အခန်း (၁၅)
" မိုးမိလာတာပဲ "
" ဟုတ် "
" ဖျားနေဦးမယ်။ ဆေး ကြိုသောက်ထား "
ရေစိုနေသော ကျောင်းအင်္ကျီအဖြူလေးကို ခပ်တွေတွေ ကြည့်ရင်း ပြောတော့ ညီက ခေါင်းတစ်ချက် ညိတ်လို့ ဟုတ်မှန်ကြောင်း ဝန်ခံသည်။ ညီ ဘယ်သူနဲ့ ဘယ်တွေ လျှောက်သွားနေလဲ မေးခွန်းကိုတော့ သူ မထုတ်တော့ပါ။ ညီ့ ခြေလှမ်းတွေ အပေါ် မတက်ခင် ခေတ်ကပဲ အရင် ကျောခိုင်း လှည့်ခွာခဲ့သည်။ ညီ့အတွက် အရသာရှိမည့် ခေါက်ဆွဲပြုတ်ပူပူလေး လုပ်ပေးချင်သည်။ ဟင်းကောင်းကောင်း မချက်တတ်ပေမဲ့ ခေါက်ဆွဲကိုတော့ ညီ့အကြိုက် ပြုတ်တတ်ပါသည်။
ရေနွေးပူပူထဲ ခေါက်ဆွဲနဲ့ မျှင်ထားသည့် ကြက်သားကြော်ကို ရောထည့်လိုက်သည်။ ပြီးနောက် အရွက်များများ ချိုးထားသည့် ကန်စွန်းစိမ်းစိမ်းကို ညီ နှစ်ခြိုက်သည်မို့ တစ်ခါတည်း ထည့်ပြုတ်ဖို့ ပြင်ရသည်။ ညီက ကန်စွန်းရွက်ကို အရိုးမကြိုက်သလို ခေါက်ဆွဲကိုလည်း မာနေလျှင် မစားတတ်ပေ။
အချိန်ကြာကြာ မစောင့်လိုက်ရဘဲ ဟင်းခတ်မွှေးကြိုင် အနံ့သင်းသင်း ခေါက်ဆွဲပြုတ်ပူပူကို ရရှိသွားသည်။ပန်းကန်လုံးထဲ လှယ်ထည့်ပြီး စားပွဲပေါ်တင်ကာ အုပ်ဆိုင်းထားခဲ့လိုက်၏။ ခုထိ အောက်ကို ဆင်းမလာသေးသည့် ညီ့ကို သွားကြည့်ရဦးမည်။
အခန်းတံခါးကို ခေါက်ပြီး အထဲ ဝင်ခဲ့တော့ ရေချိုးပြီးသွားသည့် ညီက အဝတ်အစား လဲနေသည်။ ကုတင်အစွန်မှာ ထိုင်ရင်း ညီ့ကို ငေးမိတော့ ရေစိုစို ဆံပင်တွေက စိတ်တိုင်းမကျ ဖြစ်စေသည်။ မိုးမိလာ၍ ချမ်းအေးနေဆဲ ညီက အနီရဲရဲ အနွေးထည်ပွပွကို ဝတ်ထားသည်။ မျက်နှာလေးက ပကတိအတိုင်း ဖြူနု ကြည်လင်နေလျက်။
" ဒီကို လာ။ တဘက်ပါ ယူခဲ့ "
သူ ခေါ်တော့ ရောက်လာရှာသည်။ ကြိုးတန်းပေါ်က တဘက်ကိုပါ ဆွဲယူလာသည်။
" ထိုင် "
ညီက မငြင်းပါ။ ခေတ်ရဲ့လက်ထဲ တဘက်ကို ထည့်ပေးပြီး ကြမ်းခင်းပြင်မှာ ထိုင်ချသည်။
ခေတ်ရဲ့လက်အစုံက ညီ့ရဲ့ ဆံသားတွေဆီ ရောက်ရှိသွားသည်။ တဘက်နဲ့ သုတ်ပေးတာက ရေခြောက်ဖို့ ကြာနိုင်ပေမဲ့ Dryer မသုံးချင်။ အပူပေးပါ များလျှင် ညီ့ဆံပင်တွေ ပျက်စီးသွားလိမ့်မည်။