အခန်း (၂၃)
ဆေးရုံမှ တာဝန်ရှိသူများက ယောလ်ငယ်ကို လူနာတင်လှည်းပေါ် တင်ဆောင်ကာ ခွဲစိတ်ခန်းဆီ ခေါ်သွားကြသည်။ ခေတ်နဲ့ ကျော်လည်း ဘေးမှ အတူ လိုက်ပါဖြစ်သည်။
ခွဲခန်းတံခါးရှေ့တွင် ရပ်နေသော ခေတ်မှာ သည်းခြေပြတ်တော့မည့် သူပမာ။ အင်္ကျီစမှာ သွေးစက်တို့ဖြင့် စွန်းထင်း ညစ်ပေနေသည်။
မည်သည့်စကားတို့ကမှ ခေတ်ကို နှစ်သိမ့် ပေးနိုင်ရာ မရောက်ပါ။ ခေတ်ကို ကြည့်ကာ ကျော့်မှာ စိတ်မကောင်း။ ကလေးငယ်ရဲ့ ခွဲစိတ်မှု အောင်မြင်ဖို့ ထိုင်၍ ဆုတောင်းပေးရုံမှတပါး တတ်နိုင်တာ မရှိခဲ့။
ခွဲစိတ်ချိန်က နာရီရှစ်ပတ် တိုင်ခဲ့ပြီ။ ခွဲခန်းထဲမှ ဆရာဝန်တစ်ယောက် အပြေးအလွှား ရှိလေတိုင်း တစ်ချိန်လုံး ထိုင်စောင့်နေသော ခေတ်မှာ သွေးပျက်လုမတတ်။
သတင်းကြားပြီး တီမေလည်း ရောက်လာသည်။
မင်းခန့်နဲ့ အရိပ်လည်း အတူ ရှိနေသည်။ နိုင်းနဲ့ သူငယ်ချင်းတသိုက်လည်း စိုးရိမ်ပူပန်စွာ စောင့်နေကြလျက်။ပွင့်ခဲ့ဖူးသော ဘုရားအဆူဆူကို တိုင်တည်ပြီး ဆုတောင်းသံများ ကိုယ်စီ ပြုမိကြသည်။ မျက်ရည် မဆည်နိုင်သော တီမေ့အား အရိပ်က ဖေးကူပေးသည်။ သို့ပေမဲ့ သူမလည်း မျက်ရည်စများ သိမ်းမနိုင်ခဲ့။
ယောလ်အတွက် စိတ်မကောင်း ဖြစ်နေကြသူများကို ကြည့်ခြင်းဖြင့် လူချစ်လူခင် များသော ကလေးငယ်မှန်း သိသာလှပေသည်။
ခွဲစိတ်ခန်း တံခါး ပွင့်ချိန်မှာပဲ စောင့်ဆိုင်းနေကြသော လူအကုန် တောင့်တင်းကာ မတ်သွားကြ၏။ ဆရာဝန်ကြီးဆီ ခေတ်က အပြေးအလွှား သွားသည်။
မျက်နှာမကောင်းလှသော ဆရာဝန်ကြီးက ခွဲစိတ်မှု ရလဒ်အား ဖြည်းအေးစွာ ပြောလာသည်။
" လူနာက ဦးခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်သွားပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာ မှန်သမျှကို အစွမ်းကုန် ကြိုးစားခဲ့ပြီးပါပြီ။ ဒါပေမဲ့ စိတ်ချရတဲ့ အခြေအနေမှာ မရှိသေးတာမို့ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။ သတိ ပြန်ရလာဖို့ကတော့ အချိန် အတိအကျ မပြောနိုင်ပါဘူး "