နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han Shinစာစဉ် (5) CHAPTER (71) မိန်းမလှလေးတွေကို ငေးကြည့်ရင်ရတဲ့ ကောင်းကျိုးက အများကြီးရှိတယ်
"နင် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ ..."
ဟန်လူ ခွန်းတုံ့ပြန်လိုက်သည်။
"ငါက အဓိပ္ပာယ်မရှိတာတွေ ပြောတယ်ဟုတ်လား၊ မင်းကိုယ်မင်း ပြန်ကြည့်ဦး၊ ငါ မင်းတို့ကို ဓာတ်ပုံရိုက်ထားပြီးတော့ မင်းအဖေကို ပြရမယ်။ ငါ ဒီအိမ်ထောင်ရေးကို လက်မခံနိုင်တော့ဘူး။ မင်းအဖေ ငါ့ကို ရှင်းပြတာ လိုချင်တယ် ..."
လီယုံက သူ့ဖုန်းကိုထုတ်၍ ဓာတ်ပုံရိုက်လိုက်သည်။ ဟန်လူသည် ဟန်ဖေးအား အားနှင့်တွန်းထုတ်၍ လှုပ်နှိုးလိုက်သည်။ ဟန်ဖေးက မျက်လုံးကိုပွတ်ကာ သမ်းဝေလျက် မေးလိုက်သည်။
"ဘာဖြစ်တာလဲ။ နင် ငါ့ကို ညလယ်ခေါင်ကြီး နှိုးဖို့လိုလို့လားဟာ"
ထို့နောက် သူမသည် ခုတင်ပေါ် ပြန်လဲကျသွားပြီး ပြန်အိပ်သွားလေသည်။ ဟန်လူသည် ခုတင်ပေါ်မှ ခုန်ဆင်း၍ ဒေါသတကြီး ပြောလိုက်သည်။
"လုပ်လေ၊ လုပ်လိုက်စမ်းပါ။ နင် ငါ့ကို မယုံမှတော့ ငါ နင့်ကို ဘာမှပြောစရာမရှိဘူး။ ဒီနေရာကနေ ထွက်သွားလိုက်"
"ဟ ... မင်းက ဒီလိုလုပ်ခဲ့တာလေ။ ငါက မင်းကို ဘယ်လိုယုံရမှာလဲ"
လီယုံသည်လည်း ဒေါသထွက်နေ၏။ သူ အချိန်တိုင်း သတိရနေခဲ့သည့် မိန်းမလှလေးက သူ့အား လုံးဝ ခေါင်းထဲမထည့်ချေ။
"ဖေးနဲ့ငါက တကယ် ဖြူစင်တာ"
ဟန်လူ ပြန်ခံငြင်းလိုက်သည်။
"ဟုတ်ပါတယ်၊ မင်းက ဖြူစင်ပါတယ်၊ မင်း တကယ်ကို ဖြူစင်တာပါ"
လီယုံ မယုံပေ။
"ငါက ဖေးနဲ့အတူအိပ်တာနဲ့ပဲ နင်က ငါ့နဲ့ လက်မထပ်ချင်တော့ဘူးလား"
ဟန်လူက လှောင်ရယ်လိုက်သည်။
"မင်းတို့ အတူအိပ်ရုံလေး ဟုတ်လား။ ဒါက အဲ့လောက်မရိုးစင်းဘူးလေ။ မင်းတို့ တစ်ယောက်နဲ့ တစ်ယောက် ဖက်ယက်ပြီး အိပ်နေကြတာ"
လီယုံကလည်း သူ၏အကြောင်းပြချက်နှင့် ပြန်ငြင်းလိုက်သည်။
"ဒါ နားလည်မှုလွဲနေတာ"
ဟန်လူ စိတ်တည်ငြိမ်လာသည်။
"ငါက ဘယ်လို နားလည်မှုလွဲလို့လဲ"
လီယုံ နားလည်ချင်နေ၏။ ထို့ကြောင့် ဟန်လူက လီယုံအား အဖြစ်အပျက်တစ်ခုလုံးကို ရှင်းပြလိုက်သည်။ လီယုံ နောက်ကျမှ အိမ်ပြန်လာပြီး သူမအပေါ် အသားယူခြင်းမှ ကာကွယ်ရန် သူမက ဟန်ဖေးအား သူမနှင့်အတူအိပ်ရန် ခေါ်ထားခြင်း ဖြစ်နေသည်ကိုး။
လီယုံ အလေးအနက် ပြောလိုက်သည်။
