"ညီရေ...သားက ရှူရှူးတွေပေါက်လိုက်ပြီ....."
အိမ်မှထွက်ခါနီး အထုတ်အပိုးတွေတင်ပေးကာ တစ်မိသားစုလုံ ဘုရားခန်းထဲဝင်၍ ဘုရားရှိခိုးကြပြီး အောက်ထပ်ဆင်းလာကြရာ ချီထားသည့် သားရဲ့ကလေးဒိုင်ဗာလေးက ပူနွေးနွေးဖြစ်လာ၏။ လက်ထဲက ကိုယ်တော်ချောလေးလည်း ငြိမ်ငြိမ်မနေတော့ပေ။ အပြင်သွားရမည်မို့ ပြင်ဆင်ပေးထားသည်ကိုသိနေသည့် သားတော်မောင်က အသန့်အပြန်ကလဲ ကြိုက်တတ်လွန်းသည်မှာ ညီနဲ့တူသည်။
တူဆိုရင် ကလေးကိုပါ ကလေးသုံးပေါင်ဒါရေမွှေး၊လိုရှင်း၊ဆပ်ပြာကအစ ဆက်လိုက်ကိုဝယ်ပေးထားသည်။ မျက်နှာလိိမ်းအဆီတွေကအစ သူတို့သားအဖ နားကပ်လိုက်တာနဲ့ မွှေးကြိုင်လွန်းနေသည်။ ဒီနေ့မှမဟုတ် နေ့တိုင်းမွှေးနေကြသည့် ဂေါ်သုနှစ်ယောက်ပင်။ သားကိုလဲ သူဂေါ်သလိုပင် အဝတ်အစားတို့ကိုဆင်ထားသည်။ ကျွန်တော့်ပိုက်ဆံနဲ့တင်မဟုတ် သူ့ပိုက်ဆံနဲ့ပါဝယ်ပေးသေးသည်။ ကျွန်တော့်တောင်မသထာတဲ့ ညီတစ်ယောက် သားကိုတော့တော်တော်ချစ်သည်။ အကုန်ဝယ်ပေးသည်။
"ကိုနောင်သု ရှူရှူးပေါက်ချရတာပျော်လား ဟင်....."
ဆူတယ်လဲမဟုတ်ပါပဲ ခပ်ပြုံးပြုံးနဲ့ပဲ ပါးကြီးကိုကိုင်ကာ နှာခေါင်းနစ်ဝင်သည်အထိ နမ်းမွှေးနေပြီး လက်ထဲကချီသွားသည့် ညီ ကလည်းချစ်စရာလေးပင်။ အကျီအစိမ်းနုရောင်ပွပွလေးနဲ့ ဆံနွယ်တို့ကိုခပ်လျော့လျော့စည်းထားသည်။
"ကိုယ်တော်လေး ပါပါးက ဘာမှမလုပ်တတ်ဘူး....
သူက သားလိုပဲ အော်ပဲပြောတတ်တာ...."ကျွန်တော့်ဘက်ကိုမေးငေါ့ကာ မျက်စောင်းထိုးတယ်လည်းမဟုတ်သည့် မျက်စောင်းလေးတစ်ချက်နဲ့ ပြောလာသည့် ညီ့ကို ပြုံးကြည့်နေရုံမှအပ ဘာမှမတတ်နိုင်ပေ။
"နောက်ဆို ရှူရှူးတည်မယ်နော်...
ဖေဖေ မေ့သွားတာ ခုဏက ရှူရှူးတည်ပေးဖို့ကို......"စကားတို့ကိုတစ်ခွန်းစ၊ နှစ်ခွန်းစသာပြောတတ်သေးသည့်သားကို ညီသု တစ်ယောက်တည်းစကားတွေပြောနေပြီး
ဉာဏ်သုကတော့ ထိုသားအဖကိုပြုံးကာ ကြည့်နေသည့်မြင်ကွင်းလေးကို အန်တီလေးတစ်ယောက် အမေဖြစ်သူအား လက်တို့ကာပြလိုက်တော့ အဖွားဖြစ်သူလဲ ပြုံးကာနေ၏။
ဧည့်သည်ဖြစ်သည့် Smithလည်း ပြုံးနေပြီး လူတိုင်းအပြုံးပန်းဝေနေကြသည်။ ည၈နာရီထိုးနေပြီမို့ အိမ်မှစထွက်ရန်ဆော်သြလိုက်သည့် အဖွားအသံကြောင့် ကားပေါ်ကိုယ်စီရောက်ကုန်ကာ အိမ်ကြီးမှ အဖွားတို့ကားနှင့်၊ ညီသုတို့ကား၊ အထုတ်အပိုးတွေနှင့်အတူ ဒေါ်ကြီးနဲ့ကောင်မလေးနှစ်ယောက်သာပါသည့် ကား၊ ကားသုံးစီးကစတင် ထွက်ခွာကြလေသည်မှာ ကတ္တရာလမ်းမကြီးပေါ်သို့ပင်။