နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han ShinCHAPTER (88) ရှင် ဘယ်လိုဝင်လာတာလဲ
"မင်းကလား။ မင်းက အလှကုန်သုံးပစ္စည်းလုပ်ငန်း လုပ်နေတာ မဟုတ်ဘူးလား။ မင်း အရမ်းအလုပ်များနေမှာကို ငါ စိုးရိမ်မိတယ်"
လီယုံ ရယ်လိုက်သည်။
"ရှင် ကျွန်မကို ဂရုစိုက်တာလား၊ ဒါမှမဟုတ် ရှင် ကျွန်မကို ပိုက်ဆံမရစေချင်တာလား၊ ကျွန်မ ကုမ္ပဏီသုံးခုကို ဦးစီးတာ ဒါပေမဲ့ ကျွန်မ ကျွန်မသူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်တုန်းပဲလေ။ ကျွန်မ ဘယ်လိုလုပ် အလုပ်များနေနိုင်မှာလဲ၊ အဲ့ဒါအပြင်ကိုမှ ဒီလိုလုပ်ငန်းမျိုးက ဟန်မိသားစုရဲ့ လုပ်ငန်းနဲ့ ပြိုင်ဆိုင်နေတာမှ မဟုတ်တာ"
"အဲ့ဒါ ကျွန်မတို့ရဲ့ သဘောတူညီချက်ပဲလေ။ ဟန်မိသားစုရဲ့ စီးပွားရေးလုပ်ငန်းနဲ့ အပြိုင်အဆိုင် မဖြစ်သရွေ့ ကျွန်မတို့ ဝူမိသားစုက ကျုံးဟိုင်မြို့မှာ ဆက်ပြီး တိုးတက်အောင်လုပ်လို့ရတယ်လေ"
"ကျွန်မကို ထုတ်ကုန်ဖော်မြူလာသာ ပေးလိုက်ပါ၊ ကျွန်မတို့ အရင်ကပြောခဲ့ဖူးသလိုပဲ ဈေးက လိုက်လာမှာပါ"
ဝူယွိထင်က သွက်လက်စွာပြော၍ လီယုံ၏လက်မောင်းကို လွှဲယမ်းနေ၏။ သူမက လီယုံ၏လက်မောင်းကို သူမလက်နှစ်ဘက်ဖြင့် ဆွဲယမ်းနေသဖြင့် သူမ တမင်လုပ်နေတာ ဟုတ်သလား၊ မဟုတ်သလား မသိတော့ပေ။
"အင်းပါ"
လီယုံသည် လက်တစ်ဖက်ဖြင့် သူ့အင်္ကျီအိတ်ထဲမှ မှတ်စုစာရွက်ကိုထုတ်လိုက်သည်။ ထိုစာရွက်ပေါ်တွင် ထုတ်ကုန်ဖော်မြူလာကို ရေးသားထား၏။ သူက ထိုစာရွက်ကို ဝူယွိထင်အား တန်းပေးလိုက်၍ ဝူယွိထင် သူ့ကို ဘယ်အချိန် ပိုက်ဆံပေးမလဲဆိုတာကို မေးမနေတော့ချေ။
ဝူယွိထင်သည် အလွန်စဉ်းစားတတ်သူ ဖြစ်သည်။ ထုတ်ကုန်ဖော်မြူလာကို ဖတ်ကြည့်ပြီးနောက် သူမက လီယုံ၏ကဒ်ထဲသို့ ယွမ်ဆယ်သန်း လွှဲလိုက်သည်။ ကျန်နေသေးသော ယွမ်ဆယ်သန်းနှင့် အမြတ်၏ဆယ်ရာခိုင်နှုန်းတို့အား သူတို့၏ ယခင်သဘောတူညီချက်အတိုင်း ဆောင်ရွက်သွားမည် ဖြစ်သည်။
ကုန်ပစ္စည်းက ဈေးကွက်ထဲ ဝင်ရောက်၍ ပိုက်ဆံရသည်နှင့် ဝူယွိထင်က လီယုံကို ပိုက်ဆံလွှဲပေးမည် ဖြစ်သည်။
