အခန်း (၁၁)
" ဘယ်လို။ ငါ့ကို စာမူပေးမယ်။ ဟုတ်လား ! "
မင်းခန့်က အံ့သြတကြီး မေးပြီး ထပ်မံ အတည် ပြုသည်။ ခေတ် ခေါင်းညိတ်ပြလိုက်သည်။ အချိန်က နေ့လယ်ခင်း ဖြစ်သည်။ အပြင်မှာ နေကျဲကျဲ ပူပြင်းနေပြီး သူတို့ ထိုင်နေသည့် ဆိုင်မှာတော့ လေအေးစက် ဖွင့်ထား၍ အပူငွေ့ကို မခံစားရပေ။
" နားရှိလို့သာ ကြားရတယ်ကွာ။ မယုံနိုင်စရာဘဲ "
အအေးခွက်ကို ပိုက်နဲ့ မွှေရင်း မင်းခန့်က ထပ်ခါတလဲ ဆိုပြန်သည်။ ပြီးနောက် ခေတ်ရဲ့ ဘေးမှာ ထိုင်နေသည့် ကျော့်ကို ကြည့်ကာ ထင်မြင်ချက်ကို ဖွင့်ဟလာသည်။
" ကျော့်ကို အကူအညီ တောင်းလိုက်တာ မှန်သွားတာပဲ "
ကျော့် နှုတ်ခမ်းထောင့်လေး လှုပ်ခတ်သွားတာ မြင်လိုက်ရသည်။ ချစ်သူ မိန်းကလေး တစ်ယောက်အဖို့ ကိုယ်ပြောသည့် စကား အရာမြောက် အောင်မြင်ခြင်းက ဝမ်းသာစရာပင်။ ခေတ် တိုးတိတ်စွာ ခပ်ဖျော့ဖျော့ ပြုံးမိလိုက်သည်။ အတွေးအာရုံထဲမှာ မျက်လုံးဝိုင်းဝိုင်းလေးကို မြင်ယောင်မိခြင်းကြောင့် ဖြစ်သည်။ ဒါကို သူမှ လွဲပြီး အခြားသော တစ်ပါးသူကတော့ သိနိုင်မည် မဟုတ်ချေ။
" မင်းက မျက်နှာလိုက်လှချည်လား ခေတ်ရ ! ငါ တဂျီဂျီ ပြောတုန်းက သုံးနှစ်လုံး တစ်ချက် မတွေဘဲ ငြင်းခဲ့ပြီး ကျော့်ဆီ အပူကပ်တော့မှ ချက်ချင်းတွေ လက်ခံတယ်ပေါ့။ လူကို မတော်မတရား ခွဲခြားပြီး စိတ်မကောင်းဖြစ်အောင် လုပ်ရတာ ပျော်စရာ ထင်နေလား "
" ဒီဇင်ဘာထဲမှာ ထွက်ချင်တယ်။ မင်း စီစဉ်ပေး "
" မင်းသာ စိတ်မပြောင်းနဲ့။ ကျန်တာက ငါ အဆင်ပြေအောင် ကြည့်လုပ်လို့ ရတယ် "
မင်းခန့်နဲ့ ခေတ်က ပြောမနာ ဆိုမနာ သူငယ်ချင်းတွေ ဖြစ်သည်။ ကျော့်ကြောင့် လက်ခံသည်ဟု ထင်မြင်နေသည့် မင်းခန့်က စိတ်မကောင်းဟန်ကို ဟန်ဆောင်ပြသည်။ ခေတ်က ပြောစရာ ရှိတာကိုသာ လိုရင်းတိုရှင်း ချုံ့သည်။
မင်းခန့်ရဲ့ တကယ့် စိတ်ရင်းမှာ အူမြူးအောင် ပျော်နေတာကို သိသည်။ သူတို့ နှစ်ယောက်ရဲ့ သံယောဇဉ် အတိမ်အနက်ကို နားလည်သည့် ကျော်ကလည်း ကြားဝင် ပြောဆိုခြင်း မပြု။ ပြုံးပြုံးလေးသာ နားထောင်၏။ ထိုအခါမှ တစ်ချိန်လုံး ငြိမ်နေသည့် ကျော့်ဆီကို မင်းခန့်ရဲ့ မျက်ဝန်း အကြည့်တို့ ကူးပြောင်းသွားရင်း နှုတ်ချို ယဉ်ကျေးကြောင်း ဖော်ပြသည်။