ဟင်းချက်သင်တန်းကျောင်းရှိတဲ့ဘက်ကို ကျွန်တော် လမ်းလျှောက်လာခဲ့မိတယ်။ Kris ရဲ့ ဟင်းချက်သင်တန်းကျောင်းပေါ့။
မဟုတ်ဘူး။ အဲ့ဒီကောင်ကို မြင်ချင်လွန်းလို့ သွားတာ မဟုတ်ဘူး။ ကျွန်တော့် ရည်ရွယ်ချက်က ကျောင်းစာကြည့်တိုက်ကနေငှားထားတဲ့ ဟင်းချက်နည်းစာအုပ်တွေ သွားပြန်အပ်ဖို့။ အရင်အပတ်တုန်းက ငှားလာတာလေ။ ဆယ်အုပ်တောင်မကဘူး အများကြီးပဲ။
ကျွန်တော့်မှာလေ.. ဟိုနေ့က မီးဖိုချောင်ထဲမှာဖြစ်ခဲ့တဲ့ ကိစ္စကို ပြန်မတွေးမိအောင် မနည်းထိန်းထားရတယ်။ အဲ့ဒီအနမ်း.. အာ.. ထိန်းထားပါတယ်ဆိုမှ ပြန်တွေးမိပြန်ပြီ။ အတွေးတွေများ ပျောက်သွားမလားလို့ ကျွန်တော် ခေါင်းကို ခါရမ်းလိုက်တယ်။ တကယ်ကွာ.. လူကိုတော်တော်ဒုက္ခပေးတယ်! ဒီအသက်အရွယ်က ရင်ခုန်နေရမယ့် ဆယ်ကျော်သက်လည်း မဟုတ်တော့ဘူး.. ပထမဆုံးအနမ်းလားဘာလား.. အဲ့လိုမျိုးလည်း မဟုတ်ဘူးပါဆို..
လမ်းလျှောက်လာရင်း မျက်စိထဲမှာ ဟင်းချက်သင်တန်းကျောင်းကြီးကိုလည်း မြင်လိုက်ရရော အနည်ထိုင်စ နဲနဲတည်တည်ငြိမ်ငြိမ်ဖြစ်နေတဲ့ စိတ်က လှုပ်လှုပ်ရွရွ ပြန်ဖြစ်လာတယ်။ အဲ့ဒီကောင်အကြောင်း တွေးမိလိုက်တိုင်းလည်း အဲ့လိုပဲဖြစ်ဖြစ်နေတာ။
ကျွန်တော် အောက်က ပလက်ဖောင်းကိုပဲကြည့်ရင်း ခေါင်းငိုက်စိုက်ငိုက်စိုက်နဲ့ လမ်းဆက်လျှောက်လာခဲ့တယ်။ သူ့အကြောင်းလည်း တွေးမိရင်းပေါ့။ မီးဖိုချောင်ထဲမှာ အဲ့ဒီကိစ္စဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော့်ဆီကို Kris မလာတော့ဘူး။ ဘာအဆက်အသွယ်မှလည်း မလုပ်တာ တစ်ပတ်လောက်တောင်ရှိပြီ။ ကျွန်တော့်ကိုတောင် ထပ်မတွေ့ချင်တော့လောက်အောင် ဒီကိစ္စက သူ့အတွက် အဲ့လောက်ထိ ဆိုးဆိုးဝါးဝါးစိတ်ထိခိုက်စရာများ ဖြစ်သွားတာလား?
ကျောင်းထဲကို စာအုပ်ထုပ်ကြီး မနိုင်မနင်းနဲ့ သယ်လာရင်း ကျွန်တော် သက်ပြင်းချလိုက်မိတယ်။ အထဲရောက်တော့ ကောင်တာမှာ ဘယ်သူမှလည်းမရှိဘူး။ အဲ့ဒါနဲ့ပဲ ကောင်တာနားက ခုံတန်းရှည်တစ်ခုနားမှာ အထုပ်ကြီးကိုချထားရင်း အမောဖြေနေလိုက်တယ်။
YOU ARE READING
Instant Noodles
Fanfiction"Can a person who can't teach, teach a person who can't cook?" original story by keychained