Chapter 56

573 55 0
                                    

နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han Shin

စာစဉ် (4) CHAPTER (56) အသက်သွင်းကျင့်စဉ်
လီယုံ သူမစကားကို သဘောတူ လက်ခံလိုက်သည်။ သေနတ်ကို တွေးလိုက်မိသည်နှင့် သူ တုန်လှုပ်လာသလို ခံစားမိသည်။ သေနတ်နှင့် ခဲယမ်းမီးကျောက်များကို ဟွာရှ၌ တားမြစ်ထားသည်။ သေနက်နှင့် ခဲယမ်းမီးကျောက်များ ကိုင်ဆောင်ထားသည့် မည်သူမဆို သိရှိသွားသည့်နှင့် ပြင်းထန်သော အကျိုးဆက်များကို ခံစားရပေလိမ့်မည်။ ထိုလူသတ်သမားက သူမနှင့်အတူ သေနတ်ကို ယူဆောင်လာရဲသည်ဆိုမှတော့ သူမ ရူးနေလို့သာ ဖြစ်မည်။
လီယုံသည် သူ့ကိုယ်သူ အားနည်းလွန်းလှသည်ဟု ခံစားမိသည်။ အကယ်၍ သူ့၌သာ ပြန့်ချွယ်၏ မနောကျင့်စဉ် အဆင့်များ ထပ်ရှိနေပါက သူ အဆင့်ခြောက်အထိ အောင်မြင်စွာ လေ့ကျင့်ပြီးလျင် ကျည်ဆံကို ရှောင်နိုင်လာပေလိမ့်မည်။ သူ အဆင့်တစ်ဆယ်အထိ လေ့ကျင့်ပြီးပါက အမြောက်ဆန်ကိုတောင်မှ ကြောက်တော့မည် မဟုတ်ပါ။
သူ့အခန်းသို့ ရောက်ပြီးနောက် လီယုံသည် ပို၍သန်မာလာချင်စိတ် ပြင်းပြနေသောကြောင့် စတင်၍ ကျင့်ကြံလေတော့သည်။ သို့သော် သူသည် ပြန့်ချွယ်၏ မနောကျင့်စဉ်မှ အဆင့်သုံးဆင့်လုံးကို လေ့ကျင့်ပြီးသွားပြီ ဖြစ်သည်။ သူ ဆက်၍ လေ့ကျင့်နေလျင်တောင်မှ သူ၏ စွမ်းရည်အား လျင်မြန်စွာ တိုးတက်လာအောင် လုပ်နိုင်မည် မဟုတ်ပါ။
*ငါ ဘာလုပ်သင့်လဲ*
သူ့မှတ်ဉာဏ်များ၏ နက်ရှိုင်းသော အတွင်းတစ်နေရာ၌ ပုန်းကွယ်နေသော လျှို့ဝှက်ချက်များ ရှိနေလိမ့်မည်ဟု လီယုံ ခံစားမိနေသည်။ သို့သော် သူ တစ်ခဏမျှ မည်သည့်အရာကိုမှ စဉ်းစားမရချေ။ လက်သီးသိုင်းကွက်ကဲ့သို့ပင် သေရေးရှင်ရေး အခြေအနေမျိုး မဟုတ်လျင် သူ ဘာကိုမျှ စဉ်းစား၍ မရပေ။
သူ့မှတ်ဉာဏ်တွေထဲ သူ တစ်ခါမျှ ရှာဖွေစဉ်းစားသော်လည်း ဘာမျှရှာမတွေ့ချေ။
ပြန့်ချွယ်၏ မနောကျင့်စဉ်ကို လေ့ကျင့်ပြီးနောက် သူသည် အခြားမနောကျင့်စဉ်များအား စိတ်ဝင်စားခြင်း မရှိတော့ပါ။
