// Unicode //
~~~~~~~~~~နိုးလာတဲ့မနက်ခင်းဟာ သိပ်တော့ကြည်လင်မနေ။ မနေ့ညက အပေါင်းသင်းတွေစုံတုန်း သောက်ကြစားကြရင်း ဘုန်းပြည့်ဇံ limit လွန်သွားသည်။ အခုတော့ ခေါင်းတွေကိုက်ပြီး နေရတာနိုးချိလို့နေသည်။
အိပ်ရာကထလာပြီး ရေချိုး၊ အဝတ်စားလဲပြီးမှ အခန်းထဲက ထွက်လာခဲ့သည်။ အချိန်အားဖြင့် မနက် ၉ နာရီကျော်နေပြီမို့ ညှက်စိတစ်ယောက်ဗိုက်ဆာနေတော့မည်။
Dinning room ထဲ ဝင်သွားတော့ ညှက်စိ တလှုပ်လှုပ်နဲ့ ဘာတွေလုပ်နေလဲမသိ။ စားပွဲပေါ်မှာတော့ အသင့်ပြင်ထားတဲ့ ထမင်းကြော်နှစ်ပန်းကန်နဲ့ အနည်းငယ်တူးနေတဲ့ကြက်ဥကြော်ပန်းကန်က ဆီးကြိုနေ၏။
" ဇံ "
" ဘာတွေလုပ်နေတာလဲ၊ ကော်ဖီလား "
" ဇံ သောက်ဖို့.. "
ကော်ဖီခွက်ကိုမြှောက်ပြတဲ့ ညှက်စိ။ ကော်ဖီတစ်ထုတ်ကို မက်ခွက်နဲ့အပြည့်ဖျော်ထားတာ အရသာက ဘယ်နားရှိတော့မလဲ..။
စိတ်ထဲကတွေးလိုက်ပေမဲ့ လက်ကတော့ ထိုကော်ဖီခွက်ကိုလှမ်းယူပြီးသား။
" အပူတွေလောင်ကုန်တော့မှာပဲကွာ "
စားပွဲမှာ နှစ်ယောက်သားနေရာယူလိုက်သည်။ " မင်းအရမ်းတော်တယ် " လို့ ချီးကျူးမိတဲ့နေ့ကတည်းက ဆားတစ်ဘူးလုံးထည့်ထားသည့်အလား ငံလွန်းတဲ့ထမင်းကြော်ကို နေ့စဉ်မပျက် စားနေရတာဟာ ရယ်စရာကိစ္စတော့မဟုတ်ချေ။
ဒီနေ့တော့ သူကြော်ထားတဲ့ထမင်းကြော်ကို သူပြန်စားဖို့လုပ်နေသည့် ညှက်စိအား ဘုန်းပြည့်ဇံ မတားမိ။ ပထမဆုံးတစ်လုတ်စားပြီးသည်နှင့် မျက်နှာလေးကရှုံ့မဲ့သွား၏။
" ဘယ်လိုလဲ.. ကောင်းလား "
" ချဉ်တယ် "
တလွဲတွေ ပြောပြန်ပြီ..။
" ငံတာကွ ၊ သွား.. ရေခဲသေတ္တာထဲမှာ ပေါင်မုန့်နဲ့ ထောပတ်ဘူးသွားယူ.. နွားနို့ရောပဲ၊ အဲ့ဒါပဲစား "
" နိုး "
ဘုန်းပြည့်ဇံ မျက်ခုံးပင့်သည်။ အခု ညှက်စိက သူ့စကားကိုအာခံပြီး " နိုး " လို့ ငြင်းဆန်လိုက်တာမဟုတ်လား။