"မိန်းမ မင်းနဲ့ငါက လင်မယားတွေဆိုတာကို မင်းကို သတိပေးပါရစေ။ မင်းအဖေနဲ့ အဘိုးတို့က သဘောတူထားတာလေ။ ငါ ညဘက် နောက်ကျမှလာတယ်ဆိုတာ မင်းအပေါ် အသားယူဖို့ မဟုတ်ဘူး၊ မင်းရဲ့ခင်ပွန်းတစ်ယောက်အနေနဲ့ ငါ့တာဝန်ကို ငါ လုပ်တာ"
"အင်း ... ငါ အခု အဲ့ဒါကို မလုပ်ချင်သေးဘူး"
ဟန်လူ ရှက်သွေးဖြာသွားပြီး လီယုံကို ပြန်စူးစိုက်ကြည့်လိုက်သည်။
အိပ်ရာဝင်ဝတ်စုံကို ဝတ်ဆင်ထားသော သူမ၏ နှစ်လိုဖွယ်ကောင်းသည့် ပုံစံကို ကြည့်ပြီး လီယုံသည် သူမကို ချက်ချင်း ခုတင်ပေါ် တွန်းလှဲချလိုက်ချင်ပါသည်။ သို့သော် အစောပိုင်းက အဖြစ်အပျက်ကြောင့် သူ စိတ်မပါတော့ချေ။
လီယုံက ခပ်ယဲ့ယဲ့ ပြန်ပြောလိုက်သည်။
"ကောင်းပြီလေ၊ မင်း အဲ့ဒါကို လုပ်ချင်တဲ့အချိန်ကျရင် မင်း ငါခုတင်ပေါ် တက်မလာဘဲမနေနိုင်ပါဘူး"
"ဆုတောင်းနေလိုက်"
လီယုံ သူ့အခန်းဆီသို့ ပြန်သွားပြီးနောက် မေးခွန်းထုတ်နေမိသည်။ ဟန်လူကို စိတ်ကြွလာပြီး သူ့ခန္ဓာကိုယ်ထံသို့ မဆင်မခြင်ပြေးဝင်လာအောင် သူ မည်သို့လုပ်ရမည်နည်း။ ရုတ်တရက် သူ့အတွေးထဲ ဆေးညွှန်းတစ်ခု ပေါ်လာ၏။
လီယုံ စိတ်ထဲပျော်သွားသော်လည်း ထပ်မံ၍ သက်ပြင်းချလိုက်သည်။ ထိုဆေးက ကာမအားတိုးဆေးပင်။ အကယ်၍ သူသာ ဟန်လူကို ထိုဆေးကျွေးလိုက်ပါက ဘယ်လိုလုပ် သူ ယောက်ျားတစ်ယောက်ဟု ခေါ်နိုင်မည်နည်း။ လီယုံ ထိုမျှအရှက်မမဲ့သေးချေ၊ ထို့ကြောင့် သူ ထိုနည်းလမ်းကို ပြတ်သားစွာ ငြင်းပယ်လိုက်သည်။
သို့သော် ထိုဆေးညွှန်းသည် အတော်လေး ကောင်းမွန်သည်။ ထိုဆေးညွှန်းမှ လိုအပ်သော ပစ္စည်းများသည် ယနေ့ခေတ်အချိန်တွင် ရနိုင်သေးသည်။ နည်းစနစ်သည် ရိုးစင်းပြီး ဆေးစွမ်းသည်လည်း ကောင်းမွန်လှသည်။ ထိုဆေးညွှန်းသည် အမျိုးသားများနှင့် အမျိုးသမီးများ၏ နိယာမသဘောတရား ဖြစ်သည်။
အကယ်၍ တစ်စုံတစ်ယောက်က အမျိုးသမီးတစ်ယောက်အား ထိုအမျိုးသမီး၏ ခွင့်ပြုချက်ဖြင့် ဤဆေးကို တိုက်ကျွေးလိုက်ပါ ချစ်ရေးချစ်ရာကိစ္စ၌ စိတ်မပါသော အမျိုးသမီးသည် ရမ္မက်ပြင်းထန်လာပြီး ရပ်တန့်လို့ရနိုင်မည် မဟုတ်ပါ။
ဤသည်မှာ ကောင်းမွန်သောကိစ္စရပ်ပင် ဖြစ်သည်။ ထိုဆေးသည် အမျိုးသားနှင့် အမျိုးသမီး ချစ်မှုရေးရာဘဝ၏ အရည်အသွေးကို တိုးတက်စေရုံသာမက ရောဂါကိုလည်း ကုသပေးနိုင်သည်။
