နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han ShinCHAPTER (68) ကျုပ်က သိုသိုသိပ်သိပ်နေနေတာ
ဆေးခန်းထဲတွင် စွန်းချမ်းသည် အပြင်မှအခြေအနေများကို ရှင်းလင်းစွာ မြင်နေရသဖြင့် လီယုံဘက်သို့ တိုး၍ သတိပေးလိုက်သည်။
"ယုံ သူတို့က ရဲခေါ်တော့မယ်။ ငါတို့ ဘာလုပ်ကြမလဲ"
အစိုးရဝန်ထမ်းများအား ရိုက်နှက်လိုက်သူက သူသာလျင် ဖြစ်သောကြောင့် သူ့စိတ်ထဲတွင် မအီမသာ ခံစားနေရသည်။
အပြင်ဘက်မှ အဖြစ်အပျက်ကို လီယုံလည်း မြင်ပါသည်။ ရိုက်နှက်ခံလိုက်ရသော ထိုအစိုးရဝန်ထမ်းများသည် အင်မတန် အရှက်ခွဲခံလိုက်ရသကဲ့သို့ ပြုမူနေကြသည်။ သူတို့ လေလည်သံနှင့်တင် ယုံခန်းဆေးခန်းအား ပြာကျသွားပါစေဟု ဆုတောင်းနေပုံရသည်။
သူတို့သည် ရဲများအား အခြေအနေကို ပုံကြီးချဲ့ကာ အချက်အလက်များကို လိုရာဆွဲ၍ မမှန်မကန် ပြောကြသည်။ သူတို့က ရဲများကို မြန်မြန်လာရန်ပြောပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီး၍ ရုံးတင်ရန် ပြောနေကြ၏။
လီယုံက အလေးအနက်မထားချေ။ သူသည် ခပ်ဖွဖွပြုံး၍ ပြောလိုက်သည်။
"သူတို့ကို ရဲခေါ်ခိုင်းလိုက်ပါစေ၊ ဒီကိစ္စက ပိုကြီးလာလေ၊ ပိုကောင်းလေပဲ"
စွန်းချမ်း သူ့ချွေးသူ မသုတ်ဘဲမနေနိုင်ချေ။ သူ တစ်ကိုယ်တည်း တွေးလိုက်မိသည်။
*ယုံက ငါ့ညီအစ်ကိုအဖြစ် သက်မှတ်ထားရတာ တော်တော် ထိုက်တန်တာပဲ၊ သူ့နောက်လိုက်ရတာ တကယ် စိတ်လှုပ်ရှားဖို့ကောင်းတယ်*
"ဆေးခန်း တကယ် ပိတ်သိမ်းခံလိုက်ရရင် ဘယ်လိုလုပ်မလဲ"
လျှိုလင်းယင်က လီယုံနား လှမ်းလာပြီး စိတ်မသက်မသာဖြင့် မေးလိုက်သည်။ သူမ အဖြစ်အပျက်များကို ကြည့်ရင်း ကိစ္စက တော်တော်လေး လက်လွန်သွားသည်ဟု ခံစားမိပြီး ယခု ဖြစ်လာမည့်အကျိုးဆက်က ဖြေရှင်းရခက်လောက်သည်ဟု ခံစားမိနေသည်။
"လင်းယင် စိတ်မပူနဲ့။ ဒါရိုက်တာချုပ် ဒီကိုရောက်လာရင်တောင်မှ ငါ့ဆေးခန်းက အပိတ်ခံရမှာ မဟုတ်ဘူး၊ သူ့လိုဒါရိုက်တာလေးကို ဒီအတိုင်း ထားလိုက်ပါ"
လီယုံက ပြတ်သားသောလေသံဖြင့် သံကုန်မြှင့်၍ပြောလိုက်သည်။ သူသည် လျှိုလင်းယင်သာမက ဤအဖြစ်အပျက်အား ဆွေးနွေးနေသော ဝန်ထမ်းများ ကြားအောင် ပြောလိုက်ခြင်း ဖြစ်သည်။ သူသည် သူတို့အား စိတ်အေးအေးထား၍ ဘာမျှစိုးရိမ်စရာ မလိုကြောင်း ယုံကြည်စေချင်နေသည်။
လီယုံက ထိုသို့လေသံဖြင့်ပြောလာသောကြောင့် အချို့က မယုံသင်္ကာဖြစ်သော်လည်း ကျန်းယွီရုံ တစ်ယောက်တည်းသာ သူ့ကို အပြည့်အဝယုံကြည်လေ၏။
"ယုံ ငါ ဒါရိုက်တာခပ်ကို ခေါ်သင့်တယ်ထင် ..."