သူ့လည်ပင်းမှ လည်ဆွဲကို ချွတ်လိုက်ပြီး လီယုံ သေချာစိုက်ကြည့်လိုက်သည်။ ပြန်လည်ဝင်စားခြင်း ကျောက်စိမ်းသည် ၎င်း၏ ပုံပန်းသဏ္ဌာန်ကဲ့သို့ မရိုးစင်းလှဟု သူ ခံစားမိနေ၏။ သူ၏ ဆေးညွှန်းများအားလုံးနှင့် ဒိဗ္ဗစက္ခု အမြင်အာရုံက ဤကျောက်စိမ်းမှ ထွက်လာမှန်း သူ သိသည်။
ဤမျှ သေးငယ်သော ပစ္စည်းလေးက လူတို့၏ မှတ်ဉာဏ်များကို ပျက်စီးဆုံးရှုံးခြင်း မရှိဘဲ ထိန်းသိမ်းထားနိုင်သည်။ ထို့အပြင် ထိုမှတ်ဉာဏ်များကို နောက်ပိုင်ရှင်ထံသို့ လွှဲပြောင်းပေးနိုင်သဖြင့် ၎င်း၏ ကြီးမားသော စွမ်းအင်ကို ဖော်ပြလို့နေ၏။
လီယုံ မှတ်မိသလောက်ဆိုလျင် လည်ဆွဲသည် သူ ကလေးဘဝကတည်းက သူ့လည်ပင်း၌ ရှိနေခြင်းဖြစ်သည်။ သူ၏ ဒုက္ခိတအဖေက ဤလည်ဆွဲသည် အလွန်အရေးကြီးသဖြင့် သူ့အား သေချာ ထိန်းသိမ်းထားရန် မှာခဲ့ဖူးသည်။
သူ၏ ဒုက္ခိတအဖေသည် မည်သည့်အရာကိုမျှ အလေးမထားခဲ့ပေ။ ထို့ကြောင့် လီယုံသည် သူ့စကားကို အလေးအနက်ထား၍ ထိုလည်ဆွဲကို သေချာဂရုစိုက်ခဲ့သည်။
လီယုံသည် ကျောက်စိမ်းက မည်သည့်အရာဖြင့် ပြုလုပ်ထားသလဲဆိုတာကို သိနိုင်ရန် အတွင်းအားကို နိုးဆွလိုက်သော်လည်း ပင်လယ်ထဲသို့ ရွှံ့စေးများ ပျော်ဝင်သွားသကဲ့သို့ သူ၏ အတွင်းအားက ပြန်လည်ဝင်စားခြင်း ကျောက်စိမ်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။
ထိုအရာက သူ၏ အတွင်းအားကို စုပ်ယူသဖြင့် လီယုံ လက်လျှော့လိုက်သည်။ သူသည် ပုံမှန်မဟုတ်သော ကျောက်စိမ်းအား ထပ်ခါထပ်ခါ ကြည့်ရင်း ပို၍ သိချင်စိတ်များလာသည်။ ရုတ်တရက် သူသည် ကျောက်စိမ်းထဲ၌ ဘာရှိသလဲဆိုတာကို သိနိုင်ရန် သူ၏ ဒိဗ္ဗစက္ခု အမြင်အာရုံကို ဖွင့်လိုက်သည်။
ထိုအကျိုးဆက်ကား သူသည် ကျောက်စိမ်းကို ထိုးဖောက်၍ မမြင်ရသဖြင့် အံ့ဩမိသွားသည်။ ကျောက်စိမ်းထဲတွင် သူ၏အမြင်အာရုံအား ရောင်ပြန်နိုင်စေသော တစ်စုံတစ်ခု ရှိပုံရပြီး ထိုအရာက သူ့အား ကျောက်စိမ်း၏ အပြင်ဘက်ကိုသာ မြင်ရစေ၍ အတွင်းဘက်ကို မမြင်ရအောင် တားဆီးနေ၏။
*ထူးဆန်းလိုက်တာ။ ငါ့ဒိဗ္ဗစက္ခု အမြင်အာရုံက အခု အလုပ်မလုပ်တော့တာလား*
