နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han Shinစာစဉ် (5) CHAPTER (74) ငွေရှာရန် အခြားနည်းလမ်းရှာခြင်း
စွန်းရှောင်မိန် တစ်ဘက်လှည့်၍ ထွက်သွားချိန်ကျမှ သူ အဝတ်မဝတ်ရသေးသည်ကို သတိထားမိသွားသည်။ သူ ချက်ချင်း လမ်းလျှောက်နေရာမှ ရပ်လိုက်မိသည်။ သို့မဟုတ်ပါက သူမကို သူ အမှီလိုက်၍ အသေးစိတ် ရှင်းပြနိုင်မည် မဟုတ်ပေ။
"ဘာလို့လဲ။ ဘာတွေဖြစ်နေတာလဲကွာ"
လီယုံသည် ကိုယ့်ဆံပင် ကိုယ်ဆုပ်ထားမိရင်း စိတ်ပျက်လက်ပျက်နှင့် ဆောင့်ကြောင့်ထိုင် ချလိုက်မိသည်။
အကယ်၍ ဟန်ဖေးနှင့် သူ နှစ်ဦးတည်းသာ ဤကိစ္စကို သိထားပါက အရာအားလုံး အဖတ်ဆယ်လို့ ရလောက်သည်။ သို့သော် ယခုအခါတွင် စွန်းရှောင်မိန်တောင်မှ ဒီကိစ္စကို သိသွားသဖြင့် အရာအားလုံး အဖတ်ဆယ်လို့ မရအောင်ကို စည်းကျော်သွားခဲ့လေပြီ။
အပြင်ဘက်၌ ဟန်ဖေးက စွန်းရှောင်မိန်အား ဆက်တိုက်ရှင်းပြနေသည်ကို ပြတ်တောင်းပြတ်တောင်း ကြားနေရ၏။
"အမေ၊ ဒါ အမေထင်သလို မဟုတ်ပါဘူး။ အစ်ကိုယုံနဲ့ သမီးက ဖြူစင်ပါတယ်၊ သမီးတို့ကြားမှာ ဘာမှမဖြစ်ခဲ့ပါဘူး ..."
နာရီဝက်ကြာပြီးနောက် လီယုံသည် အောက်ထပ်မှ ဧည့်ခန်းသို့ ဆင်းလာရန် အခေါ်ခံလိုက်ရသည်။
ယခုအချိန်တွင် ဟန်တုန်းထောင်သည်လည်း ဧည့်ခန်း၌ ရှိနေ၏။ မနေ့ညက သူ ဝိုင်အသောက် များခဲ့သော်လည်း ယနေ့တွင် နိုးနိုးကြားကြား ရှိနေပုံပေါက်ပြီး ခံ့ညားသော အရှိန်အဝါအပြည့်နှင့် ဖြစ်နေ၏။ ဟန်တုန်းထောင်ကိုမြင်ပြီး လီယုံသည် မျှော်လင့်အားထားရာကို ရှာတွေ့သလို ထင်မြင်မိသွားပြီး အသည်းအသန် ရှင်းပြလိုက်သည်။
"အဖေ ကျွန်တော် မနေ့ညက မူးနေလို့ပါ။ ဘာတွေဖြစ်ခဲ့သလဲ ကျွန်တော် တကယ် မသိပါဘူး။ အဖေ ကျွန်တော် ဝိုင်တွေအများကြီးသောက်ခဲ့တာကို အဖေလည်း သိတာပဲ၊ ပြီးတော့ ကျွန်တော် သတိလက်လွတ် ဖြစ်နေ ..."