စွန်းချမ်းသည် သူဌေးမျိုးဆက်ဖြစ်သော်လည်း ယခင်က အစိုးရဝန်ထမ်းများကို တစ်ခါမှ မရိုက်နှက်ဖူးချေ။ သူ ကြောက်လန့်စိတ်ကြောင့် ရင်တုန်နေသည်။
"မလိုပါဘူး၊ ရဲတွေကို လာခိုင်းလိုက်ပါ။ သူတို့လာမှ ငါတို့ ဒီကိစ္စကို ပိုပြီးစုံစမ်းနိုင်မှာ"
လီယုံက ပြုံး၍ ခပ်ပြတ်ပြတ်ပြောလိုက်သည်။
"ငါ့ဆေးခန်းကိုများ ပိတ်ချင်နေတာလား။ ဒီကိစ္စရဲ့နောက်ကွယ်မှာ ဘယ်သူရှိလဲ ငါသိချင်တယ်"
ထင်ထားသည့်အတိုင်းပင် မကြာခင်အချိန်အတွင်း၌ ရဲသားတစ်ဖွဲ့ ရောက်လာပြီး ယုံခန်းဆေးခန်းကို ချက်ချင်း ဝိုင်းထားကြသည်။ ဒါရိုက်တာဝမ့်၏ အထောက်အထားကို စစ်ဆေးပြီးနောက် သူတို့သည် လီယုံ၊ စွန်းချမ်းနှင့် အခြားသူများကို ဖမ်းဆီးရန် စတင်လေတော့သည်။
လျှိုလင်းယင်၊ စွန်းချမ်းနှင့် အခြားသူများသည် သူတို့အား ရဲများက လက်ထိပ်ခတ်သည်ကို မြင်ပြီး နားဝေတိမ်တောင် ဖြစ်သွားကြပြီး လီယုံအား ဟန်ဆောင်ရတာကို သဘောကျသူဟု ထင်မှတ်မိသွားကြသည်။
*ငါတို့ အဆင်ပြေသွားမှာပါလို့ သူ မပြောခဲ့ဘူးလား။ ငါတို့ ဒါကို ဘယ်လိုလုပ်ကြမှာလဲ။ ငါတို့တော့ ကံဆိုးပြီ။ သွားပါပြီဟာ။ ငါတို့တော့ လုံးဝ ဇာတ်သိမ်းပြီပဲ*
စွန်းချမ်းက ချက်ချင်း သူ့ဖုန်းကိုထုတ်၍ ရဲကိုပြောလိုက်သည်။
"နေဦး၊ ငါ အာမခံအတွက် ကြီးကြပ်သူကို ဖုန်းဆက်လိုက်ဦးမယ်။ ငါ့ကို ဖုန်းလေး အရင်ဆက်ခွင့်ပေး ..."