လီယုံ ခေါင်းမော့လိုက်သည်။ သူ့အမြင်အာရုံက ချက်ချင်း အမိုးကို ထိုးဖောက်သွားပြီး ဟန်လူက ခုတင်ခေါင်းရင်းကို မှီကာ ဒူးထောင်၍ စာအုပ်ဖတ်နေသည်ကို မြင်လိုက်ရသည်။ သူသာ ဆန္ဒရှိလျင် ထိုစာအုပ်ထဲမှ စာများကိုပါ ရှင်းလင်းစွာ မြင်ရလေသည်။
သူ၏ ဒိဗ္ဗစက္ခု အမြင်အာရုံသည် ယခင်ကထက် ပို၍ အံ့ဩဖွယ်ကောင်းလာပုံရသည်။ သို့ဖြစ်ပါလျက် အဘယ်ကြောင့် ကျောက်စိမ်းကို ဖောက်၍မမြင်ရသနည်း။
လီယုံသည် လက်လျှော့ချင်စိတ် မရှိသဖြင့် ပြန်လည်ဝင်စားခြင်း ကျောက်စိမ်းအား ထပ်၍စိုက်ကြည့်ကာ သူ၏ အတွင်းအားကိုပါ တစ်ပြိုင်တည်း နှိုးဆွလိုက်သောအခါ အတွင်းအားက ကျောက်စိမ်းထဲ စိမ့်ဝင်သွားသည်။ ကျောက်စိမ်းထဲ၌ မည်သည့်အရာ ပုန်းကွယ်နေသလဲဆိုတာကို သူ သိချင်နေ၏။
မကြာခင်မှာပင် သူ၏ ခန္ဓာကိုယ်တွင်းမှ အတွင်းအားလုံး ကုန်စင်သွားသဖြင့် သူ ရပ်လိုက်ရသည်။ ထိုသို့သောအချိန်၌ ပြန်လည်ဝင်စားခြင်း ကျောက်စိမ်းက ဝင်းလက်လာသည်။ အဖြူရောင် အလင်းတန်းနှင့်အတူ ထိုအရာက လီယုံ၏ မျက်လုံးထဲသို့ ပျံသန်းဝင်ရောက်သွားသည်။
လီယုံသည် ကောင်းကောင်း အသင့်ပြင်ထားပြီး ပုံမှန်မဟုတ်သော အရာများကို ခံနိုင်ရည်ရှိသလို ခံစားလာရသည်။ သူ မျက်လုံးကို မှိတ်လိုက်သောအခါ အတွေးတစ်ခုက သူ့စိတ်ထဲ ရုတ်ချည်း ပေါ်လာလေ၏။
ထိုအရာသည် ပြန့်ချွယ်၏ မနောကျင့်စဉ်မှ နောက်ထပ်အဆင့်သုံးဆင့်ပင်။ သူ အလွန် ပျော်ရွှင်သွားပြီး ချက်ချင်း စ၍ ကျင့်ကြံလေတော့သည်။
သူ လေ့ကျင့်နေရင်းနှင့် ပြန်လည်ဝင်စားခြင်း ကျောက်စိမ်း၌ လျှို့ဝှက်ချက်များစွာ ရှိနေသည်ကို သူ တဖြည်းဖြည်း သိလာရသည်။ သို့သော် သူ၏ အစွမ်းအစက ထပ်၍ လေ့လာရန် အကန့်အသတ် ဖြစ်နေသေး၏။ သူ ပို၍သန်မာလာသည်နှင့် သူသည် လျှို့ဝှက်ချက်အားလုံးကို ဖော်ထုတ် လာနိုင်လိမ့်မည်။ ယခုအခါတွင် သူသည် မနောကျင့်စဉ်၏ နောက်ထပ်အဆင့်သုံးဆင့်ကိုသာ ဖော်ထုတ်နိုင်ခဲ့သည်။
ယခုအချိန်တွင်မှ မနောကျင့်စဉ်သည် ပြန့်ချွယ်၏ကျင့်စဉ် မဟုတ်မှန်း သူ သိလိုက်ရသည်။ မနောကျင့်စဉ်အား ပထမဆုံး ကျင့်ကြံခဲ့သူက ပြန့်ချွယ်ဖြစ်နေသောကြောင့်ပင်။ ထို့ကြောင့် ပြန့်ချွယ်၏ မနောကျင့်စဉ်ဟု အမည်ပေးခဲ့ခြင်း ဖြစ်ပေသည်။
