလေးတစ်ယောက်က ဒီလောက် ဗြောင်ကျကျ ပြောနိုင်ရသနည်း။ မင်းက သိမ်မွေ့၊ နူးညံ့၊ ရည်မွန်ကြော့မော့ပြီးတော့ ဣန္ဒြေလေးနဲ့ နေရမှာ မဟုတ်ဘူးလား*
ဟန်ဖေး ပို၍တောင်မှ စိတ်တိုလာပြီး သူမမျက်နှာက ပို၍ နီရဲလာသည်။ သူမ ဟန်ဖေးကို လှမ်းကြည့်လိုက်သည်။ ဟန်ဖေးက လျှာလေးထုတ်၍ ရှက်ပြုံးလေး ပြုံးကာ ပြန်ပြောလိုက်သည်။
"ပြီးရော ငါ့ကို လျစ်လျူရှုထားလိုက်"
လီယုံ ပြုံး၍ တည်ငြိမ်စွာပြောလိုက်သည်။
"ငါ နားလည်ပါတယ်"
"နင် ဘာနားလည်တာလဲ"
ဟန်လူ နှာမှုတ်သံပြု၍ ပြန်ပြောလိုက်သည်။
"ငါ မင်းကို အရင်ရမယ်ဆိုရင် မင်းနှလုံးသားကိုလည်း ငါ ပိုင်လာမှာပဲ ..."
ဤသည်ကား ကျန်းယွီရုံ၏ ယုံကြည်ချက်ပင် ဖြစ်သည်။ အစပိုင်းတွင် ကျန်းယွီရုံသည် လိုအပ်ချက်များကြောင့်သာ လီယုံနှင့် အတူအိပ်ခဲ့ခြင်း ဖြစ်သည်၊ သို့သော် သူတို့နှစ်ဦး အတူတွဲနေပြီးနောက် သူမ ယခု လီယုံကို မထားခဲ့နိုင်တော့ပေ။
သို့သော် လီယုံ စကားဆုံးအောင် မပြောနိုင်ခင်မှာပင် ဟန်တုန်းထောင်က သူ့ပခုံးကို ပုတ်၍ ဖြတ်ပြောလာသည်။
ဟန်တုန်းထောင်က လေးနက်စွာ ပြောလာသည်။
"မင်္ဂလာပွဲအတွက်ကတော့ မင်းတို့အပေါ်မှာပဲ မူတည်တယ်လို့ ငါထင်တယ်။ အခုက လူငယ်တွေက ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ အမြဲချတယ်လေ။ မင်းတို့ ပျော်သရွေ့ အရာအားလုံးက တန်ဖိုးရှိပါတယ်။ မင်းတို့နှစ်ယောက် သဘောတူညီမှုရပြီးရင် အဲ့ရလဒ်ကို ငါ့ကို ပြောပြလို့ရတယ်။ မင်းတို့အတွက် မင်္ဂလာပွဲကို ငါ အချိန်မရွေး ပြင်ဆင်ပေးနိုင်တယ်"
"လူငယ်လေး ငါ မင်းအပေါ် ယုံကြည်မှုရှိတယ်ကွာ၊ ရအောင်လုပ်"
ဟန်တုန်းထောင်က နားလည်သော မျက်လုံးများဖြင့် လီယုံကို ကြည့်နေ၏။
"ကုမ္ပဏီမှာ ငါ လုပ်စရာကိစ္စတွေ အများကြီး ရှိတယ်။ ငါ အရင်သွားလိုက်ဦးမယ်"
သို့သော် ဟန်တုန်းထောင် ထွက်မသွားခင်မှာပင် သက်တော်စောင့်တစ်ယောက်က အသည်းအသန် ပြေးဝင်လာပြီး ရိုသေစွာဖြင့် ပြောလိုက်သည်။
"ဘော့စ် ... ကျောက်တကျိုးနဲ့ ကျောက်ဟုန်ယုတို့က သူတို့မှာ အရေးကြီးကိစ္စ ပြောစရာရှိတယ်ဆိုပြီး ဒီကိုရောက်လာပါတယ်"
