အရာအားလုံးက သူ့နေရာနဲ့သူ နေသားတကျဖြစ်သွားပေမယ့် တစ်ခုတည်းသော နှလုံးသားလေးကတော့ အကြောင်းပြချက်မရှိ ကြောက်ရွံ့နေလေရဲ့။
အကိုစောဂျွန်းလည်းမရှိတော့၍ ဂျီမင်းတို့သားအဖအတွက် စားရေးသောက်ရေးက အခက်တွေ့လာပြန်သည်။
ဂျီမင်းအတွက် ဒီအချိန်ကာလက အရာရာအဆင်မပြေတော့ စိတ်ဖိစီးစရာပင်ဖြစ်လာသည်။ ဂျောင်ကုကလည်း သိသိသာသာပင် စိတ်ဆိုး ပြနေသည်။ ဂျောင်ကုရဲ့ မျက်နှာ အညိုးမခံဂရုစိုက်မှုတွေကို ခံခဲ့ရတဲ့သူ့အတွက် ဘယ်နည်းဘယ်ပုံပြန်ချော့ရမလဲဆိုတာကို အဖြေရှာလို့မတွေ့။ အဖြေကတော့ လက်ထပ်ဖို့ဆိုတဲ့တစ်ခုတည်းသာ။လအနည်းငယ်ကြာသည်အထိ စိတ်ဆိုးပြနေတဲ့ ဂျောင်ကုဟာ သူ့ကိုဂရုစိုက်ပေးဖို့တော့ တစ်ချက်လေးမှ သတိမမေ့။ အရင်လို သူ့အနားမှာ တစ်တီတူးမနေတာလေးတစ်ခုသာ။ ဒီကြားထဲ လက်ဆောင်အထွေထွေတို့က ဂျောင်ကုဆီရောက်လာတတ်တာမို့ သူ့ကိုစိတ်ပျက်ပြီး ထားသွားခဲ့မှာကိုလည်း ပူပန်နေရသည်။
ချစ်တယ်ဆိုတဲ့စကားကိုပင် မပြောတာကြာပြီမို့ စိုးရိမ်သင့်တယ်မို့လား။ အရင်ကဆို မျက်နှာကိုစေ့စေ့ကြည့်ပြီး ချစ်တယ်၊ချစ်တယ် လို့တဖွဖွပြောတတ်ပြီး နောက်ဆုံးအသဲယားတဲ့အနေနဲ့ သူ့ရဲ့ပါးမို့မို့လေးကို အနမ်းတို့ပေးနေကြဖြစ်သည်။ဒီမနက်တော့ နောက်ကျခြင်းများနဲ့ ဗရုတ်သုတ်ခဆန်စွာ အတော်ကြာစောင့်နေရတဲ့ ဂျောင်ကုဆီကိုပြေးသွားမိသည်။ ညနက်သည်အထိ အတွေးတို့က ဖြတ်တောက်မရခဲ့၍ အိပ်ယာထနောက်ကျသွားတာဖြစ်သည်။ အပေါ်အကျီ အကွက်ကလေးကို လက်က ကိုင်ခဲ့ရင်း အတင်းပြေးလာမိတာကြောင့် ထိုအကျီနဲ့ပင် ခြေညှိပြီး လှဲကျသွားတော့သည်။
"သေပါပြီ!"
ကားထဲကနေ အခြေအနေအရပ်ရပ်ကိုမြင်လိုက်ရတဲ့ ဂျောင်ကုမှာတော့ အလျင်အမြန်ပင် ဂျီမင်းဆီသို့သွားလိုက်သည်။ လှဲကျတဲ့နေရာမှာတင် ဖင်ထိုင်ရက် ထိုင်ချပြီး ဒူးခေါင်းကို ပွတ်သဲ့နေတဲ့ ကောင်လေးရဲ့လက်ကို အတင်ကာရော ခပ်ဆပ်ဆပ်ကလေး ရိုက်ပြီး ဖယ်ချလိုက်သည်။ ဘောင်းဘီပါ ပြဲထွက်ပြီး သွေးစတို့နဲ့ အသားစကို မြင်လိုက်ရတော့ အဆပေါင်းများစွာ နာကျင်ရသူကသူသာလျှင်ဖြစ်သည်။