"မင်း ဖေးရဲ့အခန်းထဲမှာ အိပ်ခဲ့လား"
ဟန်တုန်းထောင်သည် လီယုံကို စူးစူးရဲရဲ စိုက်ကြည့်၍ ဒေါသတကြီး မေးလာသည်။
"အဲ့ဒါ ကျွန်တော့်အမှားပါ။ ကျွန်တော် မူးနေလို့ပါ"
ထိုအချက်ကို လီယုံ မငြင်းနိုင်သဖြင့် သူ့ကိုယ်သူသာ အပြင်းအထန် အပြစ်တင်မိသည်။
ဟန်တုန်းထောင်က စားပွဲကို ဖြန်းခနဲ ရိုက်ကာ ဒေါသတကြီး အော်ဟစ်လာသည်။
"ဝိုင်လေးနှစ်ပုလင်းလေး သောက်တာနဲ့ မင်း ဘယ်လိုလုပ် မူးနိုင်ရတာလဲ။ ငါတောင်မှ ဝိုင်သောက်ပြီး မူးနေရင်တောင် မင်းလိုမျိုး အဲ့လိုကိစ္စတွေ ဘယ်တော့မှ မလုပ်ခဲ့ဘူး။ မင်း တမင်သက်သက် လုပ်ခဲ့တာ သိသာတယ်ကွ"
စွန်းရှောင်မိန်က ဟန်တုန်းထောင်ကိုဆွဲ၍ နားချလေ၏။
"စိတ်လျှော့ပါ၊ သိပ်အသံမကျယ်နဲ့။ အခြားလူတွေ ကြားသွားရင် ကျွန်မတို့ကို လှောင်ရယ်နေဦးမယ်။ ကျွန်မတို့အားလုံးက မိသားစုတွေ ဖြစ်နေလို့တော်သေးတယ်၊ သူသာ သူစိမ်းလူ ဖြစ်နေရင် ကျွန်မတို့ သူ့ကို လျော်ကြေးတောင်းမိမှာ"
"ဟ ... ဒါ ပိုက်ဆံက အဓိကမဟုတ်ဘူးကွ"
ဟန်တုန်းထောင် မခံမရပ်နိုင် ဖြစ်နေသေးသည်။ ဟန်လူက လီယုံကို စူးစူးဝါးဝါး စိုက်ကြည့်၍ ပြောလာသည်။
"ရှင်ပြောတော့ ကျွန်မကို ချစ်တယ်ဆို။ ရှင် တကယ် ကျွန်မကို ရှင့်မိန်းမလို သဘောထားလို့လား"
လီယုံ ခေါင်းကိုငုံ့၍ မလုံမလဲဖြစ်သောစိတ်ဖြင့် ရှင်းပြလိုက်သည်။
"ဒါ ကိုယ့်အမှားပါ။ ကိုယ် နောက်တစ်ခါ ဘယ်တော့မှ အခန်းမှားမအိပ်တော့ပါဘူး။ ကိုယ် ဖေးခုတင်ပေါ်မှ အိပ်မိရုံလေးပါ။ ကိုယ် ဖေးနဲ့ ဘာမှမပတ်မိဘူးလို့ ကိုယ် ထင်တာပဲ"
"ထင်တာပဲ၊ ဟုတ်လား။ နားစမ်းပါ။ ဒီကိစ္စက ဒီလောက်ရှင်းလင်းပြီး သက်သေကလည်း မငြင်းသာအောင် ခိုင်မာနေတဲ့ဟာကို"
ဟန်တုန်းထောင်က နောက်တစ်ခါ ထပ်မံ၍ ဒေါသတကြီး ထအော်လာသည်။ ဟန်ဖေးက ရုတ်တရက် အပြစ်မရှိကြောင်း ဝင်ပြောလာသည်။
"သမီးနဲ့ အစ်ကိုယုံကြားမှာ တကယ် ဘာဆိုဘာမှမဖြစ်ခဲ့ပါဘူး။ သမီးတို့ အပြစ်ကင်းပါတယ်"
"ပါးစပ်ပိတ်ထား"
ဟန်တုန်းထောင် ဒေါသဖြင့် ကြိမ်းဝါးလိုက်သည်။
ဟန်ဖေး လျှာထုတ်မိသွားသည်။ နားလည်မှုလွဲခံရတာက တော်တော်လေး ဆိုးဝါးလှသည်။ ထိုစဉ်အခါက သူမသည် လီယုံကို စချင်ရုံသာဖြစ်သော်လည်း စွန်းရှောင်မိန် ကြားသွားလိမ့်မည်ဟု ထင်မထားမိသဖြင့် စိတ်မချမ်းမသာဖြစ်သွားရသည်။