သို့သော် ရဲသားတစ်ယောက်က ချက်ချင်း သူ့ဖုန်းကို သိမ်းသွားပြီး သူ့အား ဖုန်းခေါ်ခွင့်မပေးချေ။
"ယုံ မင်းက တအားတုံးလွန်းသွားပြီကွာ"
သူ့လက်ပေါ်မှ အေးစက်စက် လက်ထိပ်များကို ကြည့်ပြီး စွန်းချမ်း အကြီးအကျယ် နောင်တရသွားသည်။
"ကြောင်သူတော်၊ မင်းက ငါတို့ကို အကျိုးမဲ့တဲ့အလုပ်ကို လုပ်ခိုင်းလိုက်တာပဲ"
ဆရာဝန်တစ်ယောက်က စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလာသည်။
ဆေးခန်းထဲမှ အခြားဝန်ထမ်းများအားလုံး၏ မျက်နှာထားများသည်လည်း အတူတူပင် ဖြစ်သည်။ အကယ်၍ ဒီလိုဖြစ်မယ်မှန်းသာ သူတို့သိပါက သူတို့ အစောကြီးကတည်းက ထွက်ပြေးမှာပင်။ ဘယ်သူကများ မိုက်မဲ၍ ဤနေရာ၌ ရပ်နေပြီး ရဲများလာဖမ်းသည်ကို စောင့်နေမည်နည်း။ ဒါ ဉာဏ်နည်းသည့်လုပ်ရပ်ပင် မဟုတ်ပါတကား။
"ဟန်ဆောင်နေတာ မဟုတ်ဘူး။ ငါ သိုသိုသိပ်သိပ် နေနေတာပါ"
လီယုံက ပြုံး၍ လူတိုင်းကို လိုက်ကြည့်လိုက်သည်။ ရဲသားတစ်ယောက်က သူ့ကို လက်ထိပ်ခတ်ရန် လှမ်းလာစဉ်တွင် သူသည် ရုတ်တရက် ၀၀၇ သက်သေခံကတ်ပြားကို ထုတ်၍ ခေါင်းဆောင်ဖြစ်သူကို လှမ်းပေးလိုက်သည်။ ထိုအရာရှိ ချက်ချင်း အေးစက်တောင့်တင်းသွားချိန်တွင် သူက အသာအယာ ပြောလာသည်။
"ဒီအဆင့်အတန်းနိမ့်တဲ့ ပြည်သူတွေကို လွှတ်ပေးပြီးတော့ ပြဿနာလာရှာတဲ့ ဒါရိုက်တာဝမ့်ကို ဖမ်းလိုက်ပါ။ ဒါရိုက်တာဝမ့်က ကျုပ်ဆေးခန်းကို ခွေးတစ်သိုက် ခေါ်လာပြီး ကျုပ်တို့ကို ရိုက်နှက်ဖို့ ကြိုးစားတာ။ သူက လုံးဝမျှတမှုမရှိဘူး။ ကျုပ်တို့အားလုံးက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရုံလေးပါ"
ထိုအရာရှိက ရုတ်ချည်းဆိုသလိုပင် လီယုံအား အလေးပြု၍ ဘေးနားမှာ ရဲသားများကို ပြောလိုက်သည်။
"သူတို့ကို လွှတ်လိုက်"
တစ်ယောက်ပြီးတစ်ယောက် တအံ့တဩနှင့် လက်ထိပ်ပြန်ဖြုတ်နေသည်ကို ကြည့်နေမိသည်။ စွန်းချမ်း၊ လျှိုလင်းယင်နှင့် အခြားသူများ လွတ်သွားသည်နှင့် ပျော်ရွှင်လာကြသည်။ ယခုအခါမှသာ လီယုံ၏ အစွမ်းအစက သူတို့ထင်ထားသည်ထက် ကျော်လွန်နေမှန်း လက်ခံသွားကြသည်။
"နင်က တကယ်ကို တစ်ခုခုပဲ"
လျှိုလင်းယင်က သက်ပြင်းချ၍ သူ့အား ချီးကျူးလိုက်သည်။
"ယုံ မင်း ငါ့ကို သေမတတ် ကြောက်အောင် လုပ်နေတာပဲ"