နောက်တစ်နေ့သည် ဟွာခန်း ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ၏ ဆေးဝါးအသစ်ဖြစ်သော ဝေ့ပေါင်ကျန့်အား တရားဝင် ရောင်းချသောနေ့ ဖြစ်သည်။ သူတို့သည် ဆေးဝါးအသစ်၏ အရှိန်အဟုန်ကို တိုးမြှင့်စေရန်အတွက် တီဗွီမှ တိုက်ရိုက်ထုတ်လွှင့်ခြင်း အစီအစဉ်ကိုတောင်မှ ပြုလုပ်ကြသေးသည်။
လီယုံ စောစောထ၍ တီဗွီဖွင့်လိုက်သောအခါ ထိုသတင်းကို တန်းတွေ့လိုက်ရသည်။ ထိုတိုက်ရိုက်ထုတ်လွှင့်ခြင်း၌ ဝူတန်း ပါနေသဖြင့် သူ အံ့ဩသွားသည်။ ထိုပိန်ပါးပါး သခင်လေးသည် အလွန် တက်ကြွဆဲဖြစ်ပြီး စကားပြောလိုက်၊ ရယ်မောလိုက်နှင့် မိန်းမလှလေးများကို ပရောပရည် လုပ်နေလိုက်သေးသည်။
ယခုလိုအချိန်၌ ဝူတန်းတွင် ထိုကဲ့သို့ ဝါသနာမျိုး ရှိနေသေးပါလား။ လီယုံ ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။
တီဗွီပေါ်မှ ရုပ်ပုံများ လျင်မြန်စွာ ပြောင်းလဲသွားသည် ဝူတန်းသည် မိုက်ခရိုဖုန်းနှင့် ဆေးဝါးအသစ်၏ အလားအလာကိုပြောနေ၏။ သူ့မျက်နှာတွင် ပျော်ရွှင်မှုနှင့် အောင်ပွဲခံနေဟန်များဖြင့် ပြည့်နှက်နေသည်။ သို့သော် စကားများစွာ ပြောနေပြီးနောက် ဝူတန်း၏မျက်နှာထက်တွင် ရုတ်တရက် နာကျင်သော ခံစားမှုမျိုး ပြလာသည်။ ထို့နောက် သူသည် လက်ကိုမြှောက်၍ သူ့ဘေးနားမှ မိန်းမလှလေးကို လှမ်းကိုင်လိုက်ပြီး ရင်ဘတ်ကိုလက်ဖြင့်အုပ်ကာ ဖြည်းဖြည်းချင်း ဆောင့်ကြောင့်ထိုင်လိုက်သည်။ တစ်ခဏမျှ တွေဝေနေကြပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်က ချက်ချင်း ပြီးဆုံးသွားသည်။
လီယုံ၏ ဒိဗ္ဗစက္ခု အမြင်အာရုံက တီဗွီဖန်သားပြင်ကို ဖြတ်၍ ဝူတန်း၏ခန္ဓာကိုယ်ကို ဖောက်မမြင်နိုင်သော်လည်း ဝူတန်း၏ကိုယ်ထဲက အဆိပ်များက စပျံ့လာသည်ကို သူ သိနေပါ၏။ ထို့အတူ ဝူတန်း သူ့ကိုလာရှာရန် အချိန်သိပ်မကြာလောက်တော့ပေ။
သူ အပေါ်မော့ကြည့်လိုက် သောအခါ ဟန်ဖေးက ခေါင်းပင်မဖြီးဘဲ အောက်ထပ်သို့ ပြေးဆင်းလာသည်ကို တွေ့လိုက်ရသည်။
"မင်း ဘာလုပ်မလို့လဲ"
"လီယုံ ရဲတွေက ဟွာခန်း ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကို စစ်ဆေးတော့မလို့၊ ပြီးတော့ သူတို့က နည်းပညာရှင်ကို သူတို့နဲ့အတူ ခေါ်လာခဲ့မယ်လို့ ငါ့ကို သတင်းပို့လို့။ ငါ ကုမ္ပဏီသွားပြီး ပြင်ဆင်မလို့ ..."