လီယုံက ပို၍ဝမ်းနည်းနေပြီး ပို၍စိတ်မသက်မသာ ဖြစ်နေသည်ကိုတော့ သူမ မသိချေ။ သူ လူတိုင်းနှင့် ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲ မသိတော့။ သူသည် ပက်ကြားအက်နေသော မြေကြီးကို ရှာ၍ ဝင်ပုန်းချင်နေပြီး ဘယ်တော့မှ ပြန်ထွက်မလာချင်တော့ပေ။
လူတိုင်း တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ စွန်းရှောင်မိန်နှင့် ဟန်တုန်းထောင်တို့ တစ်ယောက်ကို တစ်ယောက် အကြည့်ချင်းဖလှယ်နေပြီးနောက် စွန်းရှောင်မိန်ဘက်မှ စကားစလာသည်။
"ငါ တုန်းထောင်နဲ့ ဆွေးနွေးပြီးပြီ။ ဒါက နားလည်မှုတစ်ခုပဲ။ ဒီအကြောင်းကို ဘယ်သူမှမပြောနဲ့တော့"
"ကျွန်တော် သေသွားမယ်ဆိုရင်တောင်မှ ဘာမှပြောမှမဟုတ်ပါဘူး"
လီယုံ အလျင်စလို ပြောလိုက်သည်။
"သမီးရောပဲ"
ဟန်ဖေးက ပထမဆုံး သံယောင်လိုက်၍ လိုက်ပြောလာသည်။
"သမီး သူနဲ့ ကွာရှင်းချင်တယ်"
ဟန်လူသည် စိတ်မရှည်တော့ဘဲ လီယုံကို လက်ညှိုးထိုး၍ ပြတ်သားစွာပြောလိုက်သည်။
"ကွာရှင်းမယ် ဟုတ်လား။ မင်းက နောက်ဆို လီယုံနဲ့ နေရမှာလေ။ ဝူလုပ်ငန်းစုတစ်ခုလုံးကို မင်းဆီ လက်လွှဲမလို့လေ"
ဟန်တုန်းဖောင် အမိန့်ပေးလိုက်သည်။ လီယုံ အမှားလုပ်ခဲ့မိသော်လည်း လီယုံ၏ အဆင့်အတန်းက ပြောင်းလဲသွားမည် မဟုတ်ပါ။ သူ စိတ်ပိုင်းဖြတ်ထားပြီး လီယုံနှင့် ဟန်လူတို့ကိုလည်း အတူရှိနေစေချင်၏။
လီယုံ၏ဆေးပညာက ထူးချွန်နေရုံသာမက လီယုံသည် သိုင်းပညာရှင် တစ်ယောက်ပါ ဖြစ်နေသောကြောင့်ပင်။ သိုင်းပညာ တတ်မြောက်သော သားမက်တစ်ယောက် ရှိသည်နှင့် လူဆိုးများက သူ့သမီးကို အနိုင်ကျင့်လာမည်ကို သူ စိုးရိမ်စရာ မလိုတော့ချေ။
"လူ အဲ့လိုထပ်မပြောနဲ့တော့"
စွန်းရှောင်မိန်ကလည်း သူ့သမီးကို ဖျောင်းဖျလိုက်သည်။ ယခုအချိန်တွင် ဟန်လူ၏ကိုယ်ထဲမှ အဆိပ်သည် အရှင်းမပျောက်သေးပါ၊ ထို့ကြောင့် သူမ ဤအိမ်ထောင်ရေးကို အတင်းအကျပ် ဆန့်ကျင်နေလျင်တောင်မှ စွန်းရှောင်မိန် သူတို့ကို ကွာရှင်းခွင့်ပေးမည် မဟုတ်ပါ။