ထိုကျင့်စဉ်၏ နာမည်အစစ်သည် အသက်သွင်းကျင့်စဉ် ဖြစ်သည်။ သူ အဆင့်ဆယ်ဆင့်လုံးကို လေ့ကျင့်ပြီးသွားသည်နှင့် သူသည် လူများအား အသက်ပြန်သွင်းပေးနိုင်သည်။ ထိုကျင့်စဉ်သည် ဒဏ္ဍာရီလာ နတ်ဘုံတိုင်းပြည်မှ အဆင့်နိမ့် မနောကျင့်စဉ်တစ်ခု ဖြစ်သည်။ သို့ရာတွင် လူသားတို့၏ ကမ္ဘာပေါ်၌ ထိုကျင့်စဉ်အား ထိပ်တန်း မှော်ကျင့်စဉ်အဖြစ် လုံးဝ မှတ်ယူထားကြသည်။
ထိုစဉ်အချိန်က ပြန့်ချွယ်သည် နတ်ဆေးသမားတော်တစ်ပါး ဖြစ်လာခဲ့ပြီး ပထမအဆင့်သုံးဆင့်ကို ကျင့်ကြံခဲ့ရုံနှင့် သက်တမ်းတစ်လျှောက် ကျော်ကြားခဲ့သည်။
အလယ်အဆင့် သုံးဆင့်ကို ရရှိခဲ့သော် လီယုံတစ်ယောက် အူမြူးသွားသည်။ ပြောရမည်ဆိုလျင် သူသည် အလယ်ဆင့် သုံးဆင့်အား ကျင့်ကြံနိုင်သည်နှင့် သူ၏ဆေးပညာသည် ပြန့်ချွယ်နှင့် အခြား သမားတော် အယောက်ရှစ်ဆယ်တို့ကို ကျော်လွန်သွားပေတော့မည်။ သူ ပို၍ကျော်ကြားလာတော့မည်။
သို့သော် အလယ်အဆင့် သုံးဆင့်အား လေ့ကျင့်ခြင်းသည် ပထမသုံးဆင့်အား လေ့ကျင့်ခြင်းထက် ပို၍ ခက်ခဲလေ၏။ လီယုံ တစ်ညလုံး နားလည်အောင် ကြိုးစားခဲ့တာတောင်မှ သဲလွန်စအချို့သာ ရခဲ့သည်။ သူ အချိန်မဖြုန်းချင်သဖြင့် အခန်းထဲဆက်နေ၍ လေ့ကျင့်ခြင်း၌ အာရုံစိုက်ထားလိုက်သည်။
"ဒုန်း ဒုန်း ဒုန်း"
အချိန်မည်မျှ ကုန်သွားမှန်း မသိဘဲ တံခါးခေါက်သံကြောင့် လီယုံ သတိပြန်ဝင်လာ၏။
တစ်ယောက်ယောက် အတင်းဝင်လာပြီး သူ၏လေ့ကျင့်ခြင်းအား နှောင့်ယှက်ခြင်းမှ ကာကွယ်ရန် သူသည် အချိန်တိုင်း တံခါးကို လော့ဒ်ချထားလေ့ရှိသည်။
သူ သတိဝင်လာချိန်တွင် သူသည် စတုတ္ထအဆင့်အား နားလည်သွားသလို ခံစားမိပြီး လေ့ကျင့်ခြင်းဖြစ်စဉ်ကလည်း အတော်လေး အဆင်ပြေနေသည်ကို သိလိုက်ရသဖြင့် သူ အတော်လေး ကျေနပ်မိသွားသည်။ သူ အညောင်းဆန့်လိုက်ရင်း သူ့ဖုန်းကို လှမ်းယူ၍ အချိန်ကို ကြည့်လိုက်သည်။
နောက်တစ်နေ့၏ နေ့ခင်းအချိန်ကိုတောင်မှ ရောက်နေပါလား။
အချိန်ကုန်တာ မြန်လိုက်တာ။
ဟန်လူ၏ အသံမှန်း သိလိုက်သည်နှင့် လီယုံ သူမကို အသံပြန်ပေး၍ ခုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ အိမ်နေရင်း ဖိနပ်ကိုပင် မစီးတော့ဘဲ သူ တံခါးဖွင့်လိုက်သည်။
