အမေဇုန်တောကြီးထဲကို ရိက္ခာမပါပဲ နယ်နှင်ဒဏ် ပေးခံလိုက်ရသလိုပါပဲ။ ဈေးတစ်ခုလုံးက ဆူညံပွထပြီး ကျွန်တော်လည်း ဒီမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ပြူးပြူးပြာပြာဖြစ်ကုန်ပြီ။ လူတွေကလည်း ကျိတ်ကျိတ်တိုးပဲ။ ပိသေမှာတောင် ကြောက်ရတယ်။ ကျွန်တော်လည်း အားကိုးတကြီးနဲ့ Kris ရဲ့ ရှပ်အင်္ကျီကို နောက်ကနေ မဆွဲချင်ပေမယ့် ဆွဲထားမိတယ်။ ကြောက်တာကိုးဗျ။ ရူးချင်တာပဲ။
ကြည့်ရင်း ကြည့်ရင်းနဲ့လည်း မူးလာပြီ။ ဈေးအကြောက်လွန်တဲ့ရောဂါများ ရလာပြီလားတောင် မသိ။
"ဘာဖြစ်လို့လဲ?" Kris က နောက်ပြန်လှည့်ကြည့်ပြီး မေးလိုက်တယ်။ သူ့အကြည့်တွေက ကျွန်တော် မဆွဲချင်ဆွဲချင်နဲ့ ဆွဲထားတဲ့ သူ့အင်္ကျီစဆီမှာ။
"ဘာမှ မဖြစ်ပါဘူး" ကျွန်တော် ချက်ချင်းပဲ ဘာမှမဖြစ်သလိုပုံစံနဲ့ ပြန်ဖြေလိုက်တယ်။ ဒါပေမယ့် ကျွန်တော့်မျက်နှာကို သေချာစိုက်ကြည့်အကဲခတ်ပြီးတဲ့ အချိန်မှာတော့ Kris ရဲ့ သရော်ပြုံးက ပိုပိုကြီးလာပြီလေ။
"ဘာလဲ? ကြောက်လို့လား?" သူက မေးလိုက်တယ်။ လှောင်ပြောင်သရော်တဲ့ လေသံနဲ့ပေါ့ဗျာ။
"မကြောက်ပါဘူး။ ငါက ဘာလို့ကြောက်ရမှာလဲ?" ကျွန်တော်လည်း မရမကပြန်ငြင်းတာပေါ့။ ဘာရမလဲ။ ဒါပေမယ့် ပါးစပ်ကသာငြင်းနေတာ သူ့အင်္ကျီကို ဆွဲထားတဲ့ ဒီလက်က ဘယ်လိုမှကို လွှတ်လို့မရဘူး။ "ရှေ့..ရှေ့ကနေ မြန်မြန် သွားစမ်းပါ။ ဒီမှာ ဒီလောက်လူတိုးနေတဲ့ဟာကို" သူ့ကျောကုန်းကို နောက်ကနေတွန်းပြီး ကျွန်တော် ပြောလိုက်တော့ သူကရယ်ပြီး ဆက်လျှောက်သွားတယ်။ ကျွန်တော်လည်း သူ့အင်္ကျီကိုဆွဲပြီး နောက်ကနေ ရထားတွဲလို ပါသွားတာပေါ့။
Kris တို့များ ရှေ့ကလျှောက်သွားတာ တောဘုရင်ခြင်္သေ့မင်း တိုင်းခန်းလှည့်လည်နေတာကျရောပဲ။ ဈေးထဲက ရှိသမျှ ဈေးသည် သူ့ကို အကုန်နှုတ်ဆက်တယ်ဗျ။ အလုပ်ရှုပ်နေတဲ့ ကြားထဲကကို နှုတ်ဆက်တာ။ တစ်ဈေးလုံး သူ့အမျိုးတွေလား မသိ။ idol လိုမျိုး fan တွေ ဝိုင်းဝိုင်းလည်နေတာများ မြင်မကောင်းဘူး။ သီချင်းဆိုတဲ့ idol တော့ မဟုတ်ဘူး။ ဈေး idol။
CZYTASZ
Instant Noodles
Fanfiction"Can a person who can't teach, teach a person who can't cook?" original story by keychained