Chapter 82

402 40 0
                                    

နတ်မျက်စိရှင် သမားတော်
Amazing Doctor with Super Vision
Author Gong Zi Wu Lang
ဘာသာပြန် Han Shin

CHAPTER (82) ပါမောက္ခအစစ်တစ်ယောက် ဟုတ်၊မဟုတ်
ယုံခန်းဆေးခန်းမှ ထွက်လာပြီးနောက် လီယုံသည် လမ်းကူး၍ တစ်ဘက်သို့ ဦးတည်လာခဲ့သည်။
မူလ ချမ်းမြေ့ဆေးခန်းသည် လုံးဝကို ဖြိုဖျက်ထားပြီးသား ဖြစ်သည်။ မြေကြီး၌ သံဆူးကြိုးများဖြင့် ဝိုင်းရံထားသော ကျင်းကြီးတစ်ကျင်းရှိပြီး အထဲ၌ အလုပ်များနေသော မြင်ကွင်းတစ်ခုကို မြင်နေရသည်။ ဆောက်လုပ်ရေး လုပ်သားများသည် အလွန်မြင့်သော ကရိန်းများနှင့် အလုပ်လုပ်နေကြ၏။
မြေအောက်အထပ် နှစ်ထပ်ပါသော ဆယ်ထပ်တိုက်ကို ဆောက်လုပ်နေခြင်း ဖြစ်သည်။ ဆောက်လုပ်၍ ပြီးသွားသည်နှင့် လီယုံသည် ယုံခန်းဆေးခန်းအား ဤသို့ပြောင်းရွှေ့၍ ယုံခန်းဆေးရုံဟု ပြောင်းလဲ အမည်ပေးမည်ဟု ဆုံးဖြတ်ထားသည်။ ထိုသို့ဆိုလျင် နိုင်ငံ၏ပေါ်လစီက နိုင်ငံ့ဆေးရုံများဘက် တိမ်းစောင်းနေတတ်သဖြင့် သူသည် ပုဂ္ဂလိက ဆေးရုံအဖြစ် ပိုထားချင်နေသည်။
လီယုံ လမ်းပေါ်၌ ရပ်၍ အနာဂတ်အား တွေးတောနေချိန်တွင် သူ့ဖုန်း မြည်လာ၏။
သူ ဖုန်းကိုထုတ်၍ ဖြေလိုက်သည်။ ထူးဆန်းသော လူတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။ ထိုလူသည် အလွန်ယဉ်ကျေးနေပြီး ကျုံးဟိုင် ဆေးတက္ကသိုလ်၏ အဖွဲ့အစည်းမှ ဒါရိုက်တာဖြစ်သည်ဟု ပြောလာသည်။ ယခု တက္ကသိုလ်၌ အရေးကြီးသော အစည်းအဝေးတစ်ခု ထိုင်ရန်ရှိနေပြီး လီယုံသည်လည်း ချက်ချင်း ပါကိုပါမှ ဖြစ်မည်ဟု ဆိုလာ၏။
လီယုံသည် ထိုကဲ့သို့သော အစည်းအဝေးမျိုး၌ တစ်ခါမှ မပါဝင်ခဲ့ဖူးပါ။ ယခု သူ၏ပထမဆုံးအကြိမ် ဖြစ်သဖြင့် သူ တက်ကြွသလို ဖြစ်နေ၏။ အစည်းအဝေးသည် ရောက်တတ်ရာရာများနှင့် ပြည့်နေသည်ဟု လူတိုင်း ပြောကြသော်လည်း လီယုံ အလွန် မနှစ်မြို့သလို မဖြစ်ပေ။ အကယ်၍ သူသာ စကားပြောခွင့် ရလာပါက တစ်ခွန်းပြောလိုက်ရုံနှင့် လူပေါင်းများစွာကို အံ့ဩအောင် လုပ်နိုင်မည်ဟု သူ ခံစားနေမိသည်။ ထို့အပြင် သူ့၌ အားလပ်ချိန်လည်း ရှိနေသောကြောင့် သူ သဘောတူလိုက်သည်။