"နင် တကယ် ဒီမှာရှိနေတာပဲ။ နင် ဘာလို့ ငါ့ဖုန်းကို မကိုင်တာလဲ"
အနက်ရောင်ဂါဝန်ကို ဝတ်ဆင်ထားသော ဟန်လူသည် သူမဆံပင်ကို နားနောက်သပ်ရင်း လီယုံကို မျက်စောင်းထိုး၍ ဗျစ်တောက် ဗျစ်တောက် ပြောလိုက်သည်။
လီယုံ ဝမ်းသာသွားပြီး ပြုံးစိစိဖြင့် ဖုန်းကိုတစ်ချက် ပြန်ကြည့်လိုက်သည်။ တကယ်ကို မကိုင်မိသော ဖုန်းခေါ်ဆိုမှု သုံးခုရှိပြီး အားလုံးက ဟန်လူခေါ်ထားသော ဖုန်းများပင်။
"ငါ အိပ်ပျော်သွားလို့ မကြားလိုက်တာပါ"
လီယုံ ရှင်းပြရင်း ဒေါက်မြင့်ဖိနပ် စီးထားသော ဟန်လူ၏ ခြေထောက်သေးသေးလေးပေါ်သို့ အကြည့်ရောက်သွားသည်. သူမ ဒီနေ့ အတော်လေး ကြည့်လို့ကောင်းနေသည်။ သူမ၏ အနက်ရောင်ဂါဝန်က သူမနှင့် သိပ်ကိုလိုက်ဖက်လို့နေ၏။ သူ၏ ခါးတိုင်းနှင့် အံကိုက်ဖြစ်နေပြီး သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းအား ပြီးပြည့်စုံစွာ ဖော်ပြနေသည်။
"နင့်ကိုယ်နင် မြန်မြန် ပြင်ဆင်လိုက်။ ငါ့အဖေ ဒီရောက်နေပြီးတော့ နင်နဲ့တွေ့ချင်တယ်လို့ ပြောနေလို့"
ထိုသို့ပြောပြီး ဟန်လူက နောက်လှည့်၍ ထွက်သွားသည်။
"ဟား သူက ငါတို့အတွက် မင်္ဂလာပွဲ ကျင်းပပေးတော့မလို့လား"
လီယုံ ပျော်ရွှင်စွာပြုံး၍ ပြောလိုက်သည်။ ဟန်လူ ခလုတ်တိုက်ကာ လဲကျတော့မလို ဖြစ်သွားရသည်။ သူမ မျက်နှာရှုံ့မဲ့မဲ့နှင့် ခပ်သုတ်သုတ် ထွက်သွားသည်။
"အင်း ငါ လာခဲ့မယ်"
လီယုံ ပျော်ရွှင်စွာပြုံး၍ ခပ်သွက်သွက် ကိုယ်လက်သန့်စင်လိုက်၏။
ဆယ်မိနစ်ကြာသော် လီယုံ ဧည့်ခန်းထဲသို့ ဆင်းလာချိန်၌ ကျေနပ်နေသော မျက်နှာထားနှင့် ဆိုဖာပေါ်ထိုင်၍ ဆေးလိပ် သောက်လိုက်၊ လက်ဘက်ရည် သောက်လိုက် လုပ်နေသော ဟန်တုန်းထောင်ကို မြင်လိုက်ရသည်။ ဟန်လူသည် သူ့ဘေး၌ ရပ်လျက်ရှိပြီး သုန်မှုန်လို့နေ၏။
ဟန်ဖေးက သူတို့နှစ်ယောက်ကြား၌ ထိုင်နေပြီး ဝမ်းလည်းမနည်း၊ ပျော်လည်းမပျော်သောဟန်နှင့် ဂရုမစိုက်သော မျက်နှာထားဖြင့် ဖုန်းသုံးလျက်ရှိသည်။
"အန်ကယ်လ်ဟန်"
လီယုံ သူ့ကို ပျော်ရွှင်စွာ နှုတ်ဆက်လိုက်သည်။ ဟန်တုန်းထောင် နိုင်ငံခြား၌ ရဲဖမ်းခံရသည်ဟု သူ ကြားထားခဲ့သည်။ ယခု သူတို့ ပြန်ရောက်လာသဖြင့် သူ အတော်လေး ပျော်သွားမိ၏။
