အခန်း (၁၉)
" ကျော်နဲ့ တွေ့ရင် ပေးလိုက် "
ခေါင်လွှမ်းရဲ့ အလွမ်းမြစ်ဖျား စာအုပ်ဖြစ်သည်။ လက်ဆောင် ပေးမည်ဟု ပြောထားခဲ့ခြင်းကြောင့် မင်းခန့်က သူ့စကားကို တည်ချင်ပုံပင်။ သို့ပေမဲ့ ခေတ်ကတဆင့် ပေးခိုင်းခြင်းအား နားမလည်။
" မင်းကိုယ်တိုင် ပေးလည်း ရရဲ့သားနဲ့ "
" ငါ ဒီရက်ပိုင်း အလုပ်ရှုပ်နေတယ်လေကွာ။ မင်းရဲ့ စာမူအတွက် ပြင်ရဦးမှာ "
မင်းခန့်ဆီက စာအုပ်ကို ယူပြီး ခုံပေါ် တင်ထားလိုက်သည်။ အအေးနှစ်ခွက်ကို ဗန်းတစ်ခုပေါ် တင်ဆောင်ရင်း တီမေက ဧည့်ခန်းထဲ ရောက်ရှိလာသည်။
" မင်းခန့် ကြိုက်တဲ့ ပင်မှည့် ဖျော်လာတယ်။ သောက်လိုက်ဦး "
" ကျေးဇူးပါ တီမေရေ။ တီမေ့လက်ရာ ပင်မှည့်ကို လွမ်းနေတာ "
မင်းခန့်က အအေးကို တစ်ငုံ သောက်လိုက်သည်။
ပြီးနောက် ဖန်ခွက်ကို ပြန်ချကာ ---" ယောလ်ငယ်ရော စာမေးပွဲ ဖြေနိုင်တယ်မလား။ ဒီကလေး စာမေးပွဲနီးရင် နေမကောင်း ဖြစ်တတ်လို့ သိပ်စိတ်ပူရတာ .. ခုရော နေကောင်းရဲ့လား "
" ကောင်းတယ် သားရေ။ စာမေးပွဲလည်း ဖြေနိုင်ပါတယ်။ အိပ်ရေးပျက်တဲ့ အရှိန်ကြောင့် အစားကလည်း သိပ်မဝင်တော့ နည်းနည်းတော့ နွမ်းနေရှာတာပေါ့ "
မင်းခန့်က ခေါင်းတဆတ်ဆတ် ညိတ်သည်