Chapter 8 : Shrimp Fried Rice (U)

33 5 0
                                    

ဘာရယ် ဘာရယ်? ကျွန်တော်ကြားလိုက်တာ ဟုတ်ကောဟုတ်ရဲ့လား? နားကြားများလွဲသလားလို့... ဒီ ဟစ်တလာရဲ့ မျိုးဆက်ကောင်က ကျွန်တော့်ကို သူနဲ့ ညစာတူတူစားမလားတဲ့လေ... ကျွန်တော် အိပ်မက်များမက်နေသလားပဲ? ဒါပေမယ့် ကျွန်တော့်နားနဲ့ ဆက်ဆက်ကြီးကို ကြားလိုက်ရတာပါဗျာ... ဒါနဲ့... ကျွန်တော်ကရော ဘယ်လိုပြန်ဖြေရမလဲဟင်? လက်ခံလိုက်ရင် ကောင်းမလား?

ကျွန်တော် တအံ့တသြနဲ့ အဲ့ဒီနေရာမှာပဲ သူ့ကို အကြာကြီးစိုက်ကြည့်နေမိတယ်။ တစ်သက်နဲ့တစ်ကိုယ် ပထမဆုံး ဒီလောက်အကြာကြီး လူတစ်ယောက်ကို စိုက်ကြည့်ဖူးတာပါဗျာ။ ဘယ်လောက်တောင် ကြာသွားသလဲတော့မသိဘူး။ မကြုံစဖူး စိတ်ကောင်းဝင်ပြီး ညစာစားဖို့ခေါ်နေတဲ့ Kris တောင် သူ့နဂိုဗီဇတွေ ပြန်ပြလာတဲ့အထိပဲ။ Kris က အူကြောင်ကြောင်နဲ့ သူ့ကိုငေးကြည့်နေတဲ့ ကျွန်တော့်ရဲ့ ပါးကို ရုတ်တရက် လက်နဲ့ဆွဲလိမ်လိုက်တယ်။ သူအဲ့လိုလာလုပ်တော့ ကျွန်တော် တော်တော်ပေါက်သွားတယ်။

"အာ့!" ကျွန်တော် နာလို့ အော်လိုက်မိတယ်။ ဟုတ်တယ်လေဗျာ... သူ့လက်ကြမ်းကြီးနဲ့ ကျွန်တော့်ပါးနုနုထွတ်ထွတ်လေးကို အားရပါးရလာဆွဲလိမ်နေတာကိုး။ အဲ့ဒီအရူးကောင်ကတော့ သူများအသားနာတာကို ပျော်နေတဲ့ပုံနဲ့ ဖြီးနေတာပဲ။

"မင်းရဲ့ပါးက တော်တော်ဆွဲလိမ်လို့ ကောင်းတာပဲ" ဆွဲလိမ်နေတဲ့လက်ကို မလွှတ်ပေးသေးပဲ သူက ပြောလိုက်တယ်။

"အရူးတောင်.. နာရယ်ကွ.. လွတ်!!" ဆွဲလိမ်ခံထားလို့ မပီကလာပီကလာဖြစ်နေတဲ့ အသံနဲ့ ကျွန်တော် ကြုံးအော်ပစ်လိုက်တယ်။ နာလိုက်တာမှ သေတော့မယ်။ ဒီလောက်အော်နေတာတောင် အဲ့ဒီကောင်က ခုထိ လွှတ်မပေးသေးဘူး။ အဲ့ဒါနဲ့ ကျွန်တော်လည်း စိတ်ပေါက်ပေါက်နဲ့ သူ့ခြေထောက်ကို အားရပါးရဆောင့်နင်းပေးလိုက်တယ်။ ဒီတော့မှ သူက ထအော်ပြီး ကျွန်တော့်ပါးကို လွှတ်ပေးတယ်လေ။

"ကလေးကလားနဲ့... ပါးကိုလာဆွဲလိမ်စရာလားကွ" နီရဲသွားတဲ့ ကိုယ့်ပါးကိုယ်ပြန်ပွတ်ရင်း ကျွန်တော်သူ့ကို အော်လိုက်တယ်။

"မင်းတော့ကွာ... တကယ်ပဲ..." သူက သူခြေထောက်သူ ပြန်ကြည့်ရင်း ရေရွတ်လိုက်တယ်။ "ဆောရီးကွာ... မင်းငါ့ကို စိုက်ကြည့်နေတာ ကြာလွန်းလို့ ဘဝတွေဘာတွေကူးပြီး ကလေးပြန်ဖြစ်သွားတာနေမယ်"

Instant NoodlesWhere stories live. Discover now