အခန်း (၁၈)
" ထူးထူးဆန်းဆန်း ငါ့ကို တွေ့ချင်တာ ဘာလဲ "
" အရိပ်ဆီကို ဖုန်းဆက်သေးတယ်။ သူ မအားလို့ "
ကန်ဘောင်မှာ လေညင်းခံနေသည့် ယောလ်ရဲ့ ဘေး ဝင်ထိုင်ရင်း ပြောတော့ ပြန်ချေပလာသည့် စကားက နေနိုင်းကို ရင်ခံစေသည်။
" ဘာဖြစ်နေတာလဲ။ မင်းပုံစံက မလန်းလိုက်တာ "
သူ မေးတော့ ယောလ်က ငဲ့ကြည့်လာသည်။ မျက်ဝန်းချင်း ဆုံချက်မိသွား၏။
" လူတွေက ချစ်မိသွားရင် အတ္တ ကြီးတတ်ကြတာပဲလား "
ကန်ရေပြင်ဆီ အကြည့် ပို့မိလိုက်သည်။ ယောလ်ကလည်း သူ့ကို ငေးမြဲ ငေးနေဆဲ။
" ပိုင်ဆိုင်ချင်တဲ့ လောဘနဲ့ ဦးစားပေးခံချင်တဲ့ ဆန္ဒတော့ ရှိကြမယ် ထင်တာပဲ "
နေနိုင်းရဲ့ လေသံမှာ တည်ငြိမ်သည်။ ရှင်းလင်းသည်။ ဖျော့တော့ တိုးတိမ်ခြင်း မရှိဘဲ အေးစက်မှုကို ခံစားရစေသည်။ ယောလ်က ကန်ရေပြင်ဆီ မျက်နှာမူလိုက်သည်။
လေပြည်ညင်းက တဖျတ်ဖျတ် လူးခါ မြူးနေလျက်။
" ကိုးက လက်ထပ်တော့မှာ "
ယောလ်က လေးပင်စွာ ပြောလာသည်။ အဝေးတစ်နေရာအား ဝေဝေဝါးဝါး ငေးငိုင်နေမြဲ။
" ငါ .. ငါ ကိုးကို ဘယ်သူ့ကိုမှ မပေးချင်ဘူး နိုင်းရယ် "
နင့်နဲစွာ ဆိုလာသည့် စကားအဆုံး မျက်ရည်တစ်စ လွင့်စင်ခ၏။ နေရိပ်အေးအေးက ယောလ်ငယ်ရဲ့ ရင်ကို မငြိမ်းချမ်းစေနိုင်ခဲ့။
အချစ်သည် ရံဖန်ရံခါ ပူလောင်၏။
******
" မကြာခင် မိန်းမ ရတော့မယ့် ကောင်က ဘယ်လိုဖြစ်ပြီး မှိုင်တွေနေရတာလဲ "
" ငါ့အမှားတွေ တဖြည်းဖြည်း ပိုများလာနေပြီ မင်းခန့်ရာ "
ခေတ် နာကျင်အောင့်သက်စွာ ရင်ဖွင့်မိသည်။
စိတ်လေနေ၍ မင်းခန့် တစ်ယောက်တည်း နေသည့် ကွန်ဒိုကို ထွက်လာခဲ့ခြင်း ဖြစ်သည်။
အရက်သောက်ချင်ကြောင်း သူ ပြောတော့ မင်းခန့်က ရေခဲသေတ္တာထဲက ပုလင်းကို ထုတ်ကာ ဖန်ခွက် နှစ်လုံးနဲ့ တစ်ဝိုင်း တည်သည်။