ဖုန်းချပြီးနောက် လီယုံသည် တက္ကစီငှား၍ ကျုံးဟိုင်ဆေးတက္ကသိုလ်သို့ ခပ်သုတ်သုတ် သွားလေ၏။
ဤနေရာသည် လီယုံ လေးနှစ်တာ ပညာသင်ခဲ့သော နေရာဖြစ်သောကြောင့် ဤနေရာနှင့် သူ ရင်းနှီးကျွမ်းဝင်သည်။ သူ ပင်မရုံးခန်းသို့ အေးဆေးလွယ်ကူစွာ လျှောက်လာခဲ့ပြီး ပါမောက္ခလက်မှတ်ကို လုံခြုံရေးအား ပြလိုက်ပြီးနောက် လုံခြုံရေးက သူ့အား အထဲဝင်ခွင့်ပေးလာသည်။ ထို့နောက် သူက ဆေးတက္ကသိုလ်၏ အချက်အချာ နယ်မြေသို့ လျှောက်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် လီယုံ၌ မျှော်လင့်ချက်များနှင့် ပြည့်နှက်နေဆဲဖြစ်သည်။ သူ့စိတ်ထဲမှ ဆေးပညာ သီအိုရီများကိုလည်း သူ ပြန်တွေးနေလိုက်သေးသည်။ သူတို့က အရေးကြီးသော အစည်းအဝေးသို့ လာရန် သူ့အား ပြောထားသဖြင့် သူ့၌ စကားပြောဆိုခွင့် အပြည့်အဝရှိပေမည်။
တစ်ခန်းလုံးကို အထင်ကြီးအောင်လုပ်၍ သူ၏ပုံရိပ်အား ပညာသင်ဆုရ ကျောင်းသားများ၊ ပါမောက္ခများနှင့် ခေါင်းဆောင်များ၏ စိတ်ထဲ၌ ဂုဏ်ဝင့်ဖွယ်ဖြစ်အောင် ချန်ရစ်မည်ဟု သူ ပြင်ဆင်ထားသည်။
သို့သော် ထိုနေရာသို့ သူ ရောက်သောအခါ ထိုအစည်းအဝေးက လုံးဝ အရေးကြီးသော အစည်းအဝေး မဟုတ်သည်ကို သိလိုက်ရသည်။ ပါမောက္ခအချို့နှင့် ပြည်သူ့ရန်ပုံငွေနှင့် ပညာသင်ဆုရသော ကျောင်းသားများသာ ပါဝင်သော အစည်းအဝေးတစ်ခုသာ ဖြစ်၏။
လီယုံကို စာသင်ပေးခဲ့သော ကထိကများနှင့် ပါမောက္ခများစွာလည်း ရှိနေသည်။ သူတို့ ဆုံသည်နှင့် ပုံမှန်အတိုင်း တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်လိုက်ကြသည်။
"ဟိုင်း ဆာ၊ တွေ့ရတာ ဝမ်းသာပါတယ် ဆရာတို့"
လီယုံက ရင်းနှီးစွာဖြင့် နှုတ်ဆက်လိုက်သည်။ သူတို့ဆရာများက မျက်လုံးပွတ်၍ သူ့ကို ထပ်ကြည့်လာချိန်တွင် သူ ရယ်မောလိုက်မိသည်။
"လီယုံ မင်း ဘာလို့ ဒီကိုရောက်လာတာလဲ"
အသက်သုံးဆယ်ဝန်းကျင်ရှိသော ကထိကတစ်ယောက်က တအံ့တဩမေးလိုက်သည်။ သူ့စိတ်ထဲတွင် လီယုံသည် ဤအခန်းထဲသို့ ဝင်လာရန် အရည်အချင်းမပြည့်မီဟု တွေးနေမိ၏။
"ဟဲလို မစ္စတာကျောက်၊ ကျွန်တော် ဒီကို တစ်ချက်လောက် လာကြည့်ဖို့ ရောက်လာတာပါ"