စွန်းချမ်းက ရယ်၍ လီယုံအား ခပ်ဖွဖွ ထိုးလိုက်သည်။ ကျန်းယွီရုံသည်လည်း အနည်းငယ် တုန်လှုပ်နေခဲ့သည်။ သို့သော် ယခုလေးတင် ဖြစ်ပျက်သွားခဲ့သော အဖြစ်အပျက်များကို မြင်ပြီး သူမ ကျေနပ်စွာ ပြုံးလိုက်မိသည်။ ထို့နောက် သူမသည် တန်ဖိုးထားမှုနှင့် အားကိုးမှုတို့ ပိုတိုး၍ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် လီယုံကို ကြည့်နေမိသည်။
လီယုံ ဘာမျှပြန်မပြောချေ။ အပြင်မှ အခြေအနေများကိုသာ သူ လှမ်းကြည့်နေသည်။ ရဲများက ဒါရိုက်တာဝမ့်နှင့် သူ့လူများကို ဝိုင်းထားကြသည်။ သူတို့၏ဆင်ခြေများကို နားမထောင်ဘဲ သူတို့အား တန်း၍လက်ထိပ်ခတ်ကာ ရဲကားထဲသို့ တက်ခိုင်းနေကြသည်။
လီယုံသည်လည်း လက်ဖျားခါမိသွားသည်၊ ဤ ၀၀၇ သက်သေခံကတ်ပြားက ဤမျှ အင်အားကြီးလိမ့်မည်ဟု သူ ထင်မထားမိပါ။ ၀၀၇ ၏ ရှေ့လူခြောက်ယောက်ကို သူ မသိသလို သူတို့ ဘာလုပ်ကြမှန်းလဲ သူ မသိချေ။ အကယ်၍ သူ့၌ အခွင့်အရေး ရှိလာပါက သူ သိအောင်လုပ်ရမည်။
ဝေ့ဖန့်ရှား ကလေးလိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ သူကတော့ ဤသက်သေခံကတ်ပြားကို ယူထားရမည့်ပုံပင်။
လီယုံက ရဲကားထံသို့ ချဉ်းကပ်သွားပြီး အရာရှိကို စကားစလိုက်သည်။
"ဒါရိုက်တာဝမ့်ကို ကျုပ် တစ်ခုလောက်မေးချင်လို့"
အရာရှိက သူ့စကားကို ချက်ချင်း နာခံသည်။ ထို့နောက် သူက လီယုံအား ရဲကားတစ်စီးထံသို့ ခေါ်လာသည်။ ထိုအချိန်တွင် ဒါရိုက်တာဝမ့် တစ်ယောက်တည်းသာရှိနေ၏။ သူ့လက်ကောက်ဝတ်ပေါ်မှ အေးစက်စက် လက်ထိပ်များကို ကြည့်ပြီး ဝမ်းနည်းစွာ သက်ပြင်းချမိသည်။
ကားပေါ်တက်ပြီးနောက် လီယုံ ဘာမျှမပြောချေ။ သူက ဒါရိုက်တာဝမ့်အား ပါးနှစ်ချက်ရိုက်၍ မေးလိုက်သည်။
"ဘယ်သူက ခင်ဗျားကို ဒီလာခိုင်းတာလဲ"
"ခေါင်းဆောင်တစ်ယောက်"
ဒါရိုက်တာဝမ့်၏ မျက်နှာသည် လီယုံထံမှ အရိုက်ခံလိုက်ရသောကြောင့် ဖူးယောင်လာပြီးနောက် သူသည် အတော်လေး သွေးပျက်လို့နေ၏။ ရိုးစင်းသော ဆေးခန်းတစ်ခု၏ ပိုင်ရှင်က သူတို့ကို ရိုက်နှက်၍ ထွက်ပြေးအောင် လုပ်နိုင်စွမ်း ရှိလိမ့်မည်ဟု သူ ထင်မထားမိပါ။
"သူ့နာမည်"
လီယုံ ထပ်မေးလိုက်သည်။
"တန်း ... လက်ထောက်ဒါရိုက်တာ တန်းပါ"
ဒါရိုက်တာဝမ့် အထစ်အထစ်နှင့် ပြောလိုက်သည်။ သူ့ခေါင်းဆောင်ကို သူ ကြောက်သလို သစ္စာလည်း မဖောက်ရဲချေ။ ယခုချိန်တွင် သူသည် ကြောက်စိတ်ကြောင့်သာ ထိုသူ၏နာမည်ကို အင်တင်တင်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
