အခန်း (၁၃)
ဒီနေ့က ကျောင်းပိတ်ရက် ဖြစ်သည်။ ယောလ်ငယ်ကို တွေ့ရဖို့ အရိပ်ဆီမှာ အကူအညီ တောင်းတော့ သဘောကောင်းသည့် မိန်းကလေးက မငြင်းပါ။ ဖုန်းဆက်ပြီး ချိတ်ဆက်ပေးသည်။ နေနိုင်း ချိန်းရင် ယောလ်က မလာမှာ အသေအချာ။ ဒီတော့ အရိပ်ကိုပဲ အပူ ကပ်ရသည်။
လမ်းထိပ်မှာ ရပ်စောင့်နေချိန်မှာပဲ စက်ဘီးတစ်စီးနဲ့ ဖြည်းဖြည်းချင်း နင်းလာသည့် ယောလ်ကို လှမ်းမြင်ရသည်။ ပုံပြောင်းထားသည့် ဆံပင်ကေကြောင့် မလည်မဝယ် နူးနူးညံ့ညံ့ ပုံစံလေးအစား ကြည်လင် ရှင်းသန့်သည့် ကောင်ချောလေး အသွင်ဖြင့် တင့်တယ်နေသည်။ သူ့ကို မြင်မြင်ချင်း မျက်ခုံးတန်းလေး ကြုံ့သွားတာကအစ ကြည့်ကောင်းသည်။
" ဘာကိစ္စနဲ့ ရောက်လာပြန်တာလဲ "
" မင်းကို တွေ့ချင်လို့လေ "
ရိုးရိုးသားသား ဝန်ခံတော့ ရှက်ပြုံးလေးအစား နှာခေါင်းတစ်ချက် အရှုံ့ခံလိုက်ရသည်။ စက်ဘီးပေါ်က ဆင်းဆင်းချင်း နှုတ်ဆက် စကား ဆိုလာပုံက ချစ်စဖွယ် အတိ ခ၏။ သိမ်မွေ့ခြင်း လွင့်စင် ပြေး၏။ အေးချမ်းလှသော နှင်းခဲလေးက နေနိုင်းတစ်ယောက်ကိုတော့ မချေမငံ ကွက်ရိုင်းတတ်ပါသည်။
ကားနဲ့ ကျော ကပ်ထားရာက ခွာရင်း ရှေ့တစ်လှမ်း တိုးပြီး ခေါင်းငုံ့ ကိုယ်ကိုင်းမိသည်။
" အိမ် အလည်မခေါ်တော့ဘူးလား "
" လူကြီးတွေ မရှိဘူး "
ညစ်တစ်တစ် အပြောလေးကြောင့် နှုတ်ခမ်းထောင့်စွန်း တစ်စုံ ကော့တက်သွားသည်။
ယောလ်က သူ့ကို အားမနာတတ်ပါ။ ဒီလိုပဲ မပြေမပြစ်လေး တုံ့ပြန်တတ်သည်။" အရိပ် ဖုန်းဆက်တယ်မလား။ ငါ့အကြောင်း ဘာတွေ ပြောသေးလဲ "
" မင်း သေမလိုဖြစ်နေလို့ လမ်းထိပ်ကို ထွက်ကြည့်ပေးပါတဲ့ "
" ဟား ဟား ဟား "
အကန်တွေပဲ ဆက်တိုက် လွှတ်နေသည့် ယောလ်ကြောင့် စိတ်လွတ် ကိုယ်လွတ် ရယ်မောမိသည်။ နှုတ်ခမ်းလွှာကို တင်းတင်း စေ့ပိတ်ရင်း ယောလ်က စိုက်ကြည့်နေသည်။ မျက်လုံးဝိုင်းဝိုင်းတွေက ရင်ထဲရှိ ခံစားချက် အမြင်ကို ဖွင့်လှစ် ဖော်ဆောင်သည်။