ဟန်ဖေး အလောသုံးဆယ် ပြောလာသည်။
"မစီစဉ်နဲ့၊ ငါတို့ ရဲတွေဝင်မပါဘဲနဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်တယ် ..."
သို့သော် လီယုံ စကားမဆုံးခင်တွင် ဟန်ဖေးက အိမ်တော်၏ ဧည့်ခန်းထဲမှပြေးထွက်သွားပြီး သက်တော်စောင့်များနှင့်အတူ ပြိုင်ကားစီး၍ ထွက်သွားလေတော့သည်။
လီယုံ မတတ်သာဘဲ ရယ်မောလိုက်မိသည်။ ဟန်ဖေးက ရဲများအပေါ် မျှော်လင့်ချက်ကြီးကြီး ထားထားပုံရသည်။ ကုမ္ပဏီ၏ ဆုံးရှုံးမှုများ ပြန်ကာမိစေရန် သူမကို ရဲများ အကူအညီပေးတာကို လိုချင်နေတာများလား။ ဒါက ယုတ္တိမရှိပေ။ ရဲများသည် စီးပွားရေး၌ ဝင်ပါမည်မဟုတ်ပါ။
ဟန်ဖေးကို အမှီလိုက်၍ရှင်းပြမည့်အစား လီယုံသည် ဆိုဖာ၌ဆက်ထိုင်နေပြီး မနက်ခင်းအချိန်သမယကို ခံစားလျက်ရှိသည်။ ဟန်လူ အောက်ထပ်သို့ ဆင်းလာချိန်တွင် ဟန်လူနှင့်အတူ သူ မနက်စာ စားလိုက်သည်။
မနက်စာစားပြီးနောက် ဟန်လူသည် ဧည့်ခန်းတွင် နေရောင်ကျသည့်နေရာ၌ ဆက်ထိုင်နေ၏။ သူမသည် စာရွက်စာတမ်းများကို ဂရုတစိုက် ဖတ်ရှုကာ လက်မှတ်ထိုးထားပြီးသော စာရွက်စာတမ်းများအား ကုမ္ပဏီသို့ ယူသွားရန် သက်တော်စောင့်ကို မှာနေ၏။
မနက်ဆယ်နာရီအချိန်တွင် အိမ်တော်အပြင်၌ ရုတ်တရက် ဆူညံသံ ထွက်ပေါ်လာသည်။ အစိမ်းရောင်ဝတ်စုံနှင့် လျူချွင်းတစ်ယောက် ဧည့်ခန်းထဲသို့ လျင်မြန်စွာ ပြေးဝင်လာပြီး လီယုံကို သတင်းပို့လာ၏။
"ယုံ ဝူတန်းလို့ခေါ်တဲ့ ယောက်ျားတစ်ယောက်က ဆေးကုဖို့ နင်နဲ့တွေ့မလို့ ရောက်လာတယ်"
လီယုံက ဟန်လူကို အရင်လှမ်းကြည့်လိုက်ပြီး ဟန်လူကလည်း သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ရိုးစင်းသော အိမ်နေရင်းဝတ်စုံကို ဝတ်ဆင်ထားသည့် ဟန်လူသည် အလွန် ထင်ပေါ်၍ ကြော့ရှင်းလှသည်။ လီယုံသည် နေ့တစ်ဝက်ခန့်မျှ သူမ၏အလှကို ကျိတ်၍အမွှန်းတင်နေမိသည်။
အမျိုးသားများသည် လှပသောအမျိုးသမီးများအား နေ့တိုင်း မိနစ်အနည်းငယ်ခန့် စိုက်ကြည့်ပါက သူတို့၏ သက်တမ်းအား လေးနှစ်၊ သို့မဟုတ် ငါးနှစ်ထပ် ဆွဲဆန့်နိုင်သည်ဟု ပြောကြသည်။