အခြားသူတစ်ယောက်က သူ့အား ပိုက်ဆံရှာဖွေရာ၌ ကူညီပေးသည်က ကောင်းမွန်လှသည်။ ယနေ့ လီယုံ အဝတ်အစား အများအပြားဝယ်၍ ပိုက်ဆံအချို့ သုံးလိုက်သော်လည်း သူ ချက်ချင်း ပိုက်ဆံ ထပ်ဝင်လာသည်။
တကယ်လို့ လီယုံသာ ကိုယ်ပိုင် သုတေသနနှင့် တီထွင်ထုတ်လုပ်မှု ကုမ္ပဏီတစ်ခုကို ဖွင့်ပါက သူ ပို၍ပိုက်ဆံရလာမည်မှာ အသေအချာပင်။
သို့သော် အကယ်၍ လီယုံသာ ကုမ္ပဏီတစ်ခုကို ကိုယ်တိုင်ဦးစီးပါက သူ ခွေးလိုရုန်းနေလျင်တောင်မှ ဤမျှအမြတ်ကို မြန်မြန်ပြန်ရရန် မလွယ်ပေ။ သူ့ကိုယ်သူ ကုမ္ပဏီတစ်ခုကို ဦးစီးခြင်းထက် ထုတ်ကုန်များ ထုတ်လုပ်စမ်းသပ်ရာ၌သာ ပို၍သင့်တော်သည်ဟု လီယုံ တွေးလိုက်မိသည်။
သူ သေသေချာချာ တွေးတော၍ အလေးအနက် လေ့လာသင်ယူပါက သူ့၌ အဆုံးမသတ်နိုင်သော ကောင်းမွန်သည့် ဖော်မြူလာများ ရလာလိမ့်ဟု ခံစားနေမိသည်။
"ဒါက တကယ် အကူအညီဖြစ်ပါ့မလား"
ဝူယွိထင်က လီယုံ၏ဖော်မြူလာကို သေချာဖတ်နေသည်ကို မြင်ပြီး ဖုန့်မြောင်မြောင်သည်လည်း လိုက်ဖတ်ကြည့်လိုက်သည်။ ဆေးပင်များအားလုံး၏ နာမည်ကိုတောင်မှ သူမ မသိသလို၊ ထိုအပင်များ၏ လုပ်ဆောင်ချက်များနှင့် ထိရောက်မှုများကိုလည်း သူမ မသိချေ။ ဝူယွိထင်က လီယုံထံသို့ ယွမ်ဆယ်သန်း တန်းလွှဲလိုက်သည်ကို မြင်လိုက်ရသဖြင့် သူမ မေးခွန်းထုတ်လိုက်မိခြင်း ဖြစ်သည်။
"အဲ့ဒါကို ထုတ်လုပ်ပြီးရင် မင်း စမ်းသုံးကြည့်လေ၊ ဒါဆို သိမှာပေါ့"
လီယုံက ပျော်ရွှင်စွာ ရယ်မောနေသည်။ ထို့နောက် ဖုန့်မြောင်မြောင်တစ်ယောက် စိတ်ကြွ၍ အမျိုးသားများ နှာခေါင်းသွေးလျှံနိုင်သော အပြုအမူများ ပြုလုပ်နေသည်ကို သူ စိတ်ကူးယဉ်ကြည့် လိုက်မိသည်။
"ဟွန့် ငါက ချစ်ရေးချစ်ရာကိစ္စကို စိတ်မပါတာမှ မဟုတ်တာ"
ဖုန့်မြောင်မြောင်က လီယုံကို စိုက်ကြည့်၍ အထင်သေးစွာ ပြောလိုက်သည်။
"မြောင် နင် အဲ့ငပျင်းနဲ့ အိပ်ပြီးသွားပြီလား"
ချန်ရှို့ကျွီက ချက်ချင်း ထအော်လာသည်။
"ဟင့်အင်း"
ဖုန့်မြောင်မြောင်၏ မျက်နှာလေးက ထွက်ခါစနေမင်းကဲ့သို့ နီမြန်းလာ၏။
"ဒါဆို နင်က အဲ့ကိစ္စမှာ စိတ်မပါတဲ့သူ မဟုတ်ဘူးဆိုတာ နင် ဘယ်လိုသိလဲ"
ချန်ရှို့ကျွီက ပြုံးစိစိဖြင့် ထပ်ပြောလာသည်။
"မဟုတ်ပါဘူးဆို"
ဖုန့်မြောင်မြောင်က ဒေါသဖြင့် ထအော်လာသည်။ သူမက ရုတ်တရက် ထရယ်လာပြီး ပြောလိုက်သည်။