"ငါ ဒီမှာ မရှိဘူးလို့ သူတို့ကို ပြောလိုက်"
ဟန်တုန်းထောင်က လက်ခါပြ၍ အလေးအနက်ပြောနေသော သက်တော်စောင့်ကို ဖြတ်ပြောလိုက်သည်။
"မစ္စတာဟန် မင်းက ဒီမှာ တကယ်ရှိနေရဲ့သားနဲ့ မရှိဘူးလို့ ပြောနေတာပဲ။ ငါ့ကို အလွယ်တကူ လှည့်စားလို့ရမယ်လို့ ထင်နေတာလား"
ထိုအချိန်တွင် ကျောက်တကျိုး၏ သရော်သံက တံခါးရှေ့မှ ထွက်ပေါ်လာသည်။ ထို့နောက် သူက သူ၏သားဖြစ်သူ ကျောက်ဟုန်ယုကို ခေါ်၍ အထဲသို့ ခြေလှမ်းကျဲကျဲဖြင့် ဝင်လာသည်။ သူတို့နောက်၌ ခန္ဓာကိုယ် ထွားကြိုင်း၍ သန်မာသော သက်တော်စောင့် ဆယ်ယောက်ကျော် ပါလာ၏။
ထိုသက်တော်စောင့်များက ဟန်မိသားစု၏ သက်တော်စောင့်များအား အမှောက်သိပ်၍ အိမ်ထဲသို့ ပစ်သွင်းလာသည်။ သူတို့ထဲမှ အချို့၏ အဝတ်အစားများသည် စုတ်ပြဲနေပြီး ထိခိုက်ဒဏ်ရာ ရနေကြသည်။ ထိုသို့သောအချိန်၌ လျူချွင်းက ကျင့်ကြံလို့နေသည်၊ သို့မဟုတ်ပါက သူတို့ အထဲသို့ ဝင်လာရန် မလွယ်ကူလောက်ပါ။
ထိုလူများ၏ နောက်တွင် ဟန်မိသားစုအတွက် အလုပ်လုပ်သော သက်တော်စောင့်များ ဝင်လာကြသည်။ သူတို့သည် ရှေ့မတိုးရဲသဖြင့် ခပ်လှမ်းလှမ်းမှ လိုက်ကြည့်နေကြသည်။
သူ၏ ကိုယ်ပိုင်သက်တော်စောင့်များ နှာခေါင်းမှ သွေးထွက်၍ မျက်နှာများ ယောင်ကိုင်းနေသည်ကိုမြင်ပြီး ဟန်တုန်းထောင်က ဒေါသထွက်ရမည့်အစား ရယ်မောလာသည်။ သူ ရှေ့သို့ ခပ်သုတ်သုတ် လျှောက်လာပြီး ကျောက်တကျိုး၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်၍ ယဉ်ကျေးစွာ ပြောလိုက်သည်။
"ကြိုဆိုပါတယ် မစ္စတာကျောက်။ ကျုပ်ရဲ့ နိမ့်ကျတဲ့အိမ်လေးကို ခင်ဗျား ရောက်လာတဲ့အတွက် အတော်လေး ဂုဏ်ယူမိပါတယ်"
"တကယ်လို့ မစ္စတာဟန်ရဲ့ အိမ်ကိုသာ သိမ်နုတ်တဲ့အိမ်လို့ သတ်မှတ်မယ်ဆိုရင် တစ်နိုင်ငံလုံးက အဆောက်အဦးနဲ့ အိမ်ရာတွေက ဝက်ခြံတွေလို ဖြစ်တော့မှာပဲ"
ထိုသို့ပြောပြီး ကျောက်တကျိုးက ဆိုဖာပေါ်၌ သက်တောင့်သက်သာ ထိုင်၍ လက်ဘက်ရည်တစ်ငုံမျှ သောက်ရန် ခွက်ကို ယူလိုက်သည်။