လှပသော အမျိုးသမီးများကို ကြည့်ရှုသည့် အမျိုးသားများ၏ ယဉ်ကျေးသော အကြည့်များသည် လှပသော ပန်းချီကားများကို ရှုစားသကဲ့သို့ ဖြစ်စေပြီး သူတို့၏ စိတ်ရောကိုယ်ပါ ကျန်းမာရေးအား ထောက်ပံ့ပေးသည်ဟု သုတေသနသမားများက ဖော်ပြကြသည်။ ထို့အတူ အကယ်၍ အမျိုးသားများက လှပသောအမျိုးသမီးများကို ဆယ်မိနစ်ခန့် ကြည့်ရှုပါက ကျန်းမာကြံ့ခိုင်ရေး ရလဒ်သည် အေရိုးဗစ် လေ့ကျင့်ခန်းအား မိနစ်သုံးဆယ်ခန့် ပြုလုပ်သည်နှင့် ညီမျှလုနီးပါး ရှိသည်ဟုလည်း ဆိုကြသည်။
ထို့ကြောင့် နောက်ထပ် နှစ်ပိုကြာကြာ နေရရန်အတွက် အမျိုးသားများသည် ပိုက်ဆံပိုသုံးရမည် ဆိုလျင်တောင်မှ လှပသော ဇနီးသည်တစ်ယောက်ကို လက်ထပ်ချင်ကြသေးသည်။
ကျိတ်၍ သုံးသပ်နေစဉ်တစ်လျှောက်တွင် လီယုံသည် နက်ရှိုင်းစွာ ခံစားမိနေသည်။ သူ ဟန်လူကို စိုက်ကြည့်နေချိန်တွင် သူ၏အာရုံကြောများက တက်ကြွလာပြီး၊ သူ့မျက်နှာ နီမြန်းလာကာ နှလုံးခုန်သံလည်း ပိုမြန်လာ၍ သူ့လက်နှင့်ခြေထောက်များက အေးစက်လာသည်။ တစ်ခါတရံတွင် သူသည် ကြည်နူးဖွယ် မြင်ကွင်းတစ်ချို့ကို မြင်ယောင်ပြီး သူ့သွေးများက ပွက်ပွက်ဆူလာသည်။
တရုတ်ရိုးရာဆေးပညာ၏ သဘောတရားအရ ဤဖြစ်စဉ်များသည် ခန္ဓာကိုယ်၏ ကျန်းမာရေးကို အထောက်အပံ့ပေးလေ၏။
ထို့ကြောင့် လှပသော ဇနီးသည်တစ်ယောက်ကို လက်ထပ်ပြီး လှပသော အမျိုးသမီးများစွာနှင့် မိတ်ဆွေဖွဲ့နိုင်ရန် တကယ်ပင် အရေးကြီးလှပေသည်။
လှပသောအမျိုးသမီးများကို စိုက်ကြည့်နေခြင်း၌ ကောင်းကျိုးများစွာ ရှိလေသည်။ ဟန်လူနှင့် လီယုံတို့သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။
ထိုစဉ် လီယုံက ရယ်သွေးသွမ်း၍ ပြောလိုက်သည်။
"မိန်းမ ဒီလူနာကို ကိုယ် ကုသင့်တယ်လို့ မင်း ထင်လား"
"ဝူမိသားစုရဲ့ သခင်လေးက လူပေါ်ကြော့ပဲ။ သူက ဖေးကို ခြောက်နှစ်လောက် ကျိတ်ကြိုက်နေတာ။ ငါ့မိသားစုနဲ့ သူ့မိသားစုကြားမှာ ယှဉ်ပြိုင်မှုတွေ အများကြီးရှိသလို အမုန်းတရားတွေတောင်မှ ရှိသေးတယ်။ ဒါပေမယ့် သူက နေမကောင်းဖြစ်နေတာဆိုတော့ ဆရာဝန်တစ်ယောက်အနေနဲ့ ရှင် သူ့ကို မကယ်သင့်ဘူးလား။ ဘာလို့ ငါ့ကို လာမေးနေတာလဲ"
ဟန်လူက ဖြည်းဖြည်းချင်းပြော၍ သူမလက်ထဲမှ စာရွက်တွေကို ပြန်ဖတ်နေလိုက်သည်။
"ကောင်းပြီလေ၊ ငါ့မိန်းမစကားကို နားထောင်ပြီး သူ့ကို သွားကုလိုက်မယ်"
လီယုံက မတ်တပ်ထရပ်ကာ အပြင်သို့ထွက်သွားလိုက်သည်။
အိမ်တော်၏ ခြံဝန်းရှေ့၌ သက်တော်စောင့်များက ဝူတန်းအား လူနာထမ်းစင်ဖြင့် သယ်ထားပြီး အထဲဝင်ရန် ကြိုးစားနေကြသည်။ သို့သော် သူတို့သည် လီယုံကိုမြင်သည်နှင့် ငြင်းဆန်နေရာမှ ရပ်သွားကြသည်။ လီယုံ ဖြည်းဖြည်းချင်း လှမ်းလာနေသည်ကို သူတို့ မြင်နေရသည်။
