// Unicode //
~~~~~~~~~~ဆင်ဝင်အောက်တွင် ကားထိုးရပ်လိုက်ပြီးသည်နှင့် ဖုန်းကိုထုတ်ကာ တစ်ယောက်သောသူထံ ပြန်ရောက်ကြောင်း စာတိုတစ်စောင်ပို့လိုက်၏။ မဟုတ်ရင် သူ့စာကိုမျှော်နေမဲ့ကောင်ငယ်လေးဟာ ဖုန်းတွေတဂွမ်ဂွမ်ဆက်နေတော့မှာမို့။
ဘုန်းမာန်ပြည့် အိမ်ထဲသို့ဝင်လာတော့ အိမ်ရဲ့မီးဖို ချောင်ကိစ္စအဝဝကိုတာဝန်ယူထားသည့် အန်တီက ငါးဆင့်ချိုင့်ကြီးကိုင်ကာထွက်လာတာကို တွေ့လိုက်ရသည်။
" ဘာတွေလုပ်နေတာလဲ အန်တီ "
" အစ်မစန္ဒာက ဆေးရုံကိုလာပို့ခိုင်းလို့ သား "
" ဆေးရုံ.. ဘယ်သူဘာဖြစ်လို့လဲ "
အန်တီက မျက်နှာမကောင်းစွာဖြေသည်မှာ..
" သားအဖေ ကားအက်ဆီးဒန့်ဖြစ်လို့ ဆေးရုံတင်ထားရတယ် "
ဘုန်းမာန်ပြည့် ဘာစကားမှပြန်မပြောနိုင်အောင် ဆွံ့အသွားသည်။ ဖေဖေ အက်ဆီးဒန့်ဖြစ်သည်တဲ့။ ခရီးသွားတဲ့နှစ်ရက်အတွင်း သူဘာတစ်ခုမှမသိရ။ မစန္ဒာကလည်း မဆက်သွယ်လာ။
အန်တီ့ဆီက အကျိုးအကြောင်းအနည်းငယ်သာမေးမြန်းပြီး ဆေးရုံသို့ ဘုန်းမာန်ပြည့် ချက်ချင်းထွက်လာခဲ့သည်။ ဇံ့ကိုလည်း ဖုန်းဆက်ကာ အကြောင်းကြားလိုက်၏။ ဇံကတော့ လွန်စွာစိတ်တိုသွားသည်။ မစန္ဒာက ဖေဖေနှင့်အနီးဆုံးလူဖြစ်ပြီး ဒီလိုကိစ္စဖြစ်တာတောင် သားတွေဖြစ်သည့် သူတို့ထံမဆက်သွယ်တာကြောင့်ပင်။
ဆေးရုံရောက်သော် တစ်ကိုယ်လုံးပတ်တီးအဖွေးသားဖြစ်ပြီး အောက်ဆီဂျင်ပေးထားရသည့်ဖေဖေက ကုတင်ပေါ်မှာငြိမ်သက်လို့နေသည်။
" ဖေဖေ "
ဖေဖေ့အနားမှာ သူဝင်ထိုင်လိုက်သည်။ မျက်နှာတွင် ဒဏ်ရာတွေဟာမြင်လို့မကောင်း။ ခြေချောင်းတွေကို ပတ်တီးစည်းထားတဲ့ပုံစံအရ အရိုးတွေကျိုးကုန်တာဖြစ်မည်။
ထိုအချိန် အခန်းထဲသို့ မစန္ဒာ ဝင်လာ၏။ သူ့ကိုတွေ့တော့ မျက်နှာထားကတင်းမာသွားသည်ကို ဘုန်းမာန်ပြည့် နားမလည်နိုင်။