ထိုစဉ် ကျောက်ဟုန်ယုက သူ့ဖခင်နောက်မှ ကပ်လိုက်သွားပြီး လီယုံအား သူ၏ အမုန်းတရားများ ပေါက်ကွဲတော့မည်ဟန်ဖြင့် ခက်ထန်စွာ စိုက်ကြည့်လာသည်။ သို့သော် သူ့မျက်လုံးများက တဖြည်းဖြည်း ဟန်လူဆီသို့ ကျရောက်လာပြီး အယုတ်တမာအပြုံးမျိုး ပြုံးလာ၏။
"လူ ကိုယ် နေ့တိုင်း မင်းအကြောင်းပဲ တွေးနေမိတာ"
ကျောက်ဟုန်ယုက နားဝင်ချိုသောလေသံဖြင့် ပြောလိုက်သည်။
"ဟွန့်"
ဟန်လူက သူ့ကို မသိချင်ယောင်ဆောင်လိုက်သည်။ ထိုအခြင်းအရာက ကျောက်တကျိုး၏ အကြည့်များထံမှ မရှောင်လွှဲနိုင်ပေ၊ ကျောက်တကျိုး မျက်နှာသုန်မှုန်သွားပြီး စကားစလာ၏။
"မစ္စတာဟန် ကျုပ်တို့ သဘောတူညီမှုကို ခင်ဗျား မှတ်မိသေးလား။ တကယ်လို့ ခင်ဗျားမှာ သမီးရလာပြီး ကျုပ်မှာ သားရှိလာမယ်ဆိုရင် ခင်ဗျားသမီးကို ကျုပ်သားနဲ့ ပေးစားမယ်။ တကယ်လို့ ခင်ဗျားမှာ သားရှိပြီး ကျုပ်မှာ သမီးရှိလာရင် ကျုပ်သမီးကို ခင်ဗျားသားနဲ့ ပေးစားမယ်ဆိုတာလေ။ နှစ်နှစ်ဆယ်ကျော်သွားပင်မယ့် အဲ့သဘောတူညီမှုက ရှိသေးတယ်နော်"
"မစ္စတာကျောက်က အတော်လေး မှတ်ဉာဏ်ကောင်းတာပဲ၊ ဒါပေမယ့် ကျုပ့်သမီးမှာ ချစ်သူရှိနေလို့ စိတ်မကောင်းပါဘူး"
ဟန်တုန်းထောင်က နောင်တရစွာ ပြောလိုက်သည်။
"အိုး ... ခင်ဗျား သမီးအကြီးမှာ ချစ်သူရှိနေတယ်ဆိုမှတော့ ခင်ဗျားသမီးအငယ်နဲ့ ကျုပ်သားကို ပေးစားမယ်ဆိုရင်လည်း ကျုပ်အတွက် အဆင်ပြေပါတယ်"
ကျောက်တကျိုးက မလျော်ကန်သော လူမျိုးမဟုတ်သဖြင့် ဒုတိယ အကောင်းဆုံးအကြံကို ပြောလိုက်သည်။ သူက ဟန်ဖေးအား စူးရှသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ပြီး ဟန်ဖေးသည်လည်း ကြည့်ကောင်းသည်ဟု ခံစားလိုက်မိသည်။ သို့သော် ကျောက်တကျိုး၏ စကားကြောင့် ကျောက်ဟုန်ယု အတော်လေး စိတ်ဓာတ်ကျသွားသည်။
သူသည် ဟန်ဖေးအစား ဟန်လူကိုသာ သဘောကျသည်။ သူ အမြဲတွေးနေမိသူက ဟန်လူသာ ဖြစ်၏။ ဟန်လူက အဆိပ်မိနေသော်လည်း သူ လက်မလျှော့နိုင်ပါ။ ဟန်လူ သေသွားလျင်တောင်မှ သူမအလောင်းကို သူ လက်ထပ်မည်ဟုတောင် သူ တစ်ခါက ကျိန်ဆိုခဲ့ဖူးသည်။
"ကျုပ်သမီးငယ်မှာလည်း ချစ်သူ ရှိပါတယ်"
ဟန်လူက စိတ်မကောင်းသလို ထပ်ပြောလာသည်။
ဖြန်း!