ဖြောင်းခနဲ အသံနှင့်အတူ လီယုံက သူ့ကို ထပ်ရိုက်လိုက်သည်။ ဒါရိုက်တာဝမ့်လို လူမျိုးက အရိုက်ခံရမှသာလျင် အမှန်အတိုင်းပြောမည့် လူစားမျိုး ဖြစ်သည်။ တကယ်ပင် ဒါရိုက်တာဝမ့်က ကမန်းကတမ်း အမှန်အတိုင်း ပြောလာသည်။
"တန်းတဟိုင်"
လီယုံက အားရကျေနပ်စွာပြုံး၍ ရဲကားထဲမှ ဆင်းလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
သူက အရာရှိအား ပြုံး၍ကျေးဇူးတင်စကား ပြောလိုက်သည်။
"ဒါ ကျုပ် လုပ်ရမယ့်တာဝန်ပါ"
ထိုအရာရှိသည် အလွန်ယဉ်ကျေးလို့နေ၏။ သူက ရင်းနှီးစွာပြုံး၍ ပြောလိုက်သည်။
"ခင်ဗျား တစ်ခုခုလုပ်ချင်တာ ရှိရင် ကျုပ်ကိုပြောပါ။ ကျုပ်နာမည်က ကျိုးရီဟွာပါ။ ကျုပ်က ကျုပ်အဖွဲ့ရဲ့ အလယ်တန်းအရာရှိပါ"
ထိုအခါမှ ဤရဲအရာရှိက သူနှင့်ပူးပေါင်းဆောင်ရွက်သလဲဆိုတာကို လီယုံ ရိပ်မိသွားသည်၊ သူက လီယုံနှင့်အတူ အောင်မြင်မှုတစ်ချို့ လိုချင်နေခြင်းပင်။ လီယုံ သူ၏ကြင်နာမှုအား မငြင်းပယ်ပေ။ သူက သဘောတူ၍ ရဲအရာရှိ၏ ဖုန်းနံပါတ်ကို ရေးမှတ်ထားလိုက်သည်။
ရဲများထွက်သွားသည်နှင့် ယုံခန်းဆေးခန်းသည် တဖြည်းဖြည်း ပုံမှန်အတိုင်း လည်ပတ်လာသည်။ ဆေးခန်းထဲ နေရစ်ခဲ့သော လူနာများက ဆရာဝန်နှင့်ပြရန် ဆက်စောင့်နေကြသည်။ ထွက်သွားကြသူများသည်လည်း တဖြည်းဖြည်းနှင့် ပြန်ရောက်လာကြပြီး အကူအညီရရန် စောင့်ဆိုင်းနေကြသည်။
ဆေးဖိုး သက်သာစေရန်အတွက် သူတို့ ကြာရှည်စွာ စောင့်ဆိုင်းနေကြသည်။ ဤသည်ကပင် သူတို့၏ဘဝက မလွယ်ကူလှသည်ကို ပြသနေ၏။
လီယုံသည် သူ၏လူနာများအား နှစ်သိမ့်ပြီးနောက် ဝေ့ဖန့်ရှားအား တန်းဖုန်းဆက်၍ ပြောလိုက်သည်။
"တန်းတဟိုင်ကို ငါ့အတွက် ကူညီပြီး စစ်ဆေးပေးပါဦး၊ သူက လက်ထောက်ဒါရိုက်တာ ..."
"အဲ့လူနဲ့ ရှင် ဘာလုပ်ချင်လို့လဲ"
ဝေ့ဖန့်ရှားက မပျော်မရွှင်နှင့်မေးလိုက်သည်။
"ငါက အဲ့လူကို စစ်ဆေးဖို့ အခွင့်မရှိဘူးလား"
လီယုံ ပြန်မေးလိုက်သည်။
"ရှိတယ်"
"ဒါဆိုလည်း ငါ့အတွက် သူ့ကို စစ်ဆေးပေးပါ"
လီယုံ အမိန့်ပေးလိုက်သည်။
"နင် ဘယ်လိုလုပ် ဒီလောက် မောက်မာပြီး ရိုင်းပျနေရတာလဲ။ နင့်ရဲ့ရာထူးက ငါ့ဆီက လာတာဆိုတာကိုလည်း မေ့မနေနဲ့ဦး။ သဘောကောင်းတဲ့ ငါ့ကို နင် ပြန်ပြီးကျေးဇူးဆပ်သင့်သေးတယ်၊ ပြီးတော့ ငါ့ကို အရှက်ကွဲအောင် မလုပ်နဲ့ ..."