"နင်က ယောက်ျားတွေကို စိတ်မဝင်စားဘူးလို့ နင် အမြဲမပြောခဲ့ဘူးလား။ နင် စမ်းကြည့်လို့ရတယ်လေ"
"ဟွန့် ငါ မစမ်းကြည့်ချင်ပါဘူး"
ချန်ရှို့ကျွီက ဒေါသတကြီးနှင့် အလျင်စလို ပြောလာသည်။
"ငြင်းမနေကြနဲ့တော့၊ ဒါ ဈေးကြီးတယ်၊ မင်းတို့ စမ်းကြည့်ချင်တယ်ဆိုရင် မင်းတို့ ပိုက်ဆံချေထားမှ ရမယ်"
လီယုံက ခပ်ဖွဖွပြုံးနေသည်။ ချန်ရှို့ကျွီနှင့် ဖုန့်မြောင်မြောင်တို့ အန်ချင်သလို ဖြစ်သွားကြသည်။
ဝူယွိထင်က ဝင်မပြောချေ။ သူမက ထုတ်ကုန်ဖော်မြူလာကို အကြိမ်ကြိမ် သေချာဖတ်နေပြီးနောက် လူတိုင်းကို တိတ်တိတ်နေရန် အချက်ပြလာသည်။ ထို့နောက် သူမက ဖုန်းကိုထုတ်၍ ကုမ္ပဏီ၏ သုတေသနနှင့် တီထွင်ထုတ်လုပ်မှု ဝန်ထမ်းကို တန်းဖုန်းဆက်ကာ ညတွင်းချင်း စမ်းသပ်ကြည့်ရန် ညွှန်ကြားလိုက်သည်။
ထို့နောက် ဝူယွိထင်၏ စကားအတိုင်း ချန်ရှို့ကျွီက လီယုံအား ဟန်မိသားစု၏ အိမ်တော်ရှေ့ ချပေးလိုက်ပြီးနောက် ခပ်သုတ်သုတ် ပြန်ထွက်သွားသည်။
မတူညီသော ထုတ်ကုန်ဖော်မြူလာနှစ်ခုက ဝူယွိထင်အား အချိန်တစ်ခုထိ အလုပ်များစေမည်ပင်။ ဤထုတ်ကုန်အသစ်အား ထုတ်လုပ်ပြီး ဈေးကွက်ထဲ သွင်းပြီးနောက် အခြားကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်ခြင်းက ဝူယွိထင်၏ အားအင်ကို အတော်လေး ကုန်ဆုံးစေလောက်သည်။
ဟန်မိသားစု၏ အိမ်တော်အရှေ့၌ သက်တော်စောင့်က လီယုံ ပြန်လာသည်ကို မြင်လိုက်သည်။ သူက ပြုံး၍ ခြံဝန်းတံခါးကို ဖွင့်ပေးလိုက်သည်။
လီယုံက သူ၏အဝတ်အစားကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်လိုက်ပြီး အထဲသို့ ဝင်သွားလိုက်သည်။
ဧည့်ခန်းထဲတွင် ဟန်လူသည် စာရွက်စာတမ်းများအား စားပွဲပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း ပစ်ချလိုက်သည်။ ထို့နောက် သူမက ဆတ်ခနဲ မတ်တပ်ထရပ်ကာ ဒေါသတကြီး စကားဆိုလာသည်။
"သူတို့က ဆေးကုန်ကြမ်းပစ္စည်းတွေ ထောက်ပံ့တာကို ဖြတ်လိုက်တယ်လား။ ကျွန်မတို့ ဆေးဝါးထုတ်လုပ်ရေး စက်ရုံက ဘယ်လိုလုပ် ဆေးတွေကို ထုတ်လို့ရတော့မှာလဲ"
သူ၏ချစ်စဖွယ်ကောင်းသော ဇနီးလေးသည် ထိုမျှစိတ်တိုတတ်သူ ဖြစ်သည်။ လီယုံ ပြတင်းပေါက်မှ လှမ်းကြည့်နေရင်းမှ အံ့အားသင့်သွားရသည်။