လီယုံသည် တစ်ချိန်က သူ၏ကထိက ဖြစ်ခဲ့ဖူးသော ကျောက်မင်ခွန်းနှင့် လက်ဆွဲနှုတ်ဆက်လိုသဖြင့် လက်ဆန့်ထုတ်လိုက်သည်။ ယခု လီယုံက ပါမောက္ခတစ်ယောက် ဖြစ်လာပြီသဖြင့် ထိုကထိကနှင့် လက်ဆွဲနှုတ်ဆက်ခြင်းသည် သူ့အား လေးစားသမှုပြခြင်း ဖြစ်ပါ၏။
သို့သော် ကျောက်မင်ခွန်းက လီယုံ၏လက်ချောင်းများနှင့် ထိတွေ့ရမည်ကို ရွံရှာသကဲ့သို့ နောက်သို့ဆုတ်သွားသည်။ သူက လီယုံအား ခြေဆုံးခေါင်းဆုံး ကြည့်လာသည်။ ပို၍အံ့ဩနေဟန်ဖြင့် သူ ပြောလိုက်သည်။
"မင်းက တစ်ချက်လောက် လာကြည့်ချင်တာ ဟုတ်လား။ လီယုံ ဒီနေရာက မင်း သာမန်လို ပြုမူနေလို့ရတဲ့ နေရာမဟုတ်ဘူး၊ ချက်ချင်း ထွက်သွားစမ်း"
ထိုသို့သောအချိန်၌ လီယုံကို စာသင်ခဲ့ဖူးသော အခြားပါမောက္ခတစ်ဦးကလည်း အခြားသူများနှင့် ဝိုင်း၍ရောက်လာသည်။ သူ လီယုံကို မှတ်မိသွားသည်နှင့် သူသည်လည်း အလွန်အံ့ဩသွားသည်။ သူက လူအုပ်ကြားထဲမှ ရှေ့ထွက်၍ လီယုံအား ကြမ်းတမ်းစွာ ပြောလိုက်သည်။
"မင်း ဘာလို့ အခုထွက်မသွားသေးတာလဲ"
ဤနေရာသည် ကျောင်းတွင်းစုဝေးပွဲဖြစ်ပြီး လူတိုင်း မလာနိုင်ပေ။ အချို့သော ပါမောက္ခများနှင့် ကထိကများသည် လီယုံကို မြင်လိုက်ချိန်တွင် သူသည် ကျောင်းသားတစ်ဦးကဲ့သို့ အလွန် ငယ်လွန်းနေသဖြင့် အံ့အားသင့်နေကြသည်။
သို့သော် သူတို့သည် သူနှင့်မသိသဖြင့် သူတို့ အံ့ဩနေလျင်တောင်မှ သူ့အား ထွက်သွားရန် မပြောကြပေ။ ထင်မှတ်မထားဘဲ လီယုံသည် ဆရာဝန်တစ်ဦးဖြစ်ပြီး သူ့ကိုသိ၍ သူ့ကို စာသင်ပေးခဲ့ဖူးသော ကထိကနှင့် ပါမောက္ခများက သူ့ကို ထွက်သွားရန် အတင်းပြောလာသည်။ လီယုံကို ဒီနေရာမှာ တွေ့လိုက်ရတာက သူတို့ကို အလွန်ရှက်ရွံ့သွားအောင် လုပ်လိုက်သည်ဟု ထင်နေကြသည်။
"ပါမောက္ခဝေ့ ဘာလို့ ကျွန်တော်က ထွက်သွားရမှာလဲ"
လီယုံသည် အနည်းငယ် ဒေါသထွက်သလို ဖြစ်လာသဖြင့် သူ့လေသံကလည်း မသိမသာ မြင့်လာသည်။ လူတိုင်းသည် အတူတူပင် ဖြစ်သည်။
*ကျုပ်ကို ကျောင်းကခေါင်းဆောင်တွေက ဖိတ်ထားတာလေ။ ဘာလို့ ခင်ဗျားတို့က ကျုပ်ကို နှင်ထုတ်တာလဲ*
"ဒီနေရာကို လာရအောင် မင်းမှာ ဘာအရည်အချင်းများ ရှိလို့လဲ။ မင်း ဘယ်လိုလုပ်ဝင်လာတာလဲ"