ကျောက်တကျိုးက သူ့ပေါင်သူ ပြန်ရိုက်၍ ပြန်ပြောလိုက်သည်။
"မစ္စတာဟန် ခင်ဗျားက ကျုပ်တို့ကတိကို ဖျက်ချင်တာလား။ ခင်ဗျား ကျုပ်သားကို ရိုက်နှက်ခဲ့ပင်မယ့် ကျုပ် ခင်ဗျားကို အပြစ်မတင်ခဲ့ဘူး။ ခင်ဗျားစကားကို ခင်ဗျား ပြန်ရုတ်သိမ်းချင်တယ်ဆိုရင်တော့ ကျုပ်ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့"
ထိုစကားကြောင့် ဟန်တုန်းထောင် ထိတ်လန့်သွားပြီး ပြန်မေးလိုက်သည်။
"ဘယ်တုန်းက ကျုပ်တို့ ခင်ဗျားသားကို ရိုက်ခဲ့လို့လဲ"
"ခင်ဗျားရဲ့ သမီးလိမ္မာလေးကို မေးကြည့်ပေါ့"
ကျောက်တကျိုးသည် ယခင်တုန်းက အကြောင်းကို ပြန်ပြောရင်း ဒေါသထွက်လာသည်။ ဟန်တုန်းထောင်က ဟန်လူကို လှည့်ကြည့်လိုက်သောအခါ ဟန်လူက လီယုံကို လက်ညှိုးထိုး၍ ပြန်ပြောလိုက်သည်။
"ကျောက်ဟုန်ယုကို ရိုက်လိုက်တာ သူပဲ"
*ချီးတဲ့မှ ... ဒီမိန်းမ တော်တော်ဆိုးတာပဲ။ ဘာလို့ ဒီလောက် ရိုးသားနေရတာလဲ*
လီယုံ ရုတ်တရက် တုန်လှုပ်လာသည်။ ယခုအချိန်၌ လူတိုင်းက သူ့ကို လှမ်းကြည့်နေကြသည်။ အထူးသဖြင့် ကျောက်တကျိုး ခေါ်လာသည့် သက်တော်စောင့်များက ကျောက်တကျိုးထက် လီယုံကို အငြှိုးကြီးနေပုံရသည်။
ကျောက်တကျိုးသည် လီယုံကို အစောကတည်းက သတိထားမိသည်။ ရှာတုန်းက မတွေ့သော်လည်း ပျောက်နေသော ပစ္စည်းက မရှာချိန်ကြမှ ရှာတွေ့လာသလိုပင်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူသည် လီယုံအပေါ် လက်စားချေနိုင်ရန် စဉ်းစားနေခဲ့သည်။ ယခုတော့ သူ အခွင့်အရေး ရလာလေပြီ။
လီယုံက သူ့သားကို ရိုက်နှက်ရဲသည့်အပြင် သူ့သား၏ သီးသန့်အစိတ်အပိုင်းအား ဖျက်ဆီးရဲ ခဲ့ကတည်းက ကျောက်တကျိုးသည် လီယုံအား လည်လှီးရန် စိတ်ပြင်းပြနေခဲ့သည်။
"လူ အရင်တုန်းက ဘာဖြစ်ခဲ့တာလဲ"
ဟန်တုန်းထောင် မျက်မှောင်ကြုတ်၍ အော်ပြောလိုက်သည်။ ဟန်လူက သူ့ကိုလိမ်နေသည်ဟု သူ တွေးနေမိသည်၊ အဘယ်ကြောင့်ဆိုသော် လီယုံက ကျောက်ဟုန်ယုကို ဘယ်သောအခါမှ ထိခိုက်အောင် မလုပ်ဟု သူ ထင်ထားသောကြောင့်ပင်။ ကျောက်ဟုန်ယု၌ သက်တော်စောင့်များစွာ ရှိသည်၊ ထို့ကြောင့် လီယုံက ကျောက်ဟုန်ယုကို ရိုက်နှက်ချင်ပါက ထိုသက်တော်စောင့်များကို အရင်အနိုင်ယူမှ ဖြစ်မည်။