ဝေ့ဖန့်ရှားက စ၍ဗျစ်တောက် ဗျစ်တောက် ပြောလေတော့သည်။ လီယုံ ပြန်မဖြေဘဲ စိတ်ရှည်လက်ရှည်ဖြင့် စောင့်နေလိုက်သည်။ မကြာခင်မှာပင် ဝေ့ဖန့်ရှား၏အသံကို သူ့ဖုန်းထဲမှ ပြန်ကြားလာရသည်။ လီယုံက မလိုအပ်သည့် သတင်းများကို ရွေးထုတ်နေပြီး ဝေ့ဖန့်ရှား ပြောနေသံကိုသာ ထပ်ကြားနေရသည်။
"တန်းတဟိုင်၊ အသက် ငါးဆယ့်ခြောက်နှစ်၊ ကျုံးဟိုင် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ လက်ထောက်ဒါရိုက်တာ၊ သူ့မှာ မိသားစုသုံးယောက်ရှိတယ်။ သူ့မိန်းမက စူပါမားကတ်တစ်ခု ပိုင်တယ်၊ ပြီးတော့ သူ့သားက ကျုံးဟိုင် ကနဦးဆေးရုံမှာ အလုပ်လုပ်တယ် ..."
"သူ့သားနာမည်က ဘာလဲ"
ကျုံးဟိုင် ကနဦးဆေးရုံဟူသည့် စကားကို ကြားလိုက်ချိန်တွင် လီယုံသည် တစ်စုံတစ်ခုကို ချက်ချင်းတွေးမိသွားသည်။ သူ ချက်ချင်း သူမပြောနေသည်ကို ဖြတ်၍မေးလိုက်သည်။
"တန်းရီထျန်း"
ဝေ့ဖန့်ရှား ခပ်ပြတ်ပြတ်ပြောလိုက်သည်။ ထို့နောက် သူမ ပြန်မေးလာသည်။
"ဘာလဲ၊ အဲ့လူနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုခု ရှိနေတာလား"
လီယုံ ပြုံးလိုက်ပြီး သူမကို နှုတ်ဆက်စကားပြော၍ ဖုန်းချလိုက်သည်။ ဝေ့ဖန့်ရှားကို သူ ဘာမျှရှင်းပြနေစရာ မလိုပေ။
အဘယ်ကြောင့် ဒါရိုက်တာဝမ့်က လူများစွာခေါ်၍ သူ့ဆေးခန်းကို ပိတ်သိမ်းရန် ကြိုးစားနေသလဲ ဆိုတာကို ယခုမှပဲ သူ နားလည်သွားရသည်။ ဒါကို အစီအစဉ်ဆွဲခဲ့သူက တန်းရီထျန်းပင်။ တစ်ချိန်က တန်းရီထျန်းတစ်ယောက် ဝမ့်ချင်းကောနှင့် ကိုယ်လက်နှီးနှောခဲ့သည်ကို လီယုံ မြင်သွားခဲ့ပြီး သူက တန်းရီထျန်းကိုတောင်မှ ရိုက်နှက်ခဲ့သည်။ ထိုစဉ်ကတည်းက တန်းရီထျန်းတစ်ယောက် သူ့အား လက်စားချေရန် ကြိုးပမ်းနေခဲ့ခြင်း ဖြစ်မည်။ ယခုအခါတွင်မှ သူ၏ လက်စားချေခြင်း အစီအစဉ်ကို စတင်လာခဲ့သည်။
သူ၏ လက်စားချေခြင်းကား အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။ တန်းရီထျန်းကဲ့သို့သော သဘောထား သေးသိမ်သည့်လူမျိုးသည် ဆက်၍ငြိမ်နေပါက လီယုံအတွက် အတော်လေး မလွယ်ကူလောက်ပေ။ ယခုအခါတွင်တော့ သူ့ဘက်ကစ၍ လှုပ်ရှားလာသဖြင့် ကိစ္စများက လွယ်ကူသွားလောက်သည်။
