အခန်း (၁၆)
'' ထူးထူးဆန်းဆန်း .. စောလှချည်လား ''
ခုံတစ်လုံး ဆွဲပြီး ဝင်ထိုင်ရင်း မနက်ခင်း အဖွင့်ကို နှုတ်ဆက်စကားနှင့် စတင်လိုက်၏။ ဏီခက ကန်တင်းက ဆိုင်မှာ စာထိုင်လုပ်နေသည်။ ယွန်းမြတ်နဲ့ နိုင်းကိုတော့ မတွေ့။ ကျောင်းကို ရောက်မလာသေးတာ ဖြစ်နိုင်သည်။
စာမေးပွဲနီး၍ ကိုယ်ပိုင်စာကြည့်ချိန်မို့ ကျောင်းမှာ အနည်းငယ် တိတ်ဆိတ်နေဟန် ရှိသည်။ ကန်တင်းမှာလည်း လူချောင်သည်။
'' နိုင်းလည်း ရောက်နေပြီ။ မိတ္ထူ သွားဆွဲတယ် ''
'' ယွန်းမြတ်ရော ''
'' ဟိုမှာ လာနေပါပြီ ''
ဆိုင်ထဲ ဝင်လာသော ယွန်းမြတ်ကို မေးဆတ်ပြရင်း ဏီခက ပြန်ဖြေသည်။ ဇွဲက လမ်းမဘက်ကို ကျောပေးထား၍ ငဲ့စောင်း ကြည့်လိုက်ရသည်။ ပြီးနောက် ယွန်းမြတ်အတွက် ထောပတ်သီး ဖျော်ရည် တစ်ခွက်ကို မှာပေးလေသည်။
'' အရိပ် ဖုန်းဆက်တယ်။ ယောလ် နေမကောင်းလို့ ဒီနေ့ ကျောင်းမလာဘူးတဲ့ ''
ယွန်းမြတ်က ခုံမှာ ဝင်ထိုင်ထိုင်ချင်း ယောလ်ငယ် အကြောင်းကို အစပြုလာသည်။ ပြီးနောက် ပျောက်နေဆဲ တစ်ယောက်သောသူကို မေး၏။
" ငါတို့ ကင်းတစ်ခြမ်းပဲ့ရော "
" မိတ္ထူသွားဆွဲရင်း စက်ထဲ ဝင်အိပ်နေလား မသိပါဘူးဟယ်။ ဇွဲ .. နင့်ကောင်ကို လိုက်ခေါ်ဦး "
ဏီခက အခေါ်တော် ထောက်ဖို့ ဇွဲကို တိုက်တွန်းသည်။ ခုမှ ကျောင်းကို ရောက်လာသည့် ယွန်းမြတ်ကလည်း ဝင်ပြော၏။
" မြန်မြန် သွားခေါ်။ စာစုပြီးရင် ပြန်မယ် "
" အေးပါ။ သွားခေါ်မှာ။ ဒါပေမဲ့ တစ်ခါတည်းတော့ တန်းမပြန်ကြနဲ့ဦး။ မနက်ဖြန် အိမ်မှာ အလှူ ရှိတယ်။ လိုက်ကူဦး "
ထိုင်နေရာက ထပြီး ပုဆိုးကို ပြင်ဝတ်ရင်း ပြောတော့ မချောနှစ်ယောက်က ခေါင်းတဆတ်ဆတ် ညိတ်ကာ အကြောင်းပြန်၏။
" အချိုပွဲ များများလေးတော့ ထည့်မယ်မလား "
" ငါက ကျောက်ကျော ကြိုက်တယ်နော် "