သူတို့အားလုံး ဟန်လူအတွက် တွေးပေးနေခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့ လီယုံကို သိပ်အပြစ်တင်လို့ မရနိုင်ပေ။ အကယ်၍ လီယုံသာ သူတို့ရန်သူ ဖြစ်လာပါက သူတို့၏သမီးကို မည်သူမျှ ကယ်နိုင်တော့မည် မဟုတ်။
တစ်ခါတစ်ရံ ထင်မှတ်မထားသည့်အရာမျိုးနှင့် မိမိ ကြုံတွေ့လာရပါက ထိုကိစ္စအား မိမိ မဖြေရှင်းနိုင်သေးသည့် အချိန်အတောအတွင်း သည်းခံထားနိုင်ရုံသာ တတ်နိုင်ပေ၏။
လီယုံ ခေါင်းငုံ့ထားမိသည်။ ယခုအချိန်တွင် သူ ဘာပြောလို့ပြောရမှန်း မသိတော့။ မနေ့ညက အခြေအနေကိုသာ သူ တွေးနေမိသည်။ သူ့ကိုယ်အောက်၌ အမျိုးသမီးတစ်ယောက် ရှိနေသည်ကို သူ ခံစားမိသော်လည်း ထိုအမျိုးသမီးက ဟန်လူဆိုတာ အရှင်းသားပင်။
ဝိုင်အသောက်လွန်ထားသောကြောင့် သူ့မှတ်ဉာဏ်များက ဝိုးတိုးဝါးတား ဖြစ်နေပြီး ဘာဖြစ်ခဲ့သလဲ ဆိုတာကို သူ တကယ်မသိပေ။
သူ မျက်လုံးဖွင့်လိုက်ချိန်၌ ဟန်ဖေး အဝတ်လဲနေသည်ကို မြင်လိုက်ရတာကတော့ အမှန်ပင်။ ဟန်ဖေးက ကိုယ်လုံးတီး ဖြစ်နေသဖြင့် သူမအဝတ်အစားတွေကို ဆုတ်ဖြဲလိုက်သူက သူပင် ဖြစ်လောက်သည်။
လီယုံ ကိုယ့်လက်ကိုယ် ပြန်ကြည့်လိုက်မိသော်လည်း ဘာမျှမတွေ့ချေ။
နာရီဝက်မျှ ဆွေးနွေးပြီးနောက် ဟန်တုန်းထောင်နှင့် စွန်းရှောင်မိန်တို့သည် လီယုံနှင့် ဟန်လူတို့ အကြင်လင်မယား ဖြစ်နေသေးသည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ထို့အတူ လီယုံသည် ဟန်လူအား ဆက်၍ဆေးကုသပေးသင့်သည်။ ဟန်ဖေးအတွက်ကတော့ သူမသည် ချက်ချင်း အိမ်ပြောင်း၍ ဒီနေရာ၌ ဆက်မနေရတော့။
ဟန်တုန်းထောင်နှင့် စွန်းရှောင်မိန်တို့ ထွက်သွားချိန်တွင် ဟန်ဖေးကိုပါ အဝေးသို့ ခေါ်သွားကြသည်။
ဟန်ဖေး အိမ်တော်ထဲမှ ထွက်သွားချိန်တွင် သူမက လီယုံကို တောင်းပန်သလို အကြည့်မျိုးနှင့် လှမ်းကြည့်လိုက်ပြီးနောက် လျှာထုတ်၍ စနောက်လိုက်သေးသည်။ လီယုံနှင့် ချစ်ဇာတ်လမ်းဖြစ်ခဲ့သော ဆက်ဆံရေးမျိုး မရှိဘူးဆိုတာကို ဟန်ဖေးတစ်ယောက်တည်းသာ သိနေသည်။ သူမနှင့် လီယုံသည် အမှန်ပင် အပြစ်ကင်း၏။
သို့သော် ဟန်တုန်းထောင်နှင့် စွန်းရှောင်မိန်တို့က သူမ ရှင်းပြသည့်အကြိမ်တိုင်း အမှန်တရားကို ဖုံးကွယ်ချင်နေသည်ဟု ထင်နေကြ၏။ သူမ ကိစ္စများကို ရှင်းလင်းသွားအောင် မလုပ်နိုင်ဘဲ ပို၍ခက်ခဲအောင် လုပ်မိသွားသည်။
