အခန်း (၂၀)
" ယောလ် .. ယောလ် "
မျက်လုံးတစ်စုံကို မှိတ်ထားလျက်က ယောလ်ကို လက်နဲ့ ပုတ်ပြီး ခေါ်လိုက်သည်။ ဖုန်းက ဆက်တိုက် မြည်နေ၍ နှစ်ယောက်စလုံး ကောင်းကောင်း အိပ်မရတော့ချေ။ နေနိုင်း မျက်ခွံတစ်ဖက်ကို တစ်ချက် ပွတ်သပ်ပြီးနောက် ဖြည်းဖြည်းချင်း အားယူဖွင့်လိုက်သည်။ လုံးထွေးထားသည့် စောင်က သူ့ခန္ဓာမှာ ရစ်ပတ် ကပ်ငြိနေဆဲ။ ယောလ်ကို ငဲ့ကြည့်မိတော့ ခေါင်းအုံးထဲ မျက်နှာတစ်ခြမ်း နှစ်မြှုပ်ထားသည်။ ညက မူးနေသည့် ယောလ်ကို သူ့ အိမ်မှာ သိပ်ဖို့ ခေါ်လာခဲ့မိခြင်းပင်။ လူကြီးတွေ စိတ်မပူရအောင်လည်း အရိပ်ကတဆင့် အသိ ပေးခိုင်းထားသည်။
စက်ရုပ်နဲ့ လူတောင် ရောထွေးပစ်သည့် ယောလ်က အသောက်များပြီး မူးသွားတာ မဟုတ်ဘဲ နည်းနည်းသောက်ပြီး များများ မူးသွားတာ ဖြစ်သည်။
" ဖုန်းလာနေတယ်။ ကိုင်လိုက်ဦးဟ ! "
ဖုန်းသံကို လျစ်လျူရှုပြီး မရမက ဆက်အိပ်ဖို့ ပြင်နေ၍ စောင်ထူထူအောက်က ယောလ်ငယ်ကို တွန်းထိုးရင်း ပြောရတော့သည်။
ခေါင်းကိုက်ရကြားထဲ နားပါ ငြီးနေရော။
ယောလ်က ဖုန်းကို တောင်စမ်း မြောက်စမ်း စမ်းသည်။ မျက်စိနှစ်လုံးက ပိတ်လျက်သား။ နေနိုင်း စောင်ကို ရင်ဘတ်ထိ ဆွဲရင်း ကျောပေးပြီး ပြန်အိပ်ဖို့ ပြင်လိုက်၏။ သို့ပေမဲ့ ယောလ်ရဲ့ ဖုန်းပြောသံကို ကြားနေရဆဲ။
" ကိုး ! .. "
တစ်ဖက်က ဘာပြောလဲ မသိရ။ ယောလ်က ရုတ်တရက် ငေါက်ခနဲ ထထိုင်၏။ ယောလ်ကို ကျောပေးပြီး လှဲနေရာက ပက်လက်အနေအထား ပြောင်းလိုက်သည်။ မျက်လုံးတွေကို နောက်တစ်ကြိမ် ထပ်ဖွင့်ရတော့သည်။
" ရတယ်။ ရတယ်။ လာမခေါ်နဲ့။ ကျွန်တော် အခုပဲ ပြန်လာပြီ "
ယောလ်က ကပျာကယာ ငြင်းသည်။ နေနိုင်း ဇက်ပိုးအောက် လက်တစ်ဖက် လျှိုသွင်းလိုက်ရင်း မျက်ဝန်းတွေ မှေးစင်းပြီး ကြည့်နေလိုက်သည်။
ယောလ်က ဖုန်းချပြီးတာနဲ့ သူ့ဆီ ကြည့်လာ၏။
" ထတော့။ အိပ်မနေနဲ့။ ငါ့ကို ပြန်လိုက်ပို့ "
![](https://img.wattpad.com/cover/272854880-288-k148364.jpg)