ဟန်လူ၏ အရှေ့၌ ရပ်နေသော လူလတ်ပိုင်းအရွယ် အမျိုးသမီးသည် လူလူ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သည်။ သူမ၏ နာမည်ကား ဟွမ်အန်းဟယ်ဖြစ်သည်။ ဟန်လူ နေမကောင်း၍ အိမ်၌နေနေသည့် အတောအတွင်း သူမက ကုမ္ပဏီ၏ တိကျသော အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းလေသည်။
ဟွမ်အန်းဟန်သည် ဟန်လူ၏ သဘောတူညီချက်နှင့် လက်မှတ်အတွက် လက်ထောက်တစ်ယောက်အား အရေးကြီးသော စာရွက်စာတမ်းများကို ပို့ပေးရန် အမြဲခိုင်းစေပြီး အကောင်အထည်ဖော်ရန်အတွက် ထိုစာရွက်စာတမ်းများကို ပြန်သယ်လာခိုင်းလေ့ရှိသည်။ ယနေ့တွင်တော့ သူမကိုယ်တိုင် လာနေ၏။
ဟန်လူက သူမထက် ဆယ်နှစ်ငယ်သော်လည်း ဟန်လူရှေ့တွင် သူမက ဟန်လူထက် ဆယ်နှစ်ပိုငယ်နေပုံပေါ်နေသည်။
ဟန်လူကသာ သူဌေးဖြစ်သောကြောင့် ကိစ္စအကြောင်းအရာ တော်တော်များများကို ဟန်လူ ဆုံးဖြတ်မှဖြစ်မည်။
ဟန်တုန်းထောင်က ဟန်လူကို ကုမ္ပဏီတစ်ခု လွှဲပေးလိုက်ရသည့် ရည်ရွယ်ချက်မှာ ဟန်လူကို လေ့ကျင့်ပျိုးထောင်ပေးချင်၍ ဖြစ်သည်။ ဟွမ်အန်းဟယ်သည် ဟန်တုန်းထောင်က ဟန်လူထံသို့ သီးသန့်ပို့ထားပေးသည့် လူဖြစ်ပေ၏။ ဟွမ်အန်းဟယ်သည် ဟန်တုန်းထောင်၏ ကောင်းမွန်သော ရည်ရွယ်ချက်ကို သိသဖြင့် သူမသည်လည်း ဟန်လူအား စိတ်ပါလက်ပါ လေ့ကျင့်ပေးလေသည်။
"လက်ကျန်ဘယ်လောက် ရှိသေးလဲ"
ဟန်လူက စာရွက်စာတမ်းများကို ပြန်စုစည်း၍ စားပွဲ၌ ပြန်ထားလိုက်ရင်း မေးလာသည်။
"ဥက္ကဋ္ဌဟန် ဂိုဒေါင်ထဲမှာ အရန်ဆေးကုန်ကြမ်းပစ္စည်းတွေ သိပ်မကျန်တော့ဘူး၊ ပြီးတော့ အဲ့ဒါတွေက အလွန်ဆုံး သုံးရက်စာလောက်ပဲ ရှိတယ်"
ဟွမ်အန်းဟယ်က လေသံတိုးတိုးဖြင့် ပြောလာသည်။
"အဲ့ဒါတွေကို တစ်ခြားနေရာက ဝယ်လိုက်။ ကျောက်မိသားစု တစ်ခုတည်းက ဆေးကုန်ကြမ်း ပစ္စည်းတွေကို တင်သွင်းတာ မဟုတ်ဘူး"
ဟန်လူက အံကိုကြိတ်၍ ပြောလိုက်သည်။
"ဈေးပိုပေးရမယ်ဆိုရင်တောင်မှ ကျွန်မတို့ ဝယ်ထားသင့်တယ်၊ အဲ့ဆေးနှစ်မျိုးက ကျွန်မတို့ကုမ္ပဏီရဲ့ အဓိကကုန်ပစ္စည်းတွေပဲ။ ကျွန်မတို့ အဲ့ဆေးတွေ ထုတ်တာကို လုံးဝရပ်လိုက်လို့ မဖြစ်ဘူး"