ဝူတန်းသည် အားကုန်သုံး၍ ခေါင်းထောင်ကြည့်ပြီး မောပန်း၍ အက်ကွဲနေသောအသံဖြင့် အော်ပြောလာသည်။
"နတ်ဆေးသမားတော်လီ၊ ယုံ၊ ကျေးဇူးပြုပြီး ငါ့ကို ကယ်ပေးပါဦး"
လီယုံသည် သူ၏ ဒိဗ္ဗစက္ခု အမြင်အာရုံကို ဖွင့်၍ ကြည့်လိုက်သောအခါ ဝူတန်းသည် အချိန်တစ်ခဏမျှ အန္တရာယ်မရှိကြောင်း တွေ့လိုက်ရသည်။ လီယုံက ရယ်၍ ဝူတန်းကို ပြန်ပြောလိုက်သည်။
"မစ္စတာဝူ ခင်ဗျားကို နတ်ဆေးသမားတော်ကျိုးက ကုပြီးပြီ မဟုတ်ဘူးလား။ ဘာလို့ အစောကြီး နေမကောင်းဖြစ်တာလဲ။ ခင်ဗျား သေမယ်ဆိုရင်တောင်မှ ကျုပ်ဆီမလာဘူးလို့ ပြောတာကို ကြားဖူးသလားလို့။ ခင်ဗျားက ဒီလောက် ခေါင်းမာမှတော့ ပိုပြီးသင့်တော်တဲ့တစ်ယောက်ကို ရှာလိုက်ပါ"
"ယုံ ငါ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ငါ့ကိုကယ်ပါ၊ ငါ့ကို ကူညီပါ"
ဝူတန်းသည် စိတ်ထဲမှနာကျင်မှုကို သည်းခံ၍ အနူးအညွတ်တောင်းပန်လိုက်သည်။
"ငါ ဆေးကုသစရိတ်ကို ယူလာတယ်၊ ဆယ်သန်းလေ၊ လုံလောက်ရဲ့လား။ မလုံလောက်ဘူးဆိုလည်း ငါ့မှာ ထပ်ရှိပါသေးတယ်"
သေခြင်းတရားနှင့် နီးကပ်လာပါက ယောက်ျားတစ်ယောက်၏ စကားများက ကောင်းမွန်သော စကားများ ဖြစ်လာပြီး သူ၏ခံစားချက်များက ဝမ်းနည်းလာတတ်သည်။ လီယုံသည်လည်း သူ့ကို နှိပ်စက်ရန် စိတ်ကူးမရှိပေ။ သူက ခပ်တည်တည် ပြန်ပြောလိုက်သည်။
"မစ္စတာဝူ ကျုပ် ခင်ဗျားကို ကုပေးနိုင်တယ်၊ ပြီးတော့ ကျုပ် ခင်ဗျားဆီက တစ်ပြားမှမယူဘူး"
"မင်းရဲ့ကြင်နာမှုကို ငါ ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး"
ဝူတန်း စိတ်ထဲခံစားသွားရကာ မျက်ရည်များ ဝဲလာသည်။
"ဒါပေမယ့် ငါ့မှာ အခြေအနေတစ်ခုတော့ ရှိတယ်"
လီယုံက အလေးအနက် ပြောလိုက်သည်။
"ဘာအခြေအနေပဲဖြစ်ဖြစ် ငါ လုပ်ပေးမယ်လို့ ကတိပေးပါတယ်၊ ကျေးဇူးပြုပြီး"
ဝူတန်းက အလျင်စလို ပြောလိုက်သည်။
"ဘာအခြေအနေလဲ"
"ဝူမိသားစုက ကျုံးဟိုင်မြို့ရဲ့ ဆေးဝါးထုတ်လုပ်ရေး ဈေးကွက်ထဲက ဆုတ်ခွာပြီးတော့ အဲ့ရှယ်ယာတွေကို ဖေးဖေး ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကို လွှဲပေးရမယ်။ ဆယ်နှစ်အတွင်း လုံးဝပြန်ဝင်မလာရဘူး"
လီယုံက ဖြည်းဖြည်းချင်းနှင့် ခိုင်မာစွာ ပြောလိုက်သည်။
"မင်း ..."
