အခန်း (၂၂)
" မိုက်လိုက်တာ ခေတ်ရယ်။ မိုက်မဲလိုက်တာ .. ကိုယ့် မျက်စိရှေ့အောက်မှာ ကြီးပြင်းလာတဲ့ ကလေးကို မင်းမို့ ဒီလိုစိတ်မျိုးတွေ ထားရတယ်လို့ .. မင်းမှာ အသိစိတ်ရော ရှိသေးရဲ့လား .. ဟမ် ! ငါ့ကို ပြောစမ်းပါ ! မင်းရဲ့ အသိဉာဏ်တွေ ဘယ်ရောက်သွားပြီလဲ။ ဘယ်ရောက်ကုန်ပြီလဲ ခေတ်ရဲ့ "
တီမေက မချိတင်ကဲ အပြစ်ဖွဲ့သည်။ အတိအလင်း အသိပေးမိသော အမှန်တရားအတွက် ရင်ထုမနာ ဖြစ်နေရှာသည်။ မျက်ရည်ကြည်များလည်း ရစ်ဖွဲ့လို့ နေချေပြီ။
" မင်းမှာ ကြိုက်စရာလူ အဲ့လောက်တောင် ရှားနေလို့ ကိုယ့်ညီကို ကိုယ် ပြန်ကြံရလား ! လူပုံအလယ်မှာ ပြောစရာဖြစ်အောင် အရှက်ခွဲမယ့်အစား ငါ့ကိုသာ သတ်လိုက်ပါတော့လား ! "
ကရုဏာဒေါသောနဲ့ လက်မောင်းဆီသို့ ရိုက်ချက်များ ခပ်စိပ်စိပ် ကျရောက်လာသည်။ ဆူငေါက်သမျှကို ခေါင်းငိုက်စိုက်ချ နားထောင်ပေးရာမှ ဆတ်ခနဲ မော့မိသည်။
တီမေ အထင်လွဲနေပြီ။ ညီ့အပေါ် ခံစားချက် ထားမိတာ အမှန်ပေမဲ့ ထိုမေတ္တာတရားမှာ မည်သို့သော တဏှာရာဂမျှ မပါဝင်ခဲ့။ သူ ညီ့ကို ကြံခဲ့ခြင်း မဟုတ်ပါ။ နှလုံးသားက ဖြောင့်တန်းစွာ ကိုင်းညွှတ်မိခြင်းသာ။
" ကျွန်တော် ညီ့ကို ရိုးရိုးသားသား ချစ်တာပါ တီမေ။ ဘာအလိုဆန္ဒမှ မပါတဲ့ မေတ္တာတရားနဲ့ အတူ ရှိချင်တာပါ။ ညီ့အပေါ် တပ်မက်စိတ်နဲ့ ချစ်ခဲ့တာ မဟုတ်ပါဘူး "
ပြောစရာ စကား မဲ့ရှနေသူပမာ တီမေ့မှာ ယူကြုံးမရသာ ဖြစ်နေရှာသည်။ မည်သို့သော နှစ်သိမ့်မှုကိုမှ သူ မပေးချင်ပါ။
ခေတ်ရဲ့ ရင်ထဲမှာလည်း အပိုင်းပိုင်း အစစ ကွဲအက်လို့ စုတ်ပျက်နေပြီ။ ယောက်ျားတန်မဲ့ မငိုမိအောင် ထိန်းသိမ်းပါလည်း သူ ကျရှုံးခဲ့သည်။
" ကျွန်တော် ဒီအတိုင်းလေး ချစ်မိသွားရုံပါ တီမေရယ် ... ညီ့ကို ရမ္မက်တွေနဲ့ မထိရက်ပါဘူး "
တိုးဖျော့စွာ ဆိုမိလေသော စကားမှာ မုသားမဲ့သော သစ္စာပင် ဖြစ်ချေသည်။
မည်သူ ယုံကြည်ပေးနိုင်မည်နည်း။
ဤသတ္တလောကမှာ သွေးသားဆန္ဒအရ ယှက်နွယ်လိုခြင်း မရှိသော မေတ္တာတရားတွေ ရှိပါလေကြောင်း ..။