"ဥက္ကဋ္ဌဟန် ကျွန်မ ဆေးကုန်ကြမ်းပစ္စည်းတွေကို တင်သွင်းတဲ့ အခြားတင်သွင်းသူတွေကိုနဲ့ ဆက်သွယ်ပြီးသွားပြီ၊ ဒါပေမဲ့ ကျွန်မတို့ လိုအပ်တဲ့ ဆေးကုန်ကြမ်းပစ္စည်းတော်တော်များများက ပြတ်နေတယ်။ တစ်ချို့လူတွေမှာ ရှိတယ်ဆိုရင်တောင်မှ ဈေးက နည်းနည်းလေး ကြီးနေတာ မဟုတ်ဘဲ နှစ်ဆဖြစ်နေတာ"
"ဘာ"
ဟန်လူ ဆိုဖာပေါ် ထိုင်ချလိုက်မိပြီး မကောင်းသော ခံစားချက်မျိုး ရလိုက်မိသည်။ သူမ တစ်ခဏမျှ စဉ်းစားနေပြီးနောက် စကားစလိုက်သည်။
"ဒါ လက်မခံနိုင်စရာ ကောင်းလွန်းတယ်။ အရင်နှစ်တွေတုန်းက ကျွန်မတို့လိုအပ်တဲ့ ဆေးကုန်ကြမ်း ပစ္စည်းတွေ ဈေးကွက်မှာ အများကြီးရှိပါတယ်။ ရှင် ဒီကိစ္စကို စုံစမ်းကြည့်ပြီးပြီလား"
"ဟုတ်ကဲ့၊ လွန်ခဲ့တဲ့ဆယ်ရက်က ကျောက်မိသားစုရဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက အဲ့ဆေးကုန်ကြမ်း ပစ္စည်းတွေကို ဈေးကြီးပေးပြီး ဝယ်ခဲ့ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ကျွန်မတို့ လိုအပ်တဲ့ ဆေးကုန်ကြမ်း ပစ္စည်းတွေအားလုံး သူတို့ ဝယ်တာကို ခံလိုက်ရတာပါ။ ဈေးကွက်ထဲမှ တစ်ချို့တလေ ကျန်နေသေးတယ်ဆိုရင်တောင်မှ ဈေးက နှစ်ဆမက ဖြစ်နေပါတယ်။ ကျောက်မိသားစုက ဆေးကုန်ကြမ်းပစ္စည်းတွေနဲ့ ပြည့်နေတဲ့ ဂိုထောင်တစ်ခု ဆောက်နေတယ်လို့ ပြောကြပါသေးတယ်။ သူတို့က ကျွန်မတို့ ကုမ္ပဏီကို ပစ်မှတ်ထားနေတာလို့ ကျွန်မ ထင်တယ်"
ဟွမ်အန်းဟယ် ဖြည်းဖြည်းချင်းနှင့် အစီအစဉ်ကျနာစွာ ပြောလာသည်။ သူမသည် ဟန်လူအရှေ့၌ အိမ်တော်ထိန်းတစ်ယောက်ကဲ့သို့ ရပ်နေ၏။
*သူတို့က ဘာတွေလုပ်ချင်နေတာလဲ။ သူတို့မှာ ဆေးကုန်ကြမ်းတွေ အများကြီးရှိနေတာတောင် ရောင်းမပစ်ဘူး။ အဲ့ဆေးကုန်ကြမ်းပစ္စည်းတွေ ဆွေးမြည့်သွားမှာကို သူတို့ မကြောက်ဘူးလား။ သူတို့က ဈေးကိုမြှင့်ချင်နေတာလား*
ဟန်လူ တွေးနေမိသည်။
"ဥက္ကဋ္ဌဟန် ကျွန်မတို့ ကျောက်မိသားစုနဲ့ ဆက်သွယ်ကြည့်ပြီးပါပြီ။ သူတိုက ဈေးကို မမြှင့်ချင်ဘူး၊ ပြီးတော့ ကျွန်မတို့နဲ့ ပူးပေါင်းချင်တယ်လို့ ပြောပါတယ်။ ရှင် သူတို့နဲ့ ကိုယ်တိုင်ကိုယ်ကျ စကားလာပြောသင့်တယ်လို့ သူတို့က ပြောလိုက်ပါသေးတယ်။ မစ္စတာကျောက်က ရှန်းကုန်းဟိုတယ်မှာ အဆင့်သင့် စောင့်နေတယ်လို့ သူတို့က ပြောပါတယ်"
