အခန်း (၁၄)
" မောင် "
ကျော် ခေါ်ပေမဲ့ မောင်က စိတ်နဲ့လူ မကပ်သည့်ပမာ တွေတွေငိုင်ငိုင်။ ထူးသံမဲ့သော မောင့်ကို ကြည့်ရင်း ကျော့် စိတ်တွေ လေးလံလို့ လာသည်။
" မောင် ဘာတွေများ တွေးနေတာလဲ "
" ညီ့အကြောင်း ခေါင်းထဲ ဝင်လာလို့ "
မောင်က တိုးဖွဖွ ဖြေသည်။ ကျော့်ရင်ထဲ နင့်ခနဲ။ ကျော်နဲ့ အတူရှိချိန်မှာတောင် မောင့် အတွေး အာရုံကို အခြားတစ်ယောက်က စိုးမိုးထားသည်။ မောင့်မှာ သွေးသား မတော်စပ်သည့် ညီတစ်ယောက် ရှိကြောင်း မောင့်သူငယ်ချင်း ပြောပြဖူးလို့ ကျော် သိပါသည်။ မောင် အရမ်းချစ်သည့် ကလေးမို့ မြင်ဖူးချင်ပေမဲ့ မိတ်ဆက်ပေးဖို့ အထိတော့ မတောင်းဆိုခဲ့။ မောင်နဲ့ ပတ်သက်ပြီး ကျော့်ဘက်က ဘယ်အရာကိုမှ အလွန် မဖြစ်ချင်ပါ။
" ကျော် ဘာပြောမလို့လဲ "
" ထွေထူး မဟုတ်ပါဘူး။ ကျော်က မောင် စာရေးဖို့ စိတ်ကူး ရလို့ တွေးနေတယ် ထင်တာ "
" စာက မရေးဖြစ်သေးပါဘူး "
" အင်း။ စိတ်ကို အနားယူခိုင်းဖို့လည်း လိုတယ်လေ "
ကျော့်ရဲ့ မရေမရာ အတွေးနယ်မြေအား မောင်က မေးခွန်းတစ်ခုနဲ့ ထိုးစစ်ဆင်သည်။ မပျက်ယွင်းသည့် ဗျူဟာတစ်ပိုင်းကို ထုတ်ပြဖို့ အဆင်သင့် ရှိနေသူပမာ အလိုက်သင့်လေး တုံ့ပြန်ဖြစ်သည်။ ကျော် မောင့်ကို ယုံကြည် လေးစားချင်ပါသည်။ ဒီဘဝ တစ်သက်လုံးစာအတွက်။
" တီမေ ပြန်ရောက်ပြီလား မောင် "
" မနက်ဖြန် ပြန်လာမယ် ပြောတယ်။ ကျော်နဲ့ တွေ့ပေးဖို့ မောင် ပြောထားတာမို့ အဆင်ပြေရင် ဒီတစ်ပတ်ထဲ စီစဉ်ကြရအောင်လေ "
" အင်း။ ကျော်လည်း မြန်မြန်တွေ့ချင်လှပြီရယ် "
မောင့်ရဲ့ သတိတရားလေးက ကျော် ရှိရာ ရပ်ဝန်းမှာ ပြန်လည်အခြေကျသည်။ တည်ငြိမ် တိကျမှု အပြည့်နဲ့ ပြောလာသည့် စကားတို့မှာ အပိုအလို မရှိ။ ဒါပေမဲ့ မောင့်မျက်ဝန်းတွေမှာ စိတ်အား ထက်သန်မှုတို့က ပကတိ ငြိမ်သက်နေလျက်။
