Chapter 13 : Yogurt (U)

59 4 3
                                    

ကျွန်တော် အခု အရမ်းရှက်နေတယ်။ ဘာလို့လဲဆိုတဲ့ အကြောင်းရင်းကတော့ Kris ကို လွယ်လွယ်နဲ့ တံခါးဖွင့်ပေးခဲ့မိလို့လည်း မဟုတ်ဘူး၊ ဆားမပါတဲ့ ကြက်သားစွပ်ပြုတ်ကို ချက်ကျွေးခဲ့မိလို့လည်း မဟုတ်ဘူး၊ အခုချိန်ထိ သူ့ကို ပြန်မောင်းမထုတ်မိသေးလို့လည်း မဟုတ်ဘူး။ အဓိက အကြောင်းရင်းစစ်က သူ့ရှေ့မှာ ငိုခဲ့မိလို့။

ခုနကတော့ ဘာမှမတွေးနိုင်ဘဲ နာရီဝက်လောက်ကြာအောင် သူ့ကိုဖက်ပြီး အော်ငိုနေခဲ့မိတာ။ အခု အငိုတိတ်ပြီး နည်းနည်းပြန်အသိဝင်လာတော့မှ ကျွန်တော့်မှာ ရှက်လိုက်တာဗျာ။ ဘာလုပ်ရမှန်းမသိဘဲ မျက်နှာကြီးကို လက်နဲ့အုပ်ပြီး ဆိုဖာပေါ်မှာ ပက်လက်နေနေရတယ်။ Kris ကတော့ ခုနတုန်းကလို ကျွန်တော့်ကိုယ်ပေါ်မှာ ရှိမနေတော့ဘူး။ (တော်သေးတာပေါ့) ဆိုဖာရဲ့တစ်ခြားအစွန်တစ်ဖက်မှာထိုင်ရင်း ကျွန်တော့်ခြေထောက်တွေကို လက်နဲ့အသာ ပုတ်ပေးနေတယ်။ သူ့လိုပဲ ထထိုင်ခိုင်းနေတာလား မသိဘူး။ ဒါပေမဲ့ ကျွန်တော်ကတော့ လုံးဝ မထတဲ့အပြင် အသေကောင်လိုပဲ လှုပ်တောင်မလှုပ်ဘူး။

"လောလောဆယ် ဘာစကားမှ လာမပြောနဲ့နော်" ကျွန်တော် သူ့ကို ဘာမှမပြောခင် အရင်ကြိုပိတ်ထားလိုက်တယ်။ ကျွန်တော့်အသံက စာရွတ်နေသလိုပဲ။ မိုနိုတုန်းနဲ့။ ငိုတာရပ်သွားပြီမို့ ခုနကလို ငိုသံတွေဘာသံတွေတော့ မပါတော့ဘူး။ "မင်းရှေ့မှာ ငိုခဲ့မိတယ်ဆိုတဲ့ကိစ္စကို ငါ ဘယ်တော့မှ ပြန်သတိမရချင်ဘူး။ အဲ့ဒါကြောင့် မင်းလည်း ဘယ်တော့မှ သတိမရနဲ့။ အခုကိစ္စကို ခုချက်ချင်းမေ့ပစ်လိုက်"

ကျွန်တော့်စကားကိုကြားတော့ Kris က ခပ်တိုးတိုးရယ်လိုက်တယ်။ သူအဲ့လိုရယ်တော့ ကျွန်တော် ပိုရှက်သွားမိတယ်။ သူများ စိတ်ဒုက္ခရောက်နေတာကို ရယ်တယ်ပေါ့?! အဲ့မှာသာကြည့် တော်တော်ကို အကျင့်မကောင်းတဲ့ကောင်ဆိုတာ အရမ်းသိသာတယ်။

"ဘယ်လိုလုပ်ရမလဲ? အခုဖြစ်ခဲ့တဲ့ကိစ္စတွေ အားလုံးက ငါ့အတွက် ဘယ်တော့မှမမေ့နိုင်လောက်တဲ့ အမှတ်တရတွေချည်းပဲ" သူ အဲ့လိုပြောလိုက်တော့ ကျွန်တော်လည်း စိတ်တိုတိုနဲ့ သူ့ကို ပိတ်ကန်ပစ်လိုက်တယ်။ ဟုတ်တယ် အဲ့ဒါမှ ကျွန်တော့်ခြေထောက်ကို သူ လာထိမနေတော့မှာ။ အဲ့လိုထိနေတာ နေလို့တော့ကောင်းပေမယ့် စိတ်ထဲမှာတစ်မျိုးကြီးပဲ။ နေရထိုင်ရခက်နတယ်။ သူ့ကို မျက်နှာချင်းတောင် မဆိုင်နိုင်ဘူး။ အဲ့ဒါနဲ့ ကျွန်တော် ချက်ချင်း ထထိုင်လိုက်ပြီး သူဆီကနေ မျက်နှာလွှဲနေလိုက်မိတယ်။

Instant NoodlesDonde viven las historias. Descúbrelo ahora