ဟွမ်အန်းဟယ်က ညင်သာစွာ ပြောလိုက်သည်။
"ကျွန်မအဖေ သိလား"
ဟန်လူက သူမဒေါသကို ဖိနှိပ်ထားရင်း မစ္စတာကျောက်ဆိုသူက ကျောက်ဟုန်ယုလားဟု မေးလိုက်သည်။ ထိုလူအကြောင်း တွေးလိုက်မိသည်နှင့် ဟန်လူ စိတ်ပျက်သွားရသည်။
"သိပါတယ်၊ သဘာပတိက ရှင့်ဘာသာရှင် ဖြေရှင်းသင့်တယ်လို့ ပြောလိုက်ပါတယ်"
ဟွမ်အန်းဟယ်သည် ဟန်တုန်းထောင်ထံသို့ အရင် တင်ပြထားပြီးသား ဖြစ်သည်။ ဟန်လူက နေမကောင်းဖြစ်ပြီး အိမ်၌နေနေရသဖြင့် သူမက ကုမ္ပဏီ၌ ဘာကိစ္စပဲဖြစ်ဖြစ် ဟန်တုန်းထောင်ကို အရင်တင်ပြလေ့ရှိသည်။ ယခင်တုန်းက ဟန်တုန်းထောင်သည် ရှေ့ထွက်၍ ထိုကိစ္စများကို ဖြေရှင်းသော်လည်း ယခုတစ်ခေါက်တွင်တော့ ဟန်တုန်းထောင်က ဟန်လူကို ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းစေချင်နေ၏။
"ကျွန်မ နားလည်ပြီ"
ဟန်လူက ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
"မိန်းမ မင်း ဘာလို့ ဒီလောက် မရွှင်မပျဖြစ်နေရတာလေ၊ လုပ်ပါ၊ ပြုံးပါဦး"
ထိုစဉ် လီယုံက ပျော်ရွှင်စွာ ဝင်လာသည်။ သူ၏မျက်လုံးများက ဟန်လူပေါ် ကျရောက်နေပြီး မျက်လုံးကိုမှေး၍ သူမကို စိုက်ကြည့်လို့နေသည်။
ယခုအချိန်တွင် ဟန်လူက အပြာနှင့်အဖြူရောင် အားကစားဝတ်စုံကို ဝတ်ထားသဖြင့် အလွန် ပေါ့ပေါ့ပါးပါးနိုင်ကာ ဖက်ရှင်ကျလှပေ၏။ သူမ ယခုလေးတင် လမ်းလျှောက်စက်ပေါ်မှ ဆင်းလာပုံပေါ်ပြီး သူမနဖူးပေါ်မှ ဆံစလေးများက ယခုထိ ချွေးများဖြင့် စိုနေသေးသည်။
သူမ၏ သိမ်မွေ့သော ကော်လာအဝိုင်းလေးမှနေ၍ သူမ၏ ဆွဲဆောင်မှုရှိသော ညှပ်ရိုးလေးကို အထင်းသား မြင်နေရသဖြင့် လီယုံအတွက် သေစေနိုင်လောက်သည့် ဖြားယောင်းမှုတစ်ခုလို ဖြစ်နေ၏။ သူမ၏ နီမြန်းနေသော အသားအရေက မှည့်နေသော ပန်းသီးလေးသဖွယ် ဖြစ်နေပြီး လီယုံ ကိုက်ချင်စိတ် ဝင်နေသည်။
ဟန်လူက လီယုံ၏ အရူးအမူးဖြစ်နေသော မျက်လုံးများကို မြင်သည်နှင့် စာရွက်စာတမ်းများအား ဟွမ်အန်းဟယ်လက်ထဲ အသည်းအသန် ထိုးပေး၍ ဟွမ်အန်းဟယ်အား ထွက်သွားရန် ပြောလိုက်သည်။
ဟွမ်အန်းဟယ် ဧည့်ခန်းထဲမှ ထွက်သွားသည်နှင့် ဟန်လူက လီယုံအား ခပ်ကြမ်းကြမ်း စိုက်ကြည့်ကာ အံကိုကြိတ်၍ ပြောလိုက်သည်။