ဝူတန်း ဒေါသကြောင့် သွေးအန်လုနီးပါး ဖြစ်လာသည်။
ဝူမိသားစုသည် မူလက စီရင်စုမြို့တော်အတွင်း၌ ကြီးမားသော လုပ်ငန်းကြီး ရှိသည်။ ဝူတန်းသည် ဈေးကွက်ကို စူးစမ်းစစ်ဆေးရန် ကျုံးဟိုင်မြို့သို့ လွန်ခဲ့သည့်သုံးနှစ်က ရောက်လာခြင်း ဖြစ်သည်။ သုံးနှစ်ကျော်ပြီးနောက် ကျုံးဟိုင်မြို့၌ ၎င်းတို့၏ စီးပွားရေးက ပွင့်လင်းလာသည်။ ဝူမိသားစု၏ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းစုသည် စုစုပေါင်းရှယ်ယာ၏ သုံးဆယ်ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး ဒေသခံ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း အဖွဲ့ကြီးဖြစ်လာခဲ့သည်။
ထို့ကြောင့် သူသည် ဌာနချုပ်၏ ဆုချီးမြှင့်ခြင်းကို ခံရပြီး ပို၍အင်အားကြီးလာခဲ့သည်။ ယခု လီယုံက သူ့အား ကျုံးဟိုင်မြို့၏ ဈေးကွက်ကို လက်လျှော့ရန် ပြောလာပြီး၊ ထိုကိစ္စက တွေးကြည့်ရန် မလိုလောက်အောင်ကို သူ၏အနာဂတ်အား ဖျက်ဆီးနိုင်နေ၏။
ဤသည်ကား သူ သုံးနှစ်ကျော် အားစိုက်ခဲ့ရသမျှနှင့် ရင်းနှီးမြှုပ်နှံခဲ့ရသော သန်းချီသည့်ငွေကြေးများ ချက်ချင်း ပျောက်ဆုံးသွားမည်ဟုလည်း ညွှန်ပြနေသည်။
ဤကိစ္စသည် သူ့အတွက် လက်မခံနိုင်စရာပေ။
သို့သော် ဝူတန်းအတွက် သူ့အသက်က ပို၍အရေးပါသည်။ သူ၏ပိုင်ဆိုင်မှုက မည်မျှကြီးမားပါစေ၊ ထိုအရာများက သူ့ဘဝအပေါ် အခြေခံ၍ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အကယ်၍ ကျုံးဟိုင်မြို့၏ ဈေးကွက်ကို သူ ဆုံးရှုံးလိုက်ရပါက သူသည် အခြားမြို့သို့ ပြောင်း၍ ဈေးကွက်အသစ် ရှာနိုင်သည်။ သို့သော် သူသာ သေသွားပါက သူ့အတွက် ဘာအခွင့်အရေးမျှ ရှိလာမည်မဟုတ်တော့ပါ။
ဝူတန်းတွေးနေစဉ်မှာပင် လီယုံက ထပ်ပြောလာသည်။
"မင်း ဆန္ဒမရှိဘူးလား။ မင်းက အဲ့လိုလုပ်ဖို့ စိတ်ကူးမရှိမှတော့ ငါ မင်းရဲ့ရောဂါကို မကုပေးနိုင်ဘူး"
သူ့စကားများက ရက်စက်မှန်း သူသိသော်လည်း ကုမ္ပဏီ၏အမြတ်ကို အဆများစွာ တိုးပွားနိုင်ရန် အတွက် သူ ဤသို့လုပ်မှ ဖြစ်ပေမည်။
