အခန်း (၆)
" မောင် "
ကြည်လင်နေသည့် အသံငြိမ်ငြိမ်လေးက နားထောင်ကောင်းသည်။ စခရင်မှာ မြင်နေရသည့် မိန်းကလေးက ရေစိုဆံပင်တွေကို တဘက် တစ်ထည်ဖြင့် သုတ်နေကာ မိတ်ကပ်မဲ့သော မျက်နှာလေးက သဘာဝအလှနဲ့ တင့်တယ်သည်။
" ကျော် ဒီနေ့ပဲ ပြန်ရောက်တာ "
" အင်း "
တိုတောင်း ပြတ်တောင်းလွန်းသော တစ်ခွန်းသံက ခပ်မျှင်းမျှင်း။ မလှုပ်မယှက် တည်ငြိမ်နေသည့် မျက်ဝန်းအိမ်မှာ အံ့သြဖွယ်ရာ မှုန်ပျပျပင် ရှိမနေ။
" မနက်ဖြန် မောင်နဲ့ တွေ့ချင်တယ် "
" မနက်ဖြန်လား "
" အင်း။ ကျော် ပြန်ရောက်နေတာ ဘယ်သူ့ကိုမှ အသိမပေးထားဘူး မောင်ရဲ့။ မောင့်ကို တွေ့ပြီးမှပဲ ဘွားဆီ မျက်နှာသွားပြတော့မယ် "
စားပွဲပေါ်မှာ ထောင်ထားသည့် ပြက္ခဒိန်ကို ကြည့်ပြီး တစ်ချက် စဉ်းစားရ၏။ မနက်ဖြန် သူ မအား။ ဒါပေမဲ့ ကျော့်ကို ငြင်းဖို့ရာလည်း ဝန်လေးနေသည်။ အားနာတာမျိုး မဟုတ်ပေမဲ့ ချစ်သူ တစ်ယောက်အနေနဲ့ လိုက်လျောပေးရမည့် အရာလေးတွေမှာ သူ့ဘက်က ပျက်ကွက်ပေါင်း များတာတော့ မဖြစ်ချင်။
" မောင် အဆင်မပြေရင် ထားလိုက်ပါ။ ကျော့်ကြောင့် စိတ်ညစ်ခံမနေနဲ့ "
ကျော်က ထိုကဲ့သို့ မိန်းကလေး။ လွတ်လပ် ပေါ့ပါးစွာ နေတတ်သလို တစ်ဖက်သားအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်လိုသူ။ ပွင့်လင်းမြင်သာတဲ့ အတွေးအခေါ်တွေနဲ့ သူ့ဘက်ခြမ်းကို နားလည်မှု ပေးထားစမြဲ။ ထို့ကြောင့် သူ့မှာ စိတ်သက်သာရာ ရသည်။
" ပြန်လာမှ တွေ့ကြမယ်လေ "
" အိုကေ။ အိုကေ။ မောင့်သဘော "
မျက်တောင်တစ်ဖျတ် ခတ်လိုက်ခြင်းဖြင့် တုံ့ပြန်မိသည်။ အပြုံးယဲ့ယဲ့လေးနဲ့ ကျော်က နှုတ်ဆက်ပြီး ဆက်သွယ်ထားသော လှိုင်းကို ဖြတ်ချသွားသည်။
စည်းချက်မှန်မှန် ရွေ့လျားနေသော နာရီလက်တံနဲ့အတူ လေအေးစိမ့်သော အခန်းကျယ်မှာ ခြောက်သွေ့နေလျက်။