အခန်း (၁၇)
" ရောက်လာပြီလား သမီး။ ထိုင်။ ထိုင်။ ခေတ် အသိပေးကတည်းက တီမေက တွေ့ချင်နေတာ.. ကြာလှရောပေါ့ "
ခေတ်နဲ့ အတူ ပါလာသည့် ကျော့်ကို တီမေက ချိုသာပျူငှာစွာ ဆီးကြို နှုတ်ဆက်သည်။ တီမေနဲ့ မျက်စောင်းထိုးက ခုံမှာ ဝင်ထိုင်ရင်း ကျော်က ယဉ်ယဉ်လေး ပြုံးကာ ခေါင်းညိတ်သည်။
မြန်မာဝတ်စုံ ဝတ်ခဲသည့် ကျော်က ဒီနေ့တော့ ရင်ဖုံးအင်္ကျီလက်တိုနဲ့ ပွင့်ရိုက်ထဘီကို တွဲဖက်ထားကာ ဆံကေသာကို ခေတ်မီ ကြော့ရှင်းစွာ သိမ်းဆည်း ထုံးဖွဲ့ထားသည်။ အဖြူရောင် ကျောက်ဆံထိုး တစ်ခုကိုလည်း ဖန်စီဆံထုံးရဲ့ ဘေးတစ်ဖက်မှာ လှပမြဲမြံစွာ ထိုးစိုက်ထား၏။ အမျိုးကောင်းသမီးလေး ကျော့်ရဲ့ ကျက်သရေ တင့်တယ်မှုက ခမ်းနားလှသည်။ လွတ်လပ် ပေါ့ပါးစွာ နေထိုင်တတ်သည့် ကျော်က မြန်မာဆန်သော ပုံစံမျိုးလေးနဲ့လည်း လိုက်ဖက်နေပြန်သည်။
" ကျော်က လှလိုက်တာ "
တီမေက ခပ်ဖွဖွ ရေရွတ်ကာ မှတ်ချက်ပြုသည်။ ကျော်ကတော့ ခွန်းတုံ့ပြန်ခြင်း မရှိဘဲ တီမေနဲ့သာ အကြည့်ချင်း ဆိုင်ထားလျက်။ ခေတ် မနေသာတော့ပေ။ သူ့ရင်ထဲ တစ်ခုခုကို ပျောက်ရှနေသလို ခံစားရသည်။ ထို့ကြောင့် မြိုသိပ် ထိန်းချုပ်ထားမနေဘဲ ပွင့်လင်းစွာ အမေး ထုတ်လိုက်၏။
" တီမေ .. ညီရော .."
" အခန်းထဲမှာ ရှိတယ်။ သားတို့ ရောက်နေတာ မသိသေးလို့ ဆင်းမလာတာ ဖြစ်မယ် "
" ကျွန်တော် သွားခေါ်လိုက်မယ် "
" သွားခေါ်လေ။ ကျော်နဲ့လည်း တစ်ခါတည်း မိတ်ဆက် ပေးရတာပေါ့ "
မတ်တပ် ထရပ်ပြီးနောက် ကျော့်ကို ငုံ့မိုးကြည့်ကာ --
" ကျော် ...တီမေနဲ့ စကား ပြောနှင့်ဦးနော်။ မောင် ညီ့ဆီ သွားလိုက်ဦးမယ် "
ကျော်က ခေါင်းညိတ်ပြသည်။ ခေတ် အမြန် လှည့်ထွက်ခဲ့ရင်း အပေါ်ထပ်သို့ ခပ်သွက်သွက် လှမ်းလိုက်သည်။ မျက်ရှနေသည့် ဒဏ်ရာက အောင့်သက်သက် ဖြစ်နေသကဲ့သို့ ခေတ်ရဲ့ စိတ်အခြေအနေက သိပ်မကောင်းပါ။