ဝေ့ဟုန်ပင်း အလွန် ဒေါသထွက်သွားပြီး လီယုံ၏ ရိုင်းပျမှုက သူ့အား ဒေါသကိုထိန်းမရအောင် လုပ်နေ၏။ အတိတ်တုန်းက သူ လီယုံကို စာသင်ခဲ့စဉ်က သူသည် လီယုံအား မကြာခဏ အပြစ်ပေးခဲ့သည်။ ဆက်တိုက်သင်ပြပြီးနောက် လီယုံသည် မပြောင်းလဲတတ်သော ကျောင်းသား တစ်ယောက် ဖြစ်သည်ကို သူ သိလိုက်သည်။ ထို့ကြောင့် သူ လီယုံကို မြင်ချိန်တွင် လီယုံအား သူ ပြင်းထန်စွာ ဝေဖန်ချင်နေ၏။
"ကျုပ်က ဒီကို အဖိတ်ခံထားရတာ"
လီယုံက မာနကြီးစွာ ခေါင်းကိုမော့၍ ပိုကျယ်သော အသံဖြင့်ပြောလိုက်သည်။ ဘေးပတ်လည်မှ ရယ်မောသံကို သူ ကြားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် အလွန်ငယ်နေသောကြောင့်ပင်၊ တရားလွန်ကို ငယ်နေသောကြောင့်ပင်။
ကျောင်းက သူ့ကို ဖိတ်ရအောင် သူ့၌ ဘာအရည်အချင်းများ ရှိနေလို့နည်း။
ဤပွဲသည် ပါမောက္ခများ စုဝေးပွဲဖြစ်သည်။ ကထိကတစ်ယောင်တောင်မှ သူ လာချင်လျင် အခြားသူများ၏ လွှမ်းမိုးနိုင်သည့် သူ၏အကာအကွယ်ကို ကောင်းကောင်းအသုံးချနိုင်မှ ရပေမည်။ လီယုံက သူက ဖိတ်ကြားခံရသည်ဟု တကယ် ပြောလိုက်သည်တဲ့လား။ ဒါက သံသယဝင်စရာ မလိုလောက်အောင်ကို ဟာသတစ်ခုပင် ဖြစ်ပေမည်။
"ပါမောက္ခဝေ့ အဲ့ဒါ ခင်ဗျား ကျောင်းသားလား။ ဟဟ ... သူက ရယ်ရတာပဲ"
"သူ့ကို ဘယ်သူက လာဖို့ပြောလိုက်တာလဲ။ ကျောက်မင်ခွန်း ခင်ဗျား ဖိတ်လိုက်တာလား"
ထိုစကားက လူများအား ပို၍ရယ်စေစေသည်၊ အဘယ်ကြောင့်ဆိုသော် ကျောက်မင်ခွန်းသည် ကထိကတစ်ယောက်သာ ဖြစ်ပြီး လက်ထောက်ပါမောက္ခရာထူးကို ရရန် အပြင်းအထန် ကြိုးစားနေသူ ဖြစ်သောကြောင့်ပင်။ သူ ဤသို့လာနိုင်ရသည့်အကြောင်းရင်းမှာ သူသည် ဒုပါမောက္ခချုပ်၏ တူဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
သူက အခြားသူများအပေါ် အခွင့်ကောင်း ယူထားခြင်း ဖြစ်ပြီး ဒီနေရာသို့ လာရန် အရည်အချင်းမပြည့်မီသောကြောင့် အခြားသူများကိုပါ ဖိတ်ခေါ်နိုင်သည့် အရည်အချင်း မည်သို့ရှိပါမည်နည်း။ ထို့အပြင် သူ ဖိတ်လျင်တောင်မှ သူ၏ကိုယ်ပိုင်ကျောင်းသားကို ခေါ်လာရန် သူ့အတွက် မဖြစ်နိုင်ချေ။ ဒါက သူ မျက်နှာပျက်ရမည့် အရေးမဟုတ်ပါတကား။
အခြားသူများ၏ လှောင်ပြောင်ခြင်းကို ခံရသဖြင့် ကျောက်မင်ခွန်းသည် နီမြန်းသော မျက်နှာနှင့်အတူ လီယုံထံသို့ လှမ်းလာပြီး ဒေါသတကြီး ပြောလိုက်သည်။
"မင်း အခုချက်ချင်း ထွက်သွား"