ဟန်လူသည်လည်း သူမစကားကို မယုံချေ။ ဟန်ဖေးက သူမအခန်းထဲ မှန်မှန်လာအိပ်မှန်း ဟန်လူ သိသော်လည်း ဟန်ဖေး ဘယ်အချိန် ထွက်သွားမှန်းတော့ သူ မသိပါ။ သူမ နိုးလာချိန်တွင် ဟန်ဖေးနှင့် လီယုံတို့အား စွန်းရှောင်မိန်က တွေ့သွားပြီးပြီဖြစ်ပြီး ဟန်လူက သူမမိခင်စကားကိုသာ အကြွင်းမဲ့ ယုံကြည်သွားသည်။
လီယုံက သူမညီမနှင့် အိပ်ခဲ့သည်ဟု သူမ လက်ခံယုံကြည်နေ၏။ သူမနှင့် လီယုံတို့သည် အမည်ခံ စုံတွဲသာဖြစ်ပြီး ထိုကဲ့သို့ ဆက်ဆံရေးမျိုး မရှိချေ။ ယခု လီယုံက သူမညီမနှင့် အရင်အိပ်ခဲ့လေ၏။ ဟန်လူသည် ဒေါသကြောင့် ကတုန်ကယင် ဖြစ်နေပြီး လီယုံကို ဆွဲစုတ်ချင်စိတ်က ထိန်းမရတော့ပေ။ သူမ မနေ့ညက လီယုံအပေါ် ကောင်းမွန်သော ခံစားချက်မျိုး ရှိခဲ့သော်လည်း ယခုအချိန်တွင်တော့ ထိုခံစားချက်က ပျောက်ကွယ်သွားလေပြီ။ သူမကိုကုသရန် လီယုံအား လိုအပ်နေသေးသည်၊ သို့မဟုတ်ပါက သူမ လီယုံကို ကန်ထုတ်လိုက်မိပြီ ဖြစ်လေသည်။
ဟန်တုန်းထောင်နှင့် စွန်းရှောင်မိန်တို့ ဟန်ဖေးကို ခေါ်ထုတ်သွားပြီးနောက် လီယုံက သက်ပြင်းချ၍ ဟန်လူထံသို့ လှမ်းလိုက်သည်။ သူ ရဲဆေးတင်၍ ပြောလိုက်သည်။
"မိန်းမ ကိုယ်က အပြစ်ကင်းပါတယ်လို့ ပြောမယ်ဆိုရင် မင်း ကိုယ့်ကို ယုံကြည်ပေးမှာလား"
"ကျွန်မကို စကားလာမပြောနဲ့။ ကျွန်မ မကြားချင်ဘူး"
ဟန်လူ ဒေါသတကြီး ပြန်ပြောလာသည်။
"မိန်းမ ...."
လီယုံ သူ့မိန်းမအား စိတ်ချယုံကြည်စေချင်သည်။ သူ အလွန် မအီမသာခံစားနေရပြီး စကားပြောချင်နေ၏။
"ပါးစပ်ပိတ်ထား"
ဟန်လူ ထအော်လာသည်။
လီယုံ မတတ်နိုင်တော့ချေ။ သူ စိတ်တည်ငြိမ်ရန် လိုအပ်သလို ဟန်လူလည်း စိတ်တည်ငြိမ်သင့်သည်ဟု သူ ခံစားလိုက်မိသည်။ သူ ထွက်သွားရန် ရွေးချယ်လိုက်ပြီး မတ်တပ်ထရပ်ကာ အပြင်သို့ ဦးတည်လိုက်ပြီးနောက် လျူချွင်းကို လှမ်းပြောလိုက်သည်။
"လူကို ဂရုစိုက်ပါ။ ငါ ရက်နည်းနည်းကြာရင် ပြန်လာခဲ့မယ်"
"ယုံ နင် ဟန်မိသားစုရဲ့ သမီးအငယ်နဲ့ တကယ် အိပ်ခဲ့တာလား"
လျူချွင်း သိချင်စိတ်ဖြင့် မေးလိုက်သည်။ လီယုံ သက်ပြင်းချလိုက်မိပြီး ပြန်မဖြေလိုက်။ သူ ဘာပြောပြော အသုံးမဝင်ဟု သူ ခံစားနေမိသည်။