လီယုံသည် သူ၏ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်များကို စွန့်လွှတ်ရန် မဖြစ်ဟု ကျိတ်၍ချင့်ချိန် စဉ်းစားနေမိသည်။ ဝူတန်းက ငြင်းဆန်လျင်တောင်မှ သူ ဝူတန်းကို ကုသပေးမည်ပင်။
လီယုံ စိတ်ပိုင်းဖြတ်၍ ပြုံးလိုက်ပြီး ဝူတန်းဘက်မှ နောက်ဆုံးဆုံးဖြတ်ချက် ချသည်ကို စောင့်နေလိုက်သည်။
"ကောင်းပြီလေ၊ ငါ ကတိပေးတယ်။ ငါ ဆေးဝါးထုတ်လုပ်ရေး ဈေးကွက်ထဲက ထွက်သွားပေးမယ်"
ဝူတန်း၏နဖူး၌ ချွေးများစို့နေပြီး သူ့ရင်ဘတ်မှာ နာကျင်လျက်ရှိနေသောကြောင့် သူ မြန်မြန် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်သည်။
"မင်းက ပြတ်သားတတ်သားပဲ။ မင်းလို ပြတ်သားတဲ့လူကို ငါ သဘောကျတယ်။ လာ၊ သူ့ကို လုံခြုံရေးအခန်းထဲ သယ်ပြီးရင် ထွက်သွားကြ"
လီယုံ၏ညွှန်ကြားချက်အောက်တွင် သက်တော်စောင့်များက ဝူတန်းအား လုံခြုံရေးအခန်းထဲမှ ခုံတန်းရှည်ပေါ် တင်လိုက်ပြီးနောက် နောက်ဆုတ်သွားကြသည်။
လီယုံက ငွေအပ်ကိုထုတ်၍ ဝူတန်း၏ရင်ဘတ်ကို ထိုးစိုက်လိုက်သည်။ ဝူတန်း၏ ကိုယ်ထဲ၌ အဆိပ်ပမာဏ အနည်းငယ်သာရှိသောကြောင့် သူ အသာလေး ဖယ်ထုတ်လိုက်နိုင်သည်။ သို့သော် လီယုံက ဝူတန်းကို မျက်စိဒေါက်ထောက်ကြည့်နေသည်။ သူသည် အဆိပ်အား သူ၏အတွင်းအားဖြင့် ယာယီချုပ်ထိန်းထားလိုက်ပြီး ချက်ချင်း ပျောက်အောင်ကုမပေးလိုက်ချေ။
လီယုံ၏ အတွင်းအားက ဝူတန်း၏ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားချိန်တွင် ဝူတန်း၏နာကျင်မှုက ချက်ချင်း ပျောက်ကွယ်သွားသည်။ ဝူတန်းသည် အားဆေးသောက်လိုက်ရသကဲ့သို့ သက်တောင့်သက်သာ ဖြစ်သလို ခံစားလိုက်ရသည်။
"လီယုံ ငါ လုံးဝနေကောင်းသွားပြီလား"
ဝူတန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
YOU ARE READING
နတ်မျက်စိရှင် သမားတော် [Chapter 1-200]
Fantasyဇာတ်လမ်းအကျဉ်း အခြား ဆေးကျောင်းသားများကဲ့သို့ လီယုံသည် ကြိုးစားပမ်းစားနှင့် ဆေးရုံတစ်ရုံ၌ အလုပ်သင် ဆရာဝန် အဖြစ် အလုပ်ရခဲ့သော်လည်း ပိုက်ဆံ ပြတ်လပ်နေသေးသည်။ သူ့၌ အိမ်ငှားခအတွက် ပေးရန် ပိုက်ဆံမရှိပေ။ သို့သော် တိုက်ဆိုင်မှုတစ်ခုကြောင့် သူသည် သူ့မိဘများ...