ကျွန်တော့်ကို တရုတ်စကားတွေပြောပြီး သူ စိတ်အနှောင့်အယှက်ပေးခဲ့တာ တစ်ရက်ကြီးများတောင်ရှိသွားပြီ။ ကျွန်တော့်မှာလည်း အိမ်ကနေ သူ မထွက်သွားခင် နောက်ဆုံးပြောခဲ့တဲ့စကားရဲ့အဓိပ္ပာယ်ကို သိချင်တာ တစ်ပိုင်းသေတော့မယ်။ ဘာပဲဖြစ်ဖြစ် ဟင်းချက်ပြိုင်ပွဲမှာ ဒီကောင့်ကို အနိုင်ပိုင်းနိုင်ရင် သိရမှာပဲ။ အဲ့ဒီနေ့ (ရက်တော့ အတိအကျ မသတ်မှတ်ရသေးဘူးပေါ့) ဟုတ်တယ်... အဲ့ဒီနေ့ကျရင် သိရမှာပဲ။
ကျွန်တော် သက်ပြင်းချရင်း လက်ကိုင်ဖုန်းကို ဖွင့်ကြည့်လိုက်တယ်။ အဲ့နေ့ညက သူ အတင်းအကြပ် ဖုန်းနံပါတ်ယူသွားတာကို ခွင့်ပြုမိလို့ နောင်တက ရတစ်ဝက် မရတစ်ဝက်။ တစ်ခါတစ်လေကျတော့လည်း အဲ့ဒါကိုပဲ ပျော်သလိုလို ကျေနပ်သလိုလို။ ဖုန်းနံပါတ်လေးပေးလိုက်မိပါတယ်။ ခု ကြည့်ဦး.. တစ်ယောက်နဲ့တစ်ယောက် မက်ဆေ့ခ်ျတွေ အပြန်အလှန်ပို့လို့ကို မပြီးနိုင်တော့ဘူး။ အမှန်တိုင်းဝန်ခံရရင် ခုလိုမက်ဆေ့ခ်ျတွေ တစ်နေ့တစ်နေ့ အစောင်တစ်ရာလောက်ပို့နေတာ နေလို့တော့ကောင်းပေမဲ့ တစ်မျိုးကြီးပဲ။ ဘယ်ဆရာနဲ့တပည့်က အဲ့လိုမက်ဆေ့ခ်ျတွေ ပို့မှာလဲ?
ဟင်းချက်ပြိုင်ပွဲမှာ Kris ကို အနိုင်ပိုင်းဖို့ ဟင်းချက်နည်းတွေကို အခန်းထဲမှာ ကွန်ပျူတာနဲ့လေ့လာနေရင်း ကျွန်တော် တဖြည်းဖြည်းပျင်းလာတယ်။ ကျွန်တော်တို့ တစ်ခါမှ မချက်ဖူးတဲ့အစားအစာမျိုးကို ရှာနေတာဗျ။အဲ့လို သူ မမျှော်လင့်ထားမိတဲ့ဟာမျိုးကို ချက်ပြလိုက်မှ တစ်ခါတည်း အဲ့ကောင်ပါးစပ်ပိတ်သွားမှာ။ ဟုတ်တယ်မလား? ကျွန်တော် တစ်ယောက်တည်း တွေးနေတုန်း လက်ထဲမှာ ကိုင်ထားတဲ့ဖုန်းက ဒင်ခနဲ အသံမြည်လာတယ်။ ကြည့်လိုက်တော့ ဟိုကောင့်နာမည်ကြီးက ပြူးနေတာပဲ။ ဖြီးချင်နေတဲ့ရုပ်ကြီးကို မနည်းပြန်တည်ထားပြီး ဘာမှအထူးတလည်မရှိတဲ့ပုံစံနဲ့ မက်ဆေ့ခ်ျကို ကျွန်တော် ဖွင့်ဖတ်လိုက်တယ်။ တကယ်က သူ့မက်ဆေ့ခ်ျမြင်တာနဲ့ စိတ်ထဲမှာရွပိုးထိုးနေတာ။ နေပါဦး.. ကျွန်တော်က ဘာလို့ပျော်နေရတာလဲ? ဘာမှပျော်စရာအကြောင်းမရှိဘူး။ ဟုတ်တယ်မလား?
YOU ARE READING
Instant Noodles
Fanfiction"Can a person who can't teach, teach a person who can't cook?" original story by keychained