Part-17(Uni)

5K 404 14
                                    


   ဒီသာ မနက်နိုးလာတော့ ဧည့်ခန်းထဲမှာ ဝဠာ့ကိုမတွေ့ရပေ။ ညက ညစာလည်းထွက်မစားသည်မို့ ဗိုက်ကတော့ဆာနေတာအမှန်ပင်။ မီးဖိုချောင်ထဲဝင်လာတော့လည်း ဝဠာ့ကိုမတွေ့ရပေ။ ဘယ်များသွားနေတာလဲ မသိဘူး..

စားပွဲပေါ်ကအုပ်စောင်းကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ နို့တစ်ခွက်နဲ့ပေါင်မုန့်၂ချပ်ကိုတွေ့ရသည်။
ဝဠာ ဒီမနက် မနက်စာမပြင်ထားဘူးလားမသိဘူး...

တစ်အိမ်လုံးလည်း တိတ်ဆိတ်နေပြီး ဒီသာတစ်ယောက်တည်းရှိနေသလိုခံစားနေရသည်။ တစ်ယောက်တည်းမနေတတ်တာကြောင့် ဝဠာရှိမလားဆိုပြီး အိမ်ထဲမှာလိုက်ရှာမိသည်။ မတွေ့တာကြောင့် ဒီသာတစ်ယောက်တည်း အခန်းထဲမှာထိုင်နေလိုက်သည်။

ဝဠာဘယ်များသွားနေတာလဲ?...
သူ ညက ပြောလိုက်လို့ အိမ်ကနေများထွက်သွားတာလား...
သူ့အပြောက နည်းနည်းရင့်သွားတယ်ဆိုတာသိပေမယ့် ဝဠာ့အပေါ်မှာဖြစ်နေတဲ့ခံစားချက်တွေကို ဝဠာမသိစေချင်တာကြောင့် အတတ်နိုင်ဆုံးသူ့ကိုယ်သူထိန်းပြီးနေရမည်လေ။

ရေချိုးခန်းထဲဝင်ပြီး ရေချိုးပြီးနောက် ဗီရိုကိုဖွင့်ကြည့်လိုက်တဲ့အခါ အဝတ်အစားတချို့ရှင်းလင်းနေတာကိုတွေ့ရသည်။

"သွားမယ်ဆိုလည်း နည်းနည်းပါးပါးပြောသွားပါလား တောက်!.."

အင်္ကျီတစ်ထည်ကိုထုတ်ယူလိုက်ပြီး ကုတင်ပေါ်ပစ်ပေါက်လိုက်သည်။ ရင်ဘက်ထဲမှာ တစ်ခုခုလစ်ဟာသွားသလိုခံစားနေရသည်။ အရင်နေ့တွေက မသိချင်ယောင်ဆောင်နေရတာတောင် စိတ်ပင်ပန်းခဲ့တာ အခုသူမရှိတော့ဘူးဆိုတော့....

သူပြင်ပေးခဲ့တဲ့ နို့တစ်ခွက်ကိုမော့သောက်လိုက်ပြီး ပေါင်မုန့်တစ်ချပ်ကိုပါးစပ်မှာကိုက်ရင်း စိတ်မပါစွာနဲ့ပဲ hotelကိုထွက်လာခဲ့သည်။


______________________

"စောလှချည်လား..."

ဝဠာအစောကြီးရောက်နေသည်မို့ အံ့သြစွာနဲ့ ကိုဖြိုးမေးလိုက်သည်။

"အင်း..."

"ဘယ်လိုဖြစ်တာလဲ? မင်းလူကြီးကိုသွားမပို့ဘူးလား.."

မြှားနတ်မောင် ကျီစယ်တာလား (completed)Opowieści tętniące życiem. Odkryj je teraz