"အပြင်လူတွေ ရှိနေတဲ့အချိန်မှာ ရှင် စနောက်မနေသင့်ဘူး"
"ဒါဆို ကိုယ် ဘယ်လိုနေသင့်လဲ"
လီယုံက ပြုံး၍မေးလိုက်သည်။
"တည်တည်တံ့တံ့နေ"
ဟန်လူ အံကိုကြိတ်ထားသည်။
"ကိုယ်မှ တည်တည်တံ့တံ့မနေတတ်တာ"
လီယုံက ပျော်ရွှင်စွာ ရယ်မောနေသည်။
"ဟွန့်"
ဟန်လူ လှေကားဘက်သို့ လျှောက်သွားလေသည်။
လီယုံက သူမနောက်မှ လိုက်လာပြီး ပျော်ရွှင်စွာဖြင့် ဆက်ပြောလိုက်သည်။
"မိန်းမ ဘဝဆိုတာက ပျော်စရာတွေနဲ့ ပြည့်နေတာလေ။ ကမ္ဘာကြီးက ဒီလောက်လှတာ၊ မင်းက ဘာလို့ မရွှင်မပျ ဖြစ်နေရတာလဲ"
"ရှင့်အလုပ် မဟုတ်ဘူး"
ဟန်လူက အေးတိအေးစက် ပြန်ပြောလိုက်သည်။
"မင်းကို ပျော်သွားအောင် လုပ်ပေးနိုင်တဲ့ အကြံတစ်ခု ကိုယ့်မှာရှိတယ်။ မင်း စမ်းကြည့်ချင်လား"
"ဘာအကြံလဲ"
ဟန်လူက မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ လမ်းလျှောက်နေသည့်အရှိန်ကို လျှော့၍ မေးလိုက်သည်။
"ကိုယ်တို့ အတူနေပြီး လင်မယားအရာ မြောက်တာလေ"
လီယုံက ဝမ်းသာအားရ ပြော၍ မျှော်လင့်နေသော မျက်နှာထားမျိုး ဖော်ပြလာသည်။
"ကျွန်မ စိတ်မပါဘူး"
ဟန်လူက လီယုံကို စိုက်ကြည့်ကာ သူမ၏ လမ်းလျှောက်နှုန်းကို မြှင့်လိုက်သည်။ လီယုံက သူမနောက်မှ ဆက်လိုက်၍ ပြောနေသည်။
"မိန်းမ မင်း ပျော်စရာကောင်းတဲ့အရာတွေကိုပဲ တွေးနေသင့်တယ်။ ဘဝရဲ့ ပျော်စရာ လေးခုက ဘာလဲ မင်းသိလား။ ဘဝရဲ့ ပျော်ရွှင်မှုလေးခုက အကြာကြီး မိုးခေါင်နေတဲ့အချိန်မှာ မိုးရွာလာတာ၊ ဝေးကွာတဲ့အရပ်က မိတ်ဆွေဟောင်းနဲ့ ပြန်တွေ့ရတာ၊ မင်္ဂလာဦးညကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းတာနဲ့ အစိုးရစာမေးပွဲကို အောင်မြင်သွားတာတွေပဲ။ မင်းက မိုးခေါင်နေတဲ့ စိုက်ကွင်းဆို ကိုယ်က အခုမှရွာကျတာတဲ့မိုးပေါ့။ တကယ်လို့ မိုးရေစက်တွေက မင်းအပေါ် ကျလာမယ်ဆို မင်း စိတ်ပါလာမှာပါ"
"ဘန်း"
ဟန်လူသည် အခန်းထဲ ဝင်သွားပြီးနောက် တံခါးကို အရှိန်နှင့်ဆောင့်ပိတ်၍ လော့ဒ်ချလိုက်သည်။
"ဟွန့် ကျွန်မ မိုးပဲအခေါင်ခံနေလိုက်မယ်"
ဟန်လူ မှန်ထဲမှနေ၍ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်ပြီးနောက် အံကြိတ်လိုက်သည်။