ဖြေရှင်းနိုင်စွမ်းက သေးနုပ်လွန်း၏။ သူ ဆိတ်ဆိတ်နေလိုက်တာပါ ပိုကောင်းပေလိမ့်မည်။
"ယုံ ငါ့ဂျူနီယာညီမလေးလည်း နင် ရေးပေးထားတဲ့ မနောကျင့်စဉ်ထဲက အတွင်းအားကို ကျင့်ကြံနေပြီ။ ငါတို့ဆရာက ငါတို့ ယွီဖုန်းကျောင်းတော်က တပည့်တွေ နောင်အနာဂတ်မှာ နင့်ကို အတူတူ ပြုစုပေးဖို့ ဆုံးဖြတ်လိုက်တယ်"
လျူချွင်းက လီယုံကို အိမ်တော်၏ ခြံဝင်းနားသို့ လိုက်ပို့နေရင်း ပြောလိုက်သည်။
"မလိုဘူး၊ ကျေးဇူးပဲ။ မင်းတို့အားလုံးက အသက် ခုနစ်ဆယ်၊ ရှစ်ဆယ် မကောင်းဆိုးဝါးအိုကြီးတွေပဲကို။ မင်းတို့ ပြုစုပေးတာကို ငါ မလိုဘူး"
လီယုံ ထိုသို့ အားမရှိသလိုပြော၍ ခပ်သွက်သွက် ထွက်သွားသည်။ လီယုံ အထီးကျန်စွာ ထွက်သွားသည်။ သူ၏ကျောပြင်ကို ကြည့်ရင်း လျူချွင်း ရယ်လိုက်သည်။ သူမ လက်ကိုမြှောက်၍ ရေရွတ်လိုက်၏။
"ကောင်းလိုက်တာ၊ ဘယ်သူမှလည်း နင့်ကို မပြုစုပေးချင်ပါဘူးနော်။ အခု သူက ငါ့အကြံကို ငြင်းလိုက်မှတော့ ငါနဲ့ ဂျူနီယာ ညီမလေးလည်း ဆရာ့ကို ပြစရာ အကြောင်းပြချက် ရသွားတာပေါ့"
ယုံခန်းဆေးခန်းသို့ လီယုံ ရောက်သည်နှင့် ချက်ချင်း အလုပ်များလေတော့သည်။ နေ့တိုင်း လူနာများကို ဆေးကုပေးပြီး ညဉ့်နက်သည်အထိ အလုပ်လုပ်သည်။ လူနာများကို ဆက်တိုက်ကုသခြင်းက သူ့ကိုယ်သူ ပင်ပန်းစေ၏။
တတိယမြောက်နေ့တွင် ဝူတန်း ရောက်လာသည်။ လီယုံ သူ့ကို သတ်မှတ်ထားသည့်အတိုင်း ကုသပေးလိုက်သည်။
ဝူတန်း အလွန်ဝမ်းသာသွားပြီး ထွက်သွားသည်၊ ထို့အတူ ကျုံးဟိုင်မြို့သို့ ဘယ်သောအခါမှ ပြန်မလာတော့ဘဲ ဖေးဖေး ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီနှင့်ပါ ပြိုင်ဆိုင်ခြင်း မပြုတော့ဟု ကျိန်ဆိုခဲ့သည်။ လီယုံအတွက် သူ စာတစ်စောင် ထားခဲ့ပြီး သူ ထွက်သွားပြီးမှ ထိုစာကို ဖတ်ရန် တောင်းဆိုခဲ့သည်။
ဝူတန်း ကားပေါ်တက်၍ ထွက်သွားသည်နှင့် လီယုံ ချက်ချင်း စာကို ဖွင့်ဖတ်လိုက်သည်။ ထိုစာသည် ဝူတန်းထံမှ အကူအညီတောင်းသည့်စာ ဖြစ်နေ၏။ သူ့ညီမဖြစ်သူ ဝူယွိထင်က အလှကုန်လုပ်ငန်းကို ဆက်၍ လုပ်ကိုင်ရန် ကျုံးဟိုင်မြို့၌ နေလိမ့်မည်ဟု ရေးထားသည်။ ထိုလုပ်ငန်းက ဖေးဖေး ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီနှင့် မည်သည့်ပဋိပက္ခမျှ မရှိသလို တိုက်ရိုက် ပတ်သက်မှုလည်း မရှိချေ။ သူ့ညီမကို လီယုံ ကူညီပေးမည်ဟု သူ မျှော်လင့်နေ၏။
