// Unicode //
~~~~~~~~~~" မနက်ဖြန် အလုပ်ကိစ္စလေးရှိသေးလို့ မာန့်ကိုပဲဆေးရုံမှာထားခဲ့တော့မယ်နော် "
" ခဏလေး မစန္ဒာ "
အခန်းထဲမှ ထွက်သွားဖို့ပြင်နေသည့် စန္ဒာ့ခြေလှမ်းတွေရပ်တန့်သွားကာ ပြန်လှည့်ကြည့်သည်။ ကုတင်ဘေးတွေထိုင်နေသည့် ဘုန်းမာန်ပြည့်က အရေးတကြီးပြောစရာရှိသည့်ပုံနှင့် အနားသို့လျှောက်သွား၏။
" ကုမ္ပဏီကိစ္စတွေကို တစ်ယောက်တည်းဦးစီးနေရတာ ခင်ဗျားပင်ပန်းနေမှာပေါ့ "
" ဘာကိုပြောချင်တာလဲ မာန် "
" တစ်ယောက်တည်းအလုပ်တွေလုပ်နေတာ ခင်ဗျားပင်ပန်းနေမှာပေါ့၊ ကျွန်တော် ကူညီနိုင်တာများရှိမလား "
ခပ်မှိန်မှိန်အလင်းရောင်အောက်မှ သူမရဲ့သံသယမျက်လုံးတွေကအရောင်တောက်နေသည်။ ကုတင်ပေါ်တွင်သတိပြန်မလည်သေးသည့် အဖေဖြစ်သူအားကြည့်ကာ ဘုန်းမာန်ပြည့် ဝင်သက်တစ်ချက်ကိုခပ်ပြင်းပြင်းရှူသွင်းကာ ဆိုလိုက်သည်။
" ဖေဖေက ကိုမာဝင်နေမှာ၊ ပြန်သတိလည်လာဖို့ မျှော်လင့်ချက်သိပ်မရှိဘူး "
" အဲ့ဒီတော့... "
" ခင်ဗျားနဲ့ ကျွန်တော်..ရည်ရွယ်ချက်ချင်းတူနေမလားလို့ "
" မာန်ပြောတာတွေ တို့နားမလည်ဘူး၊ ခွင့်ပြုပါဦး "
" ဖေဖေ့ကို အခုလိုဖြစ်အောင်လုပ်တာ ကျွန်တော်သိတယ် မစန္ဒာ "
လှည့်ထွက်တော့မဲ့ သူမရဲ့ခြေလှမ်းတွေတုံ့ခနဲရပ်သွားသည်။ အနားကိုတိုးသွားကာ ဘုန်းမာန်ပြည့် ဆိုလိုက်သည်မှာ..
" အစကတော့ ကျွန်တော်ခင်ဗျားကိုစိတ်တိုတယ်၊ ဒါပေမဲ့ ရည်ရွယ်ချက်ချင်းတူနေတယ်ဆိုတော့ ကျွန်တော်တို့ပူးပေါင်းသင့်တယ်မလား "
" မင်းက တို့ကိုဒီလိုနည်းနဲ့ သတင်းနှိုက်ချင်တာလား ဘုန်းမာန်ပြည့်၊ အခုဖြစ်တဲ့ကိစ္စက တို့နဲ့မဆိုင်ဘူး၊ မာန့်အဖေမရှိတဲ့အချိန်မှာ တို့ကခဏဦးစီးပေးရုံပဲ၊ မဟုတ်ရင် လုပ်ငန်းတွေအကုန်ပျက်စီးကုန်မှာလေ "