လီယုံက ကျောက်ဟုန်ယုကို ကံကောင်း၍ ထိခိုက်အောင် လုပ်နိုင်ခဲ့လျင်တောင်မှ လီယုံသည် ထိခိုက်ဒဏ်ရာမရဘဲ ရပ်နေနိုင်မည် မဟုတ်ပါ။
"အဖေ သူတို့က သမီးတို့အိမ်ထဲ အတင်းဝင်လာတာ။ လီယုံက သမီးကို ကာကွယ်ဖို့ သူတို့ကို ရိုက်နှက်လိုက်တာ"
ထိုသို့ပြောပြီး ဟန်လူက လီယုံထံ လျှောက်သွားသည်။ သူမက အကြည့်လွှဲလိုက်ရင်း လီယုံ၏လက်မောင်းကို ဖက်ကာ ပျော်ရွှင်စွာပြုံး၍ ပြောလိုက်သည်။ သူတို့နှစ်ယောက်သည် အလွန်ရင်းနှီး၍ ပူးကပ်နေပုံပေါ်နေ၏။
"ဟုတ်တယ်၊ သူတို့က ကျွန်တော့်ဇနီးကို အနိုင်ကျင့်ဖို့ လာကြတာ။ ကျွန်တော် သူတို့ကို ပြန်မလုပ်သင့်ဘူးလား အဖေ"
ဟန်တုန်းထောင်က ဟန်လူကို အော်မည့်အစား ကျောက်မိသားစုကို ပြန်တိုက်လိမ့်မည်ဟု ယုံကြည်ပြီး လီယုံက သူ့ကို ရုတ်တရက် မေးခွန်းထုတ်လာသည်။
တကယ်တမ်းတွင် ဟန်တုန်းထောင်သည် ဟန်ပြလုပ်နေခြင်းသာ ဖြစ်သည်။ မိခင်အပြင် သားသမီးကို ဖခင်ထက် ပိုချစ်နိုင်သူ မည်သူ ရှိနိုင်မည်နည်း။ ဟန်လူနှင့် လီယုံတို့၏ စကားကို ကြားပြီးနောက် လီယုံက အခြားသူများကို ရိုက်နှက်သည်ကို သူ မယုံသော်လည်း သုန်မှုန်နေသော မျက်နှာနှင့် ကျောက်တကျိုးကို စိုက်ကြည့်၍ ပြောလိုက်သည်။
"ခင်ဗျား ကျုပ်အိမ်မှာ ပြဿနာလာရှာရဲရင်တော့ ခင်ဗျား အရိုက်နှက်ခံရဖို့ ကြိုပြင်ထားသင့်တာပေါ့"
"အလည်လာတဲ့သူတွေက ဧည့်သည်တွေပဲလေ။ မစ္စတာဟန်က ကျုပ်တို့ကို မျက်နှာသာမပေးမှတော့ ကျုပ်တို့ ရိုင်းပျတာကို အပြစ်မတင်နဲ့တော့"
ထိုသို့ပြောပြီး ကျောက်တကျိုးက ခွက်ကို အရှိန်နှင့်ပြန်ချ၍ တစ်ကိုယ်လုံး အာဃာတများဖြင့် ပြည့်နှက်နေဟန်နှင့် ထရပ်လာသည်။ သူက လက်ကိုမြှောက်၍ အော်လိုက်သည်။
"ရှေ့ဆက်တိုးကြ"
သူ ခေါ်လာသော သက်တော်စောင့်ဆယ်ယောက်ကျော်က ဟန်သားအဖနှင့် လီယုံကို ဝိုင်းလာကြသည်။