ဟန်တုန်းထောင် မတ်တပ်ရပ်ကာ ပျော်ရွှင်စွာပြုံး၍ ပြောလိုက်သည်။
"ဒေါက်တာလီ၊ ရှေ့ရက်တွေတုန်းကအတွက် ကျေးဇူးတင်ပါတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ်"
"ရပါတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က မိသားစုတွေပဲကို"
လီယုံ ပြုံးစိစိဖြင့် ပြောလိုက်သည်။ သူ မိသားစု ဟူသော စကားလုံးအား တမင်သက်သက် ဖိပြောလိုက်ခြင်း ဖြစ်သည်။ ဟန်ရှီဖုန်းက သူနှင့် ဟန်လူအား စေ့စပ်ကြောင်း ကြေငြာထားပြီးကတည်းက ဟန်လူအား သူ၏ မိသားစုဝင်ဟု သူ မှတ်ယူထားသည်။
သူ ဟန်လူကို လှမ်းကြည့်လိုက်ပြီးမှ ဘာကြောင့် ဟန်လူက ယနေ့ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားရသလဲဆိုတာကို သူ နားလည်သွားသည်။ သူ့အပေါ်တွင် အမြင်ကောင်းရအောင် လုပ်ချင်၍ပင် ဖြစ်သည်။ သူမကလည်း သူတို့၏ဆက်ဆံရေးကို အလေးထားပုံရသည်။ သူမ သေချာဂရုတစိုက် ပြင်ဆင်ထားတာပါလား။
"ဟားဟား ... ဟုတ်တယ် ငါတို့က နောက်ဆို မိသားစုတွေပဲ။ မင်း ပြင်းထန်တဲ့ ဂလူးကို့စ်ဓာတ်ရဲ့ အဆိပ်ကို ဖြေနိုင်လိမ့်မယ်လို့ ငါ မသိထားခဲ့ဘူး။ ငါသာ သိခဲ့လို့ရှိရင် ငါတို့ နိုင်ငံခြား သွားတော့မှာ မဟုတ်သလို ရှောင်မိန်လည်း အခု ပြန်မလာနိုင်သေးဘဲ ဖြစ်နေမှာ မဟုတ်ဘူး"
ထို့နောက် ဟန်တုန်းထောင် သက်ပြင်းချလိုက်သည်။ သူ နိုင်ငံခြားသို့ ရောက်နေစဉ်က အတော်လေး ခံစားခဲ့ရသည်. သူ့သမီး၏ ကျန်းမာရေးအတွက် သူ ဟိုပြေးဒီပြေးနှင့် အလုပ်များကာ ရင်ကွဲနာကျ၍ သေလုမတတ် ဖြစ်ခဲ့ရသည်။
"အာ ... အန်တီက ပြန်မလာနိုင်သေးဘူးလား"
လီယုံ အံ့ဩသွားသည်။ ယခု ဟန်တုန်းထောင်က ပြန်ရောက်လာပြီး သူ့မိန်းမက ဘာလို့ နိုင်ငံခြား၌ ကျန်ရစ်နေခဲ့ရသေးသနည်း။ သူ တစ်ခုခု ဖြစ်လာတာများလား။
"ရှောင်မိန် စာရင်းသွင်းထားတဲ့ အမြဲတမ်းအိမ်ရာနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေလို့ သူ နိုင်ငံခြားရဲတွေရဲ့ ယာယီထိန်းသိမ်းထားကို ခံနေရတယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။ သူ နောက်ရက်နည်းနည်းလောက် ကြာရင် ပြန်ရောက်လာမှာပါ"
