အခန်း (၃)
" အ ! "
ကျောကို ခပ်ပြင်းပြင်း ဝင်အောင်းလာမှုနဲ့အတူ လူကလည်း စိတ်တိုသွားသည်။ အသား နာစေသည့် တရားခံကို အဝေးက လှမ်းကြည့်ပြီး ဒေါသပါ ထွက်သည်။
ကျောကို လာမှန်သည့် ဘောလုံးကြောင့် အင်္ကျီ ညစ်ပတ်သွားမှာ အသေအချာ။ အသား နာရတဲ့အပြင် ပေကျံနေသည့် အင်္ကျီနဲ့ပါ အိမ်ပြန်ရတော့မည်။ အကြည့်စူးစူးက ဘောလုံး ကန်နေသူတွေဆီ တဖန် ပြန်လည် ရောက်သွားသည်။
ကျောင်းဆင်းချိန် ကျော်နေတာကို မပြန်နိုင်ဘဲ ဘောလုံး ကစားနေကြသည်။ စိတ်အချဉ် ပေါက်ချိန်မို့ အားကစားရယ်လို့ မတွေးပေးချင်။
" ဆောရီး "
လက်တစ်ဖက်ကို ထောင်ပြလာရင်း ဘောလုံးဆီ လျှောက်လာသည်။ မျက်နှာကြောနဲ့ လေသံက အပေါ်စီးက ဖြစ်သည်။ ချေမိုးနေသူကို ကြည့်ရင်း ယောလ်ငယ် သည်းခံပေးလိုက်ဖို့ စိတ်ကူးမရှိ။ ခြေတစ်ဖက်ကို မြေကြီးက အနည်းငယ် ခွာရင်း ဘောလုံးကို ကန်ထုတ်ပစ်လိုက်သည်။
" ဟ! ဘာလုပ်တာလဲ "
" ကန်လိုက်တာလေ "
သေချာ ချိန်ပြီး ကန်ပေမဲ့ မျှော်မှန်းထားသလို မဖြစ်ခဲ့။ မြောက်တက်လာသည့် ဘောလုံးကို လက်နဲ့ ပုတ်ချပစ်ကာ ခြေတစ်ဖက်နဲ့ အမိအရ ဖမ်းထိန်းပစ်လိုက်သူကြောင့် မကျေမနပ် စိတ်က တိုးသွားသည်။ ဖြစ်ချင်တာ မဖြစ်ရတော့ ဒေါသက ပိုသည်။ စိတ်ကလည်း အရိုင်းဆန်ချင်လာ၏။
" မင်းတို့ ဆက်ကန်နှင့် "
ဘောလုံးကို ရောင်းရင်းတွေဆီ ကန်ပေးပြီးနောက် မျက်နှာချင်းဆိုင်အတိုင်း ယောလ်ငယ်ဆီ ဖြောင့်ဖြောင့်တန်းတန်း လျှောက်လာသည်။ အထက်စီးဆန်ဆန် ပုံစံက ကိုရီးယားဒရမ်မာ ဇာတ်လမ်းတွဲတွေထဲကလို ခပ်ဆိုးဆိုး သူဌေးသားနဲ့ တူနေသည်။
ကျောင်းအင်္ကျီ အဖြူကို ချွတ်ထားပြီး စွပ်ကျယ် တစ်ထည်တည်း ဝတ်ထားသည်။ ပုဆိုး ကပ်မနေသည့် ခါးအောက်ပိုင်းက ဘောင်းဘီတိုနဲ့ ဖြစ်သည်။ ခြေသလုံးကျစ်ကျစ်က ကြွက်သားတို့ ထင်းနေသည်။ ရူပါအဆင်းက ချောမော ခန့်ညားနေ၍ မော်ဒယ် မင်းသားနဲ့ သူပြိုင် ငါပြိုင် ကြဲလို့ ရသည်။ ဝတ်စားထားသည့် ဒီဇိုင်းအရ အိမ်က မထွက်ခင်ကတည်းက ကျောင်းမှာ ဘောလုံးကန်ဖို့ ကြိုတင် စီမံကိန်းချလာပုံ။ ပညာသင် ရည်ရွယ်ချက် အတော်လေး မြင့်မားသည်။ ယောလ်ငယ် ခပ်ရွဲ့ရွဲ့ တွေးမိလိုက်၏။