ဟန်လူက ပျက်ယွင်းနေသော မျက်နှာထားနှင့် လီယုံ၏လက်မောင်းကို တင်းကြပ်စွာ ကိုင်ထားသည်။ ဟန်ဖေးက လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပြီး ဟန်လူကို လာမှီထားသည်။
ဟန်တုန်းထောင်သည်လည်း စိတ်ဖိစီးနေ၏။ သူက သက်တော်စော့င်များကို ခက်ထန်စွာ လှမ်းကြည့်ရင်း ကျောက်တကျိုးက သူ့အိမ်လာ၍ သူ့ကို အနိုင်ကျင့်သဖြင့် ဒေါသထွက်လာ၏။
ဟန်တုန်းထောင် ဒေါသထွက်နေပြီး မျက်နှာက ရှုံ့မဲ့နေသည်။ သူ၏ တုန်ယင်နေသော ညာလက်ကိုမြှောက်၍ ခပ်လှမ်းလှမ်းမှ ကျောက်တကျိုးကို လက်ညှိုးထိုး၍ ဒေါသတကြီး အော်လိုက်သည်။
"မစ္စတာကျောက် ခင်ဗျား ပြဿနာလာရှာရဲတော့ ဖြစ်လာမယ့် အကျိုးဆက်ကို ခံရဲမှရမယ်"
"ဟဟဟ ... ကျုပ် ဒီကိုလာတကည်းက ကောင်းကောင်းကြီး ပြင်ဆင်ထားခဲ့ပြီးသားပါ။ ဒီနေ့ ကျုပ် မင်းတို့အားလုံးကို ဖမ်းပြီး မင်းရဲ့သမီးကြီးကို ကျုပ်သားရဲ့ ဇနီးအဖြစ် လုပ်ခိုင်းပြီးတော့ သမီးငယ်ကို ကျုပ်သားရဲ့ အမြှောင်မယားအဖြစ် ထားမယ်။ မင်းတို့ ဟန်လုပ်ငန်းစုက ကျုပ်သားရဲ့အပိုင် ဖြစ်လာမှာ။ နောင်အနာဂတ်မှာ အဲ့ဒါက ကျုပ်ကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ ကျုပ်တို့ အတူတူ စီးပွားဖြစ်ထွန်း လာကြတာပေါ့"
ကျောက်တကျိုးက သူ ပြောနေသည့်စကားများ တကယ်ဖြစ်လာသည့်ဟန်ဖြင့် အရူးအမူး အော်ရယ်နေ၏။
"ဟင့်အင်း ကျွန်မ ရှင့်စကားကို နာခံမယ့်အစား အသေခံလိုက်မယ်"
ဟန်လူက ဒေါသတကြီး ပြောလိုက်သည်။
"အခု ဖြေရှင်းစရာ လမ်းစမရှိဘူးဆိုရင် ငါတို့ သူ့စကားကို ခဏလောက် နားထောင်ပြီး ကျောက်ဟုန်ယုကို သတ်ဖို့ အခွင့်အရေးကို ရှာကြတာပေါ့"
ဟန်ဖေးက အကြံရလာပြီး ဟန်လူကို တီးတိုး ပြောလာသည်။
လီယုံက ဟန်လူ၏လက်ကို ဖျစ်ညှစ်၍ ပြောလိုက်သည်။
"ဟန်နီ မကြောက်နဲ့။ မင်းက ကိုယ့်အပိုင်ပဲ ပြီးတော့ ဘယ်သူမှ မင်းကို အဝေးခေါ်မသွားနိုင်ဘူး"

နတ်မျက်စိရှင် သမားတော် [Chapter 1-200]Where stories live. Discover now