လှပသော ဝူယွိထင်ကို တွေးလိုက်မိသည်နှင့် လီယုံ၏ရင်ထဲ လှိုင်းထလာသည်။
သူ ထပ်၍ စဉ်းစားမိသောအခါ ဝူယွိထင်သည် အလှကုန်လုပ်ငန်းကိုသာ လုပ်ကိုင်နေခြင်း ဖြစ်သည်။ ထိုလုပ်ငန်းသည် ဖေးဖေး ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းနှင့် အပြိုင်အဆိုင် ဆက်ဆံရေးမျိုး မရှိသလို ဝူမိသားစု၏ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းနှင့် တိုက်ရိုက်ပတ်သက်ခြင်းလည်း မရှိချေ။ ဝူယွိထင်က ရန်သူတစ်ယောက် မဟုတ်မှတော့ သူမနှင့် မိတ်ဆွေဖြစ်တာက ပိုကောင်းသော ရွေးချယ်မှုတစ်ခု ဖြစ်လောက်သည်။
သူ ပိုက်ဆံရှာနိုင်သည့် အခြားနည်းလမ်းတစ်ခုကို ရှာတွေ့လာနိုင်သည်။ နည်းလမ်းတိုင်းက ပိုက်ဆံရှာဖွေခြင်းအား ဦးတည်နေ၏။ ပိုက်ဆံရှာနိုင်သည့် နည်းလမ်းများ ပိုရှိနေခြင်းက ကောင်းလှပေသည်။
ထိုကဲ့သို့ အတွေးမျိုး ဝင်လာပြီးနောက် ဝူယွိထင်ထံမှ ဖုန်းခေါ်လာချိန်တွင် ဝူယွိထင်နှင့် တွေ့ဆုံရန် သူ ချက်ချင်း သဘောတူလိုက်သည်။
တွေ့ဆုံမည့်နေရာသည် မြို့လယ်ခေါင်၏ အဓိကနေရာတစ်ခုမှ တန်ဖိုးကြီးပစ္စည်းများနှင့် ပြင်ဆင်ထားသော ကော်ဖီဆိုင်တစ်ဆိုင် ဖြစ်သည်။
အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဝူယွိထင်သည် ကျက်သရေရှိ၍ အလွန် ကြော့မော့လှ၏။ သူမ၏ နှစ်လိုဖွယ်ကောင်းသော မျက်နှာထက်ဝယ် မိတ်ကပ်ပါးပါးလေးက နေရာယူထားပြီး ရှက်သွေးဖြန်း၍ နီမြန်းနေကာ အလွန်စွဲမက်ဖွယ်ကောင်းပုံ ပေါ်နေသည်။
ယနေ့တွေ့ဆုံမှုအတွက် သူမ ဤသို့ ပြင်ဆင်ထားပုံရသည်။ သူမ တော်တော်လေး ပြင်ဆင်လာခဲ့၏။
လီယုံအား ဝန်ထမ်းတစ်ယောက်က သူမဆံ လမ်းညွှန်လာချိန်တွင် သူမကြောင့် သူ ဆွဲဆောင်ခံရလုနီးပါး ဖြစ်သွားရသည်။
"ယုံ ထိုင်ပါဦး"
ဝူယွိထင်က မတ်တပ်ထရပ်ကာ ပြုံး၍ ယုံကြည်စိတ်ချမှုရှိစွာ ပြောလာ၏။