ထို့နောက် ဟန်လူသည် တစ်ခဏမျှငြိမ်၍ ကိုယ့်ကိုယ်ကိုယ် ကြည့်နေပြီးနောက် နှစ်ကြိမ်မျှ အသက်ပြင်းပြင်းရှူလိုက်ပြီး အဝတ်လဲလိုက်သည်။
ကျောက်ဟုန်ယုနှင့် တွေ့ရမည့်အကြောင်း သူမ ပိုတွေးမိလေ၊ သူမ ပို၍စိတ်ပျက်လာသလို ခံစားလာရသည်။
သို့သော် သူမ ကုမ္ပဏီအတွက် သွားမှဖြစ်ပေမည်။
ဟန်လူက သူမ၏ အားကစားဝတ်စုံကို တစ်ခုချင်းစီ ချွတ်လိုက်သည်။ ထိုဝတ်စုံကို လျော်ဖွတ်ရမည် ဖြစ်သောကြောင့် အားလုံးကို ကြမ်းပြင်ပေါ် ပစ်ထားလိုက်သည်။ သူမ၏ တောက်ပ၍ ကောင်းမွန်သော သဲနာရီသဖွယ် ခန္ဓာကိုယ်အချိုးအစားကို ကြည့်ရင်း ဟန်လူ အလွန်ဂုဏ်ယူနေမိသည်။
သို့သော် သူမသည် ယောက်ျားသားများ၏ မျက်နှာထားများကို တွေးမိပြီးနောက် ထပ်မံ၍ စိတ်ပျက်သွားပြန်သည်။
ဟန်လူက သူမ၏ နောက်ဆုံးကျန်ရစ်နေသော အဝတ်အစားကို အားမရှိစွာ ချွတ်နေသည်။ သူမ ဗီရိုကို ဖွင့်၍ ဝတ်မည့်အဝတ်အစား ရှာတော့မည့်အချိန်တွင် ရုတ်တရက် သူမနောက်၌ တစ်ယောက်ယောက် ရှိနေသလို ခံစားမိသည်။ သူမ တအံ့တဩနှင့် နောက်လှည့်လိုက်သောအခါ အခန်းထဲရှိနေသူက လီယုံမှလွဲ၍ အခြားမည်သူ ရှိနိုင်မည်နည်း။
"ရှင် ဘယ်လိုဝင်လာတာလဲ"
ဟန်လူသည် စောင်ကို ကပျာကယာဆွဲယူ၍ သူမကိုယ်ကို လွှမ်းလိုက်ပြီးနောက် ဒေါသတကြီး မေးလိုက်သည်။
သူမ တံခါးကို ယခုလေးတင် လော့ဒ်ချလိုက်ကြောင်း သူမ သေသေချာချာ မှတ်မိပါသည်။ တံခါးသော့သည် အရည်အသွေး မြင့်မားသော သော်တစ်ခုဖြစ်ပြီး ဤအိမ်တော်ကို မွမ်းမံစဉ်က သော့စက်ရုံတစ်ခုမှ အထူးသီးသန့် မှာယူထားခြင်း ဖြစ်သည်။
စက်ရုံဒါရိုက်တာက အတော်ဆုံးသော့ဖွင့်ဘုရင်များ လာလျင်တောင်မှ ဤတံခါးအား အချိန်တိုလေး အတွင်း မဖွင့်နိုင်ဟု တစ်ချိန်က ကြွားလုံးထုတ်ခဲ့ဖူးသည်။
သို့သော် လီယုံကတော့ ခဏလေးအတွင်း ဝင်လာနိုင်နေသည်။
YOU ARE READING
နတ်မျက်စိရှင် သမားတော် [Chapter 1-200]
Fantasyဇာတ်လမ်းအကျဉ်း အခြား ဆေးကျောင်းသားများကဲ့သို့ လီယုံသည် ကြိုးစားပမ်းစားနှင့် ဆေးရုံတစ်ရုံ၌ အလုပ်သင် ဆရာဝန် အဖြစ် အလုပ်ရခဲ့သော်လည်း ပိုက်ဆံ ပြတ်လပ်နေသေးသည်။ သူ့၌ အိမ်ငှားခအတွက် ပေးရန် ပိုက်ဆံမရှိပေ။ သို့သော် တိုက်ဆိုင်မှုတစ်ခုကြောင့် သူသည် သူ့မိဘများ...