ဟန်တုန်းထောင်က ရယ်မော၍ ပြောလာ၏။ ထိုသို့သောအချိန်၌ ဟန်ဖေးက ဖုန်းကိုချ၍ စိတ်အေးသွားသလို ပြောလာသည်။
"ပြီးသွားပြီ။ ဖိုင်တွေအားလုံးကို ပို့ပြီးသွားပြီ"
ထို့နောက် ဟန်ဖေးက လီယုံကို လှမ်းကြည့်၍ သူမ၏ မျက်လုံးရွဲကြီးများကို ပုတ်ခတ်ပုတ်ခတ်လှုပ်ကာ ကျီစယ်သလို အပြုံးနှင့် ပြောလိုက်သည်။
"ဟဲလို ခဲအို"
ဟန်လူက အပြစ်တင်သော မျက်နှာထားဖြင့် ဆွဲဆိတ်လိုက်ပြီး ဟန်တုန်းထောင်က သုံးကြိမ်ခန့် ရယ်မောနေ၏။ ရယ်မောပြီးနောက် သူ ပြန်ပြောလိုက်သည်။
"ဒေါက်တာလီ၊ မင်းနဲ့ လူတို့က စေ့စပ်ထားမှန်း ငါ သိပါတယ်၊ ငါလည်း အဲ့ဒါကို သဘောတူတယ်"
ထို့နောက် သူက အလေးအနက်ထား၍ ပြောလာ၏။
"လူရဲ့ အဆိပ်ကို အရှင်းကုပြီးတာနဲ့ မင်းတို့နှစ်ယောက်ကို မင်္ဂလာပွဲလုပ်ပေးဖို့ ငါတို့ ဆုံးဖြတ်ထားတယ်"
"အာ ... ကျွန်တော်တို့ အဲ့ဒါပြီးမှ လက်ထပ်လို့ရမှာလား"
လီယုံ ခေါင်းကိုကုတ်ရင်း အားမရသလို ပြောလိုက်သည်။
"သူမကို ကုပေးဖို့က သုံးနှစ်ထက် ပိုကြာလောက်တယ်။ မင်္ဂလာပွဲ အရင်လုပ်လိုက်ရင်ရော။ ကျွနတော် သူမကို ကုဖို့ အချိန်ပေးနိုင်ပါတယ်"
"မဖြစ်နိုင်ဘူး"
ဟန်လူက သူ့အကြံကို အပြင်းအထန် ကန့်ကွက်၍ ဆက်ပြောလာသည်။
"နင့်ရဲ့အစွမ်းအစကို ငါ့ကို သက်သေမပြရသေးဘူးလေ။ ငါတို့ သဘောတူညီမှုကိုလည်း မေ့မနေနဲ့ဦး။ နင် ဖေးရဲ့ ကုမ္ပဏီအမြတ်ကို အရင် နှစ်ဆဖြစ်အောင် လုပ်ရမယ်"
"အဲ့ဒါက လွယ်ပါတယ်"
လီယုံက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ ဟန်တုန်းထောင်က လီယုံ၏ ပခုံးကိုပုတ်၍ ပြုံးကာ ပြောလိုက်သည်။
"လူငယ်လေး စိတ်ရှည်စမ်းပါ။ မင်း လူရဲ့ စစ်ဆေးခြင်းကို အောင်သွားတာနဲ့ မင်း အနည်းဆုံး သန်းရာနဲ့ချီတန်တဲ့ ငါတို့မိသားစုရဲ့ ပိုင်ဆိုင်မှုတစ်ဝက်ကို ရလာမှာပါ"
လီယုံက အလေးအနက်ထား၍ ပြန်ပြောလိုက်သည်။
"အန်ကယ်လ်ဟန်၊ ကျွန်တော် ပိုက်ဆံမလိုပါဘူး။ ကျွန်တော် လူကို တကယ်ချစ်တာပါ"
"ဟွန့် နင် ငါ့ကို ချစ်တယ်လို့ ပါးစပ်နဲ့သာ ပြောနေတာ။ နင် ငါ့အတွက် ပန်းလေးတစ်ပွင့် ယူလာပေးဖူးလို့လား။ နင် ငါ့ကို လက်ဆောင်ပို့ပေးဖူးလို့လား။ နင် ငါ့အတွက် အံ့ဩစေတဲ့အရာမျိုးလေး လုပ်ပေးဖူးလား"