သူ ခွေးနှစ်ကောင်နှင့် လာဆုံနေရခြင်းသည် မနက်ပိုင်း သူ အပြင်ထွက်မလာခင်က တုန်းရှန်းကို မစစ်ဆေးခဲ့မိသောကြောင့် ဖြစ်မည်ဟု လီယုံ တွေးလိုက်မိသည်။ သူ့စိတ်ထဲမှ ဒေါသကို ထိန်းချုပ်ရင်း လီယုံက မျက်တောင်ခတ်လိုက်ပြီး မေးလိုက်သည်။
"ဒီမှာ အရေးကြီးတဲ့ အစည်းအဝေးတစ်ခု လုပ်မှာလား။ ပါမောက္ခတွေပဲ တက်ရောက်နိုင်တဲ့ အစည်းအဝေးမဟုတ်ဘူးလား"
"ဟုတ်တယ်"
တစ်စုံတစ်ယောက်က ကျယ်လောင်စွာ ထအော်လာ၏။
"ကျုပ်လည်း ပါမောက္ခပဲ"
လီယုံက ဂုဏ်ယူစွာပြောလိုက်သည်။ ဤမျှငယ်ရွယ်သော အသက်အရွယ်၌ ပါမောက္ခဖြစ်လာခြင်းက လီယုံအား အတော်လေး ဂုဏ်ယူမိစေသည်။
မမျှော်လင့်ဘဲ ရယ်သံများက ပို၍ကျယ်လောင်လာသည်။
သူနှင့်ပတ်သက်သော အမှန်တရားက အဘယ်ကြောင့် ထိုကထိကများနှင့် ပါမောက္ခများ၏နား၌ ဟာသဖြစ်သွားသလဲဆိုတာကို လီယုံ နားမလည်နိုင်ပါ။
*ဒါ ဘာအခြေအနေကြီးလဲ။ လူ့အသိုင်းအဝိုင်းရဲ့ အထက်တန်းလွှာတွေက ဒီလောက်တောင် အထက်ဖား အောက်ဖိနိုင်ရလား*
သူတို့၏ လှောင်ပြောင်သရော်မှုက လီယုံကို နက်ရှိုင်းစွာ ထိခိုက်နာကျင်၍ စော်ကားသလို ဖြစ်စေသည်ကို သူတို့ မသိကြလေရော့သလား။
"ဒီနေ့ခေတ် လူငယ်တွေက ဟန်ဆောင်တဲ့နေရာမှာ ပိုပိုပြီး ထူးချွန်လာတာပဲ"
"ငါတို့လို ပညာရှင်လူကြီးပိုင်းမျိုးဆက်က သူတို့ကို ဘယ်တော့မှ ကျော်နိုင်မှာ မဟုတ်ဘူး"
"လုံခြုံရေးဝန်ထမ်းကိုခေါ်ပြီး ဒီငတုံးကောင်ကို ဒီနေရာက ဆွဲထုတ်သွားဖို့ ပြောလိုက်"
ထိုစကားများက လီယုံ၏ နားဘေးကပ်လျက် ထွက်ပေါ်လာသည်။ လီယုံ၏မျက်လုံးများ တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး သူ့နှလုံးသားက ပိုပို၍ အေးစက်လာ၏။
ကျောက်မင်ခွန်းက လက်ကိုဆန့်၍ ရွံရှာသလို တွန်းထုတ်တော့မလို ဟန်ပြင်လာသည်ကို မြင်ပြီး လီယုံသည် ရုတ်တရက် ကျောက်မင်ခွန်း၏လက်ကို လှမ်းဖမ်း၍ သူ့ခန္ဓာကိုယ်အား တစ်ခြားဘက်သို့ လွှင့်ပစ်လိုက်သည်။ လီယုံ၏ ခွန်အားသည် နည်းလည်းမနည်းသလို များလည်းမများပေ၊ သို့သော် ကျောက်မင်ခွန်းအား ဒယိမ်းဒယိုင်ဖြစ်၍ သစ်ပင်ပင်စည်ကဲ့သို့ လဲကျသွားအောင် လုပ်နိုင်ပါ၏။ ကျောင်မင်ခွန်း ခြေထောက်ကိုထိန်း၍ ဟန်ချက်ညီအောင် ကြိုးစားသော်လည်း နောက်ကျသွားချေပြီ။
"အ ... အ ..."
