အခန်း (၅)
ရေသန့်တစ်ဘူး ဝယ်ပြီး ဆိုင်ထဲက ထွက်ကာ
လမ်းမရဲ့ ဘေးတစ်ဖက်မှာ စေးကပ်နေသည့် ခြေကို လောင်းချလိုက်သည်။ အရိပ်ကတော့ မယွန်းတို့နဲ့ အဖွဲ့ကျကာ ကျန်ခဲ့သည်။ပုဆိုးရှည်ရှည်ကို လက်တစ်ဖက်က ထိန်းမထားရင်း မြေပြင်နဲ့ ဘယ်ခြေ အနည်းငယ် ကွာဟစေလိုက်၏။ အေးစိမ့်သော ရေစက်တို့က ခြေဖမိုးပေါ် ပြန့်ကျစဉ် ခြေချောင်းတို့ကို အသာ ကုပ်မိလိုက်သည်။
ဆိုင်ထဲက ယူလာသော တစ်ရှူးနဲ့ ရေစိုနေသော ခြေကို သုတ်ဖို့ ထိုင်ချပစ်တော့ ...
" ဟေး .. ပိုက်ဆံ ကောက်နေတာလား "
ခပ်ရွှတ်ရွှတ် ဆိုလာသော အဝေးမှ စကားသံ။ ငဲ့ကြည့်မိတော့ သူ့ဆီ လျှောက်လာရင်းမှ ပေါ့ဆမိသော နှုတ်ခမ်းဖျားမှာ လူမှားပြီး စနောက်မိကြောင်း မျက်ဝန်းအရောင် ယှက်သွားသည်။ ကြုံကြိုက်ပြီး ထပ်တွေ့ချိန်မှာ အုန်းပင်ကောင်ရဲ့ အာဘော်က ရယ်စရာ ကောင်းမနေဘဲ ရေနဲ့ ပက်ပစ်လိုက်ဖို့ပဲ တန်သည်။
" မင်းကိုး .. "
ရေစိုနေဆဲ ခြေကို မသုတ်ဖြစ်ဘဲ တန့်နေမိစဉ် အမှတ်ရစွာ ရှု၏။
" လမ်းမှာ ဘာထိုင်လုပ်နေတာလဲ "
" မင်း အပူမပါဘူး "
ပုံမှန်ချိန်တွေမှာ ယောလ်ငယ် ဒီလောက် မရိုင်းတတ်ပါ။ ဒါပေမဲ့ ဒီတစ်ယောက်ကတော့ ခြွင်းချက် ဖြစ်သည်။
" ခြေထောက်လေး ရေစိုတာကို .. သည်းနေရော "
ဘေးမှာ ဝင်ထိုင်ရင်း ဒူးတစ်ဖက်ပေါ် လက်ကို တင်ကာ ဝေဖန်လာသူ။ ရေစိုနေသည့် ခြေထောက်ပေါ် တစ်ရှူးကို တင်ပြီး အားနဲ့ ဖိရင်း ပွတ်မိလိုက်၍ ကြေမွကုန်ကာ ပိုဆိုးသွား၏။ ခြေဖမိုးပေါ်မှာ ရေနဲ့ ထိပြီး ရွဲသွားသည့် တစ်ရှူးစတို့က သောင်တင်နေလျက်။
" ဖယ်။ ဖယ်။ ငါ လုပ်ပေးမယ် "
လက်ကို ခပ်ဆတ်ဆတ် ရိုက်ကာ ဖယ်ပစ်ပြီး ပြောလာသူကြောင့် မော့ကြည့်စဉ် ..
" အ ! "
" ပျော့လိုက်တာ "
ဆက်ပြီး ကြည့်မနေနိုင်တော့စွာ ကူဖို့ ပြောလာရင်း လက်တစ်ဖက်ကို ဆတ်ခနဲ ဖယ်ပစ်လိုက်သည်က အားပါ၍ ခပ်သာသာ ထောက်ထားသော ခြေဖျားက ဟန်ချက် ပျက်သွားသည်။ ယိုင်သွားသည့် ခန္ဓာကို ပြန်ထူမတ်စဉ် လေသံ ဖျော့ဖျော့နဲ့ ဝေဖန်လာသော တစ်ခွန်းသံက နားထဲ အပြည့်အဝ စီးဆင်းသွားသည်။