Episode - 23

9.7K 1.1K 42
                                    

// Unicode //
~~~~~~~~~~

" ဘယ်လိုလဲ ရှိုင်း "

ကန်စွန်းပလိန်းကိုတမြုံ့မြုံ့ဝါးရင်း အရသာခံနေသည့် ရှိုင်းသော်တာက လက်မထောင်ကာ ဆိုသည်မှာ..

" အရမ်း ဂွတ်ဒ်တယ် "

" ဟုတ်လို့လား၊ ကိုယ်ထင်တာ နည်းနည်း‌ပေါ့နေသလားလို့ "

" ကောင်းတယ်၊ ကိုကိုချက်တာမို့လို့ "

ချစ်စရာကောင်းအောင်ပြုံးရင်းပြောတဲ့ကောင်လေးကြောင့် ဘုန်းမာန်ပြည့် အသည်းယားကာ နှာခေါင်းလေးကိုဖွဖွညှစ်မိသည်။

" မင်းမေမေနဲ့ ဘန်ကောက်လိုက်သွားရမယ်မလား "

" မသွားတော့ဘူး၊ မေမေက တစ်ပတ်တောင်နေမှာတဲ့၊ ကျွန်တော် ကိုကိုနဲ့မခွဲနိုင်ဘူး "

ဘေးလူများကြားလျှင် ရှိုင်းတစ်ယောက် အပိုတွေပြောတယ်လို့ထင်လိမ့်မည်။ သို့သော် သူကိုယ်တိုင်လည်း ကောင်ငယ်လေးနှင့်ကြာကြာမခွဲနိုင်ပါ။

" သူ့သားလေးကိုဆွဲထားလို့ အန်တီတော့ ကိုယ့်ကိုစိတ်ဆိုးတော့မှာပဲ "

" ကျွန်တော့်ကိုတော့ အော်သွားတယ်၊ ကိုကိုတောင် မအော်ရက်တဲ့ကောင်လေးကို မေမေက မွေးရကျိုးမနပ်တဲ့ဟာလေးဆိုပြီး အားရပါးရအော်သွားတာဗျ "

ပြောရင်း ခါးကိုဖက်ကာ သူ့ပခုံးပေါ်ခေါင်းလေးမှီလာသည်။ လက်ထဲက စားစရာပန်းကန်များကို စားပွဲပေါ်ချရင်း ဘုန်းမာန်ပြည့် ပြုံးလိုက်၏။

" မိဘတွေကို အချိန်ပေးဖို့ ကိုယ်ပြောထားတယ်လေ "

" ပေးတယ်လေဗျာ..၊ အခုက တစ်ပတ်ကြီးတောင်သွားရမှာ၊ ကိုကိုနဲ့မခွဲနိုင်လို့ ငြင်းလိုက်တာ "

" ရှိုင်းကတော့ကွာ.. "

ဖက်ထားသည့်လက်တွေ ပိုတင်းကြပ်လာသည်။ ပခုံးပေါ်မှီထားရင်း သူ့ကုပ်ကို ဖွဖွနမ်း၏။ ထိရုံလေးနမ်းတဲ့အနမ်းဖွဖွလေးမှာတောင် မနေတတ်စွာ ကြက်သီးထမိသူက ဘုန်းမာန်ပြည့်ပင်။

" အဟမ်း.. "

အခန်းဝက ချောင်းဟန့်သံကြောင့် ရှိုင်းကို တံတောင်နှင့်တွန်းလိုက်မိ၏။ ကြည့်လိုက်တော့ ဇံက ရှူတည်တည်မျက်နှာနှင့် သူတို့ကိုစိုက်ကြည့်နေလေသည်။

BLUE 【 Completed 】Where stories live. Discover now