သူမသည် ကော်ဖီနှစ်ခွက်ကို မှာထားပြီး ဖြစ်ပြီး ထိုကော်ဖီ၏ အမျိုးအမည်ကို လီယုံ မသိချေ။ ကော်ဖီသည် အစပိုင်းတွင် ခါးသက်၍ တဖြည်းဖြည်း ချိုမြိန်လာ၏။ ထိုခါးသက်သော အရသာနှင့် ချိုမြိန်သောအရသာက သူ့အား သူ့ဘဝအကြောင်း သိမြင်စေသည်။
ချမ်းမြေ့သော သီချင်းသံနှင့်အတူ မှင်သက်ဖွယ်ကောင်းသော မိန်းမလှလေးက သူ့ရှေ့မှောက် ရှိနေသောကြောင့် လီယုံ သူမနှင့်အတူအိပ်ချင်စိတ် ပြင်းပြလာမိသည်။
ဤရက်ပိုင်းအတွင်း သူခံစားနေရသည့် စိတ်ကျခြင်းကို မောင်းထုတ်လိုက်သလိုပင်။ သူ၏ ပုံမှန်အတိုင်း ပျော်ပျော်နေတတ်သော အကျင့် ပြန်ပေါ်လာ၏။ ကော်ဖီခွက်ကို ပြန်ချလိုက်ပြီး ဘေးဘီကို တစ်ချက်ကြည့်ကာ ပြုံး၍ စကားစလိုက်သည်။
"ဒီနေရာလေးက ကောင်းသားပဲ။ အကြင်နာပေးဖို့ နေရာကောင်းလေးပဲ"
ဝူယွိထင် ရှိုးတိုးရှန့်တန့်ဖြစ်ကာ ကော်ဖီခွက်ကို ဇွန်းလေးဖြင့် မွှေရင်း ပြောလိုက်သည်။
"ယုံ ကျွန်မ လုပ်ငန်းပူးပေါင်းဖို့အတွက် ဒီကိုလာတာ၊ အကြင်နာပေးဖို့ မဟုတ်ဘူး"
"ဟားဟား မင်းက ဘယ်လိုပူးပေါင်းချင်လို့လဲ"
လီယုံသည် ဝေ့လည်ကြောင်ပတ် ပြောတတ်သောယောက်ျားမျိုး မဟုတ်ပေ။ သူတို့နှစ်ယောက်လုံးသည် သူတို့၏ အကျိုးအမြတ်အတွက် ဤသို့ရောက်နေကြခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်အား အကျိုးအမြတ်က လှုံ့ဆော်နေခြင်း ဖြစ်သည်။
"ရှင် ကျွန်မကို ပေးလိုက်တဲ့ ဆေးညွှန်းက တော်တော်လေး ကောင်းတယ်။ ကျွန်မ ထုတ်ကုန်တစ်ခု ထုတ်ကြည့်ပြီး ဈေးကွက်ထဲ ဖြန့်ကြည့်ပြီးပြီ။ တုံ့ပြန့်မှုက တော်တော်လေး ကောင်းတယ်။ ကျွန်မ ပိုက်ဆံတော်တော်လေး ရလိုက်တယ်။ ရှင် အဆင်ပြေတယ်ဆိုရင် ကျွန်မကို နောက်ထပ် ဆေးညွှန်းတွေ ဆက်ပြီး ထောက်ပံ့ပေးပါလား။ ကျွန်မ အဲ့ဒါတွေကို ဝယ်လို့ရတယ်။ ဆေးညွှန်းတစ်ခုကို ယွမ်ငါးသန်းဆိုရင်ရော ဘယ်လိုသဘောရလဲ"
YOU ARE READING
နတ်မျက်စိရှင် သမားတော် [Chapter 1-200]
Fantasiaဇာတ်လမ်းအကျဉ်း အခြား ဆေးကျောင်းသားများကဲ့သို့ လီယုံသည် ကြိုးစားပမ်းစားနှင့် ဆေးရုံတစ်ရုံ၌ အလုပ်သင် ဆရာဝန် အဖြစ် အလုပ်ရခဲ့သော်လည်း ပိုက်ဆံ ပြတ်လပ်နေသေးသည်။ သူ့၌ အိမ်ငှားခအတွက် ပေးရန် ပိုက်ဆံမရှိပေ။ သို့သော် တိုက်ဆိုင်မှုတစ်ခုကြောင့် သူသည် သူ့မိဘများ...