ကျောက်မင်ခွန်း အော်ဟစ်ရင်း လဲကျသွားသည်။ ချက်ချင်းဆိုသလိုပင် သူ၏အော်သံက အခြားသူများ၏ ရယ်သံကို လွှမ်းသွားသည်။ အနောက်တန်းမှ လူများက ခြေဖျားထောက်လျက် ကြည့်လျင်တောင်မှ မမြင်ရသော်လည်း ရှေ့တန်းမှလူများကတော့ သေချာမြင်လိုက်ရပြီး တစ်ယောက်ပြီးတစ်ယောက် အော်သံထွက်ပေါ်လာသည်။
"ကျောက်မင်ခွန်း အရိုက်ခံလိုက်ရပြီ"
"ပါမောက္ခအတုက ကျွဲမြီးတိုပြီး အခြားသူတွေကို ရိုက်နှက်လာပြီ"
"အဲ့ကောင်လေးက တကယ် မဆင်မခြင်နိုင်တာပဲ။ သူကများ ငါတို့တက္ကသိုလ်ကိုလာပြီး ပါမောက္ခတစ်ယောက်လို အယောင်ဆောင်နေသေးတယ်။ သူက အခြားသူတွေကိုတောင် ရိုက်နှက်ရဲသေးတယ်။ အခု သူတော့ ကံဆိုးပြီပဲ"
ထိုလူတို့၏ ဒေါသထွက်၍ နောင်တရနေသော စကားများကို ကြားပြီး လီယုံက သူ၏ပါမောက္ခလက်မှတ်ကို ထုတ်ကာ မြှောက်ပြ၍ ဘေးပတ်လည်ကို ပြလိုက်သည်။ သူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သေးသည်။
"ကျုပ်လည်း ပါမောက္ခပဲ"
"ချီးတဲ့မှ သူက လက်မှတ်အတုတောင်မှ လုပ်လာသေးတယ်၊ တော်တော် ပြင်ဆင်လာတာပဲ"
"နောက်ထပ်ပြင်ဆင်မှုတစ်ခုပါ လုပ်လာတာကိုး"
"ဒီနေ့ခေတ် လူငယ်တွေက ဟန်ဆောင်တဲ့နေရာမှာ တော်တော်အသုံးချတာပဲ။ သူ့ကိုယ်သူတောင် ယုံကြည်နေလိုက်သေးတယ်"
"အခြားသူတွေကို ယုံကြည်အောင်မလုပ်ခင် မင်းကိုယ်မင်း အရင်ယုံကြည်အောင် လုပ်သင့်တယ်"
လီယုံ မျက်မှောင်ကြုတ်မိသွားပြီးသူ၏ ထူထဲသော မျက်ခုံးက အိမ်အိုတစ်လုံး၏ တံစက်မြိတ်ကဲ့သို့ မျက်ခွံပေါ် ဖိကျလာသည်။
သူတို့အားလုံးသည် ပညာသင်ဆုရကျောင်းသားများနှင့် ပါမောက္ခများ ဖြစ်ကြပြီး သူတို့ထဲမှအချို့ဆိုလျင် လူ့အဖွဲ့အစည်း၌ အတော်လေး လွှမ်းမိုးမှုရှိကြသည်။
သို့သော် ထိုကဲ့သို့ လူစုမျိုးက လီယုံအပေါ် အထင်သေး၍ သူ့အား လူလိမ်တစ်ယောက်၊ ဟန်ဆောင်သူတစ်ယောက်ဟု မလျှော့တမ်း ပြောဆိုနေကြသည်။
လီယုံ မတရားသဖြင့် ခံနေရသလို ခံစားမိပြီး ဒေါသထွက်လာသည်။ သူ ခြေထောက်ကိုမြှောက်၍ ကျောက်မင်ခွန်းကို ကန်ကျောက်လိုက်၏။ ယခုလေးတင် ထလာသော ကျောက်မင်ခွင်းသည် ထပ်၍ လဲကျကာ အော်ဟစ်မိသွားပြန်သည်။