မမျှော်လင့်ဘဲ တန်းရီထျန်းက သူ့ကို လက်တုံ့ပြန်ရန် တန်းတဟိုင်ကိုပင် အသုံးချလာခဲ့ပြီး သူ့ဖခင်အား လိမ်လည်ခဲ့သည်။ တန်းရီထျန်း၌ ဆိုးယုတ်သော ပင်ကိုယ်စရိုက်ရှိရုံသာမက ရက်စက်သော နည်းလမ်းများလည်း တွေးတတ်နေသေးသည်။
တန်းရီထျန်းအား မည်သို့လက်တုံ့ပြန်လျင် ကောင်းမလဲဟု လီယုံ တွေးနေစဉ် ရုတ်တရက် ဟန်ဖေးထံမှ ဖုန်းဝင်လာသည်။ ညဘက် ရှစ်နာရီထိုးခါနီးနေပြီ ဖြစ်သဖြင့် သူသည် ဟန်မိသားစု၏ အိမ်တော်သို့ ပြန်ရန်ပြင်နေပြီ ဖြစ်သည်။
*ဟန်ဖေးက ဘာကြောင့် ငါ့ကို ဒီအချိန်ကြီး ဖုန်းခေါ်တာပါလိမ့်*
*သူ င့ါကို လွမ်းနေပြီလား*
လီယုံ ပြုံးစိစိလုပ်ကာ ဖုန်းကိုင်လိုက်သည်။
"အစ်ကိုယုံ ကျွန်မ ဘာလုပ်သင့်လဲ။ ကျွန်မ စိတ်ညစ်နေပြီ။ ကျွန်မကို လာကူပါဦးလား၊ ကူညီမယ်မလားဟင်"
"ဘာဖြစ်လို့လဲ သိလား၊ ကျွန်မတို့ ဆေးဝါးအသစ်က အခုမှ ထုတ်ပြီးခါစပဲ ရှိသေးတယ်၊ ဒါပေမယ့် ဈေးကွက်ထဲမှာ အဲ့ဆေးတွေက ရောက်ပြီးနေပြီ။ ကျွန်မတို့ ဆေးဝါးကို ဝေ့ကျန့်ပေါင်လို့ ခေါ်ပြီးတော့ သူတို့ဆေးကို ဝေ့ပေါင်ကျန့်လို့ နာမည်ပေးထားကြတယ်။ ငါတို့ဆေးက အစာအိမ်ပြဿနာအတွက် ထုတ်ထားတာ၊ သူတို့ဟာကလည်း အတူတူပဲ ...။ အစ်ကိုယုံ ကျွန်မတော့ ဒါကို တိုက်ဆိုင်တယ်လို့ မထင်ဘူး"
"အစ်ကိုယုံ ကျွန်မတို့ကုမ္ပဏီထဲမှာ သူလျှိုရှိနေတယ်လို့ ကျွန်မ သံသယရှိတယ်။ သူက ကျွန်မတို့ ဖော်မြူလာကို ခိုးသွားတာ ... ကျွန်မတို့ ဒါကို ဘယ်လိုလုပ်ရမလဲ။ ကုမ္ပဏီအမြတ်ကို တစ်လအတွင်း နှစ်ဆတိုးဖို့ မပြောနဲ့ Research & Development ဌာနအတွက် ကျွန်မတို့ မြှုပ်နှံထားတဲ့ ပိုက်ဆံတွေတောင် အလကားဖြစ်တော့မယ်။ ဒီလရဲ့ အမြတ်လည်း ကျပ်ပြီပဲ"
ဖုန်းဝင်သည်နှင့် ဟန်ဖေးက တုန်လှုပ်စွာ ပြောဆိုလာသည်။ လီယုံ ချောင်းဟမ့်ချိန်တောင် မရလိုက်ချေ။
သူမ၏လေသံက အလွန် ထိတ်လန့်နေပုံပေါက်သဖြင့် ကိစ္စက အတော်လေး ပြင်းထန်ပုံရသည်။ သူမ၏ အသံက လီယုံကို ခေါင်းခဲသွားစေ၏။
နောက်ဆုံးတွင် ဟန်ဖေး စကားပြောတာ ရပ်သွားချိန်မှ လီယုံက ပြုံး၍ ပြောလိုက်သည်။
"ဖေး ထပ်ပြောပါဦး"
"ဘာ ... အစ်ကိုယုံ ရှင် မကြားလိုက်ဘူးလား။ ကျွန်မ တော်တော်လေး စိုးရိမ်နေတာ ..."
ဟန်ဖေး ပို၍ စိုးရိမ်လာသည်။
"မစိုးရိမ်နဲ့၊ ငါ ပြောတာနားထောင်။ အသက်ကိုပြင်းပြင်းရှူပြီး ဝင်လေထွက်လေ မှတ်လိုက်။ မျက်လုံးကို မှိတ်ထား။ အသက်ကို အဲ့အတိုင်းရှူနေ ... မင်း နောက်ထပ် ဆက်လုပ်ရမှာဆိုလို့ ငါ မလာမချင်း ဘာမှမတွေးဖို့ပဲ"
လီယုံ ဖုန်းပြောပြီးသည်နှင့် တက္ကစီငှား၍ ဖေးဖေး ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီထံသို့ တန်းသွားလိုက်သည်။
ထိုကုမ္ပဏီသည် ဟန် ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းစု၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်ပြီး ယခုအချိန်တွင်တော့ ဟန်ဖေးက ဦးစီးလျက်ရှိသည်။
ပထမဆုံးအချိန်တွင် ဟန်တုန်းထောင်က သမီးတစ်ယောက်စီကို လက်အောက်ခံ ကုမ္ပဏီတစ်ခုဆီ ပေးခဲ့သည်။ ဟန်လူ၌ လူလူ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီရှိပြီး ဟန်ဖေး၌ ဖေးဖေး ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ရှိသည်။ ဟန်လူ၏ စီမံခန့်ခွဲမှုကြောင့် လူနန် ဆေးဝန်းထုတ်လုပ်ရေး ကုမ္ပဏီသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး တောက်ပသော အနာဂတ်လည်း ရှိလာ၏။
ဟန်ဖေး၏ လက်အောက်တွင်ရှိသော ဖေးဖေးဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီသည် နှစ်စဉ်အရှုံးနှင့် ရင်ဆိုင်နေရပြီး အကယ်၍ သူမသာ လီယုံ၏ ရှေးခေတ်ဆေးညွှန်းကို မရရှိဘဲ ဆေးဝါးအသစ် မထုတ်လုပ်ဖြစ်ပါက သူမကုမ္ပဏီသည် ပိတ်သိမ်းခံရလောက်နေပြီ ဖြစ်သည်။
YOU ARE READING
နတ်မျက်စိရှင် သမားတော် [Chapter 1-200]
Fantasyဇာတ်လမ်းအကျဉ်း အခြား ဆေးကျောင်းသားများကဲ့သို့ လီယုံသည် ကြိုးစားပမ်းစားနှင့် ဆေးရုံတစ်ရုံ၌ အလုပ်သင် ဆရာဝန် အဖြစ် အလုပ်ရခဲ့သော်လည်း ပိုက်ဆံ ပြတ်လပ်နေသေးသည်။ သူ့၌ အိမ်ငှားခအတွက် ပေးရန် ပိုက်ဆံမရှိပေ။ သို့သော် တိုက်ဆိုင်မှုတစ်ခုကြောင့် သူသည် သူ့မိဘများ...