ဟန်လူသည် အပြစ်တင်သော မျက်လုံးများနှင့် ဆက်တိုက် မကျေမနပ်ပြောလေတော့သည်။
သူမ ထိုသို့ပြောပြီးသည်နှင့် သူ လုပ်ပေးထားသည်က မလုံလောက်သေးမှန်း လီယုံ ရုတ်တရက် သတိပြုမိသွားသည်။ သူ့စိတ်ထဲတွင် ထိုအရာများကို အရေးမပါဟု ထင်ထားမိသည်။
*သူမအသက်ကို ကယ်နိုင်တဲ့ အစွမ်းအစရှိတာနဲ့တင် မလုံလောက်သေးဘူးလား*
"မင်း အံ့ဩစရာ ကိစ္စလေးတွေ လိုချင်လို့လား။ တကယ်လို့ ငါ မင်းကို သုံးလအတွင်း ပျောက်အောင် ကုပေးနိုင်တယ်ဆိုရင်ရော အဲ့ဒါကို အံ့ဩစရာအဖြစ် ထည့်တွက်မှာလား"
လီယုံက ပြုံး၍ မေးလိုက်သည်။
"တကယ်လား"
ဟန်လူ အနည်းငယ် ဝမ်းသာသွားသော်လည်း အံ့တော့မအံ့ဩပေ။
"တကယ်လား"
ဟန်တုန်းထောင်လည်း ထိတ်လန့်သွားကာ ကျယ်လောင်စွာ မေးလိုက်မိသည်။
"အဖေ ကျွန်တော်တို့ မင်္ဂလာပွဲကိုသာ ပြင်ထားလိုက်ပါ။ ကျွန်တော် လူကို သုံးလအတွင်း သေချာပေါက် ကုပေးနိုင်တယ်။ ကျွန်တော် မလုပ်နိုင်ခဲ့ရင် ကျွန်တော့ကို တစ်သက်လုံး လူပျိုကြီးအဖြစ် နေခိုင်းလိုက်ဗျာ"
လီယုံ အတည်ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အသက်သွင်းကျင့်စဉ်၏ အလယ်သုံးဆင့်ကို ရရှိလိုက်ပြီး သဘောတရားကို လေ့ကျင့်ပြီးနောက် အတော်လေး နားလည် သဘောပေါက်လာသောကြောင့်ဖြစ်ပြီး သူ့ကိုယ်သူ ယုံကြည်မှုရှိလာသည်ဟု တွေးမိလိုက်သည်။ ထို့ကြောင့် သူ ဟန်တုန်းထောင်ကို အခေါ်အဝေါ် ပြောင်းလိုက်ခြင်း ဖြစ်ပါ၏။
'အဖေ' ဟူသော စကားလုံးက သူ့ကို အတော်လေး ပျော်ရွှင်စေသည်။
"ခဲအို ကျွန်မ ရှင့်ကို ယုံတယ်"
ဟန်ဖေးက လီယုံကို အားပေးသည့်ဟန်ဖြင့် လက်သီးလက်မောင်းတန်း၍ ပျော်ရွှင်စွာပြောလိုက်သည်။
"ကောင်းပြီလေ၊ နင် ငါ့ကို သုံးလအတွင်း ကုပေးနိုင်သရွေ့ ငါ နင့်ကို လက်ထပ်မယ်"
ဟန်လူက နှုတ်ခမ်းကိုက်ရင်း ပြောလိုက်သည်။
"ကောင်းပြီ မင်းအတွက် ခမ်းနားတဲ့ မင်္ဂလာပွဲတစ်ပွဲ ငါ ပြင်ထားမယ်"
ဟန်တုန်းထောင်က ကျေနပ်သွားသလို ခေါင်းညိတ်၍ ပြောလာသည်။

နတ်မျက်စိရှင် သမားတော် [Chapter 1-200]Where stories live. Discover now