"လီယုံ မင်း ဥပဒေကို ချိုးဖောက်နေပြီ။ ဥပဒေကို ချိုးဖောက်နေတာကွ။ ငါ ရင်နာလိုက်တာ။ အကျင့်စာရိတ္တ ပျက်စီးနေတဲ့ကောင်ကို ဘာလို့ ငါက တပည့်တော်ထားရတာလဲ။ မင်းမှာ ဖြောင့်မတ်တဲ့စိတ်လေး နည်းနည်းပါးပါးတောင် မရှိဘူးလား"
ဝေ့ဟုန်ပင်းက ရုတ်တရက် လီယုံကို လက်ညှိုးငေါက်ငေါက်ထိုး၍ သမာဓိရှိသလို အော်ဟစ်လာသည်။
လီယုံသည် ဝေ့ဟုန်ပင်းနှင့် ပတ်သက်၍ အတော်လေး မကျေနပ် ဖြစ်သွားသည်။ ယခုမှ မကျေမနပ်ဖြစ်မည့်အစား လီယုံသည် ယခင်ကတည်းက သူ့အား မကျေမနပ် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
ဝေ့ဟုန်ပင်း၏ စာသင်နည်းသည် အလွန်တင်းကြပ်၏။ ပါရမီပါသော ကျောင်းသားများကို စည်းကမ်းတင်းကြပ်သော ဆရာများက လေ့ကျင့်ပေးကြသည်ဟုသော ဆိုရိုးစကားလိုပင်။ သို့သော် လီယုံ၏ သူငယ်ချင်းလည်းဖြစ် ဘေးချင်းကပ်ထိုင်သူလည်း ဖြစ်သည့် တန်းရှို့ရင်က ပုတ်ခတ်ဝေဖန်ခံရပြီးနောက် ဝေ့ဟုန်ပင်းအား နောက်ဆုံးပေါ် နာမည်ကြီးအမှတ်တံဆိပ် ဖုန်းတစ်လုံး လက်ဆောင်ပေးလိုက်ချိန်တွင် သူသည် ချက်ချင်းဆိုသလို ဝေ့ဟုန်ပင်း၏ ရင်းနှီးစွာဆက်ဆံခြင်းကို ခံရပြီး ထိုအချိန်မှစ၍ အနိုင်ကျင့်မခံရတော့ပေ။
တန်းရှို့ရင်ကဲ့သို့ ဘာကိုမျှ ကောင်းကောင်းမလေ့လာခဲ့သည့်သူက ချီးမွမ်းခံလိုက်ရသည်။
အစပိုင်းတွင် လီယုံသည် ဝေ့ဟုန်ပင်း၏ အနိုင်ကျင့်ခြင်းကို အတော်ခံခဲ့ရသည်။ ထို့ကြောင့် တန်းရှို့ရင်က ဝေ့ဟုန်ပင်းအား လက်ပ်တော့တစ်လုံး ဝယ်ပေးလိုက်ရန် သူ့ကို အကြံပေးလာသည်။
လီယုံ၌ ပိုက်ဆံ အလုံအလောက်ရှိသော်လည်း ငြင်းဆန်ခဲ့သည်။ တကယ်တမ်းတွင် သူသည် ဝေ့ဟုန်ပင်းအား လက်ပ်တော့တစ်လုံး ပေးမည့်အစား ပစ်ပေါက်ချင်ခဲ့သည်။
ဆရာများနေ့တွင် ဝေ့ဟုန်ပင်းက ဆရာများအပေါ် ကျေးဇူးမသိတတ်သော ကျောင်းသား၊ ကျောင်းသူများသည် အနာဂတ်ကောင်းလိမ့်မည် မဟုတ်ဟု အခန်းထဲ၌ ပေါ်တင်ပြောလာသည်။ နောက်တစ်နေ့တွင် သူသည် သူ့အား လက်ဆောင်မပေးသော ကျောင်းသား၊ ကျောင်းသူများစွာကို နာမည်တပ်၍ ပုတ်ခတ်အပြစ်တင်လေတော့သည်။
လီယုံသည်လည်း ထိုကျောင်းသား၊ကျောင်းသူများထဲမှ တစ်ယောက်အပါအဝင် ဖြစ်ခဲ့သည်။
