အခန်း (၂၁)
" မင်းတို့က ဘာတွေလဲ ယောလ်။ ငါ့အစ်မကို လှည့်စားနေတာလား ! "
" မဟုတ် .. မဟုတ်ပါဘူး "
" ဘာကို မဟုတ်ရမှာလဲကွ ! ငါ ဒီလောက် မြင်ခဲ့ ကြားခဲ့တာကို .."
ယောလ်ငယ်ရဲ့ အသံက အထစ်ထစ် အငေါ့ငေါ့။
လမ်းတစ်လျှောက်လုံး ကားပေါ်မှာ စကား မဆိုခဲ့ကြ။ သူ့ရဲ့ အိမ်ကိုသာ ခေါ်လာခဲ့သည်။ဒီအရှုပ်အထွေးကို ရှင်းမှ ဖြစ်မည်။
" ငါ့ဘက်ကပဲ ကိုးအပေါ် တစ်ဖက်သတ် ခံစားချက်တွေ ထားမိတာပါ။ ဒါပေမဲ့ မင်း စိုးရိမ်နေသလို ကိစ္စမျိုးက ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ကိုးနဲ့ မမကျော် လက်ထပ်ပြီးရင် ငါ ထွက်သွားပေးမှာပါ။ ငါ့ကို ယုံပါ နိုင်းရယ်။ ငါ့ကို ယုံပါ။ ဆိုင်သူ ရှိတဲ့ လူတစ်ယောက်ကို မက်မော ဖက်တွယ်နေရလောက်အောင် ငါ အောက်တန်း မကျသေးပါဘူး "
အာမခံချက် ပေးနေသော စကားတွေနဲ့အတူ မျက်ရည်တွေပါ ကျလာသည်။ ယောလ်က ငိုနေပြီ ဖြစ်သည်။ မျက်နှာကို လွှဲပြီး တောက်တစ်ချက် ခပ်ပြင်းပြင်း ခေါက်လိုက်မိသည်။
မွန်းကြပ်စရာတွေ ဘာလို့ များနေလဲ !
နေနိုင်းရဲ့ ရင်ထဲ တဆစ်ဆစ် ..။" ဒီအဖြစ်တွေကို မီကျော် သိရင် လက်ခံမှာ မဟုတ်ဘူး ယောလ် "
" မင်း မပြောရင် သူ မသိနိုင်ပါဘူး "
" ယောလ် ! "
" ငါ ကိုးကို ချစ်တာ မှန်တယ်။ ဒါပေမဲ့ အဲ့ဒီအမှန်တရားက ငါနဲ့ပဲ အတူ ရှိနေမှာ နိုင်း။ ငါ့ ခံစားချက်တွေကို ကိုး သိအောင် ဘယ်တော့မှ ဖွင့်ပြမှာ မဟုတ်ဘူး။ မင်း ငါ့ကို ယုံပါ။ ကိုးရဲ့ လက်ထပ်ပွဲ ပြီးတာနဲ့ သူ့ဘဝထဲကရော သူ့လောင်းရိပ်ကပါ ငါ ထွက်သွားမှာ။ သူ မမြင်နိုင်တဲ့ အဝေးဆုံးမှာပဲ ငါ ရှင်သန်မှာ။ ငါ့ကိုယ်ကျင့်တရားကို မြောင်းထဲ လွှတ်ပစ်ရလောက်တဲ့အထိ ငါ မရူးမိုက်သေးပါဘူး "
" ငါ .. မင်းကို မယုံတာ မဟုတ်ဘူး ယောလ် "
" ... "
" ငါ မယုံတာ တခေတ်သွေးဆိုတဲ့ လူကိုပဲ "
" ခွပ် "