ယခုအခါတွင်လည်း ဝေ့ဟုန်ပင်းထံမှ ပြစ်တင်သံကို သူ ထပ်ကြားလာရသည်။ လီယုံ ရုတ်တရက် ဒေါသထွက်ကာ အသိစိတ်လွတ်သွားသည်။ ဝေ့ဟုန်ပင်း၏ရှေ့သို့ လှစ်ခနဲ ပြေးဝင်သွားပြီး လက်ကိုမြှောက်ကာ သူ့အား ရိုက်ချလိုက်သည်။
ဝေ့ဟုန်ကျင်းသည် အရပ်မရှည်သော်လည်း ပိန်ပါးသည်။ သူ၏ပိန်ပါးရသည့်အကြောင်းရင်းမှာ သူ၏အကြံသမားစိတ်ကြောင့် ဖြစ်မည်ဟု လီယုံ တွေးမိသည်။ သူသည် အလွန်ပိန်ပါးလွန်းသဖြင့် ကလေးတစ်ယောက်၏ ကိုယ်တစ်ဝက်လောက်သာ ရှိသည်။
လီယုံ၏ ပါးရိုက်ခြင်းကို ခံလိုက်ရသဖြင့် ဝေ့ဟုန်ပင်း၏ခန္ဓာကိုယ် လည်ထွက်သွားသည်။ တစ်ပတ်လည်သွားပြီးမှ သူ့ခန္ဓာကိုယ်ကို ထိန်းလို့ရသွားသည်။ သူ့မျက်နှာက နီမြန်း၍ ယောင်ကိုင်းလာသည်။ လက်ချောင်းရာများကိုလည်း အထင်းသား မြင်နေရသေးသည်။
ပါမောက္ခများနှင့် ပညာသင်ဆုရကျောင်းသားများ ထိတ်လန့်သွားကြပြီး အချို့ဆိုလျင် မျက်မှန်တောင်မှ ကျွတ်ကျသွားကြသည်။
ရုတ်ချည်းဆိုသလို ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ တစ်ယောက်ချင်းစီ၏ အသက်ပြင်းပြင်း ရှူသံများ ထွက်ပေါ်လာသည်။
*သူ ခုနလေးတင် ကထိကကို ရိုက်လိုက်တယ်၊ အခုလည်း ပါမောက္ခကို ပါးချပြန်ပြီ။ ရူးနေပြီ၊ ဒီကျောင်းသား ရူးနေပြီ*
အထိတ်လန့်ဆုံးသူက ဝေ့ဟုန်ပင်းဆိုတာကို ပြောနေစရာပင် မလိုတော့ချေ။ သူ စာသင်ခဲ့သည့်ကျောင်းသားက သူ့ကို တကယ် ရိုက်လိုက်သည်ပဲ။
သို့သော် သူ၏ထိတ်လန့်မှုအား မျက်နှာပေါ်မှ နာကျင်မှုက အစားထိုးလာသည်။ သူ၏ ယောင်ကိုင်းနေသော မျက်နှာကို အုပ်ရင်း လီယုံကို ထပ်ကြည့်လိုက်မိသည်။ သူသည် ထူးဆန်း၍ သဘာဝမကျသလို ခံစားမိသည်။ အိပ်မက်မက်နေသလား ထင်မှတ်နေမိ၏။
သို့သော် ကျောက်မင်ခွန်းက အိပ်မက်အဖြစ် မမှတ်ယူပေ။ လီယုံထံမှ သူ အရိုက်ခံလိုက်ရစဉ်က သူ ရှက်သလို ခံဏားမိသည်။ ယခု ဝေ့ဟုန်ပင်းသည်လည်း လီယုံ၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသဖြင့် သူသည် ရုတ်တရက် နေသာထိုင်သာရှိသလို ခံစားမိပြီး လဲကျရာမှ ပြန်ထလိုက်သည်။

နတ်မျက်စိရှင် သမားတော် [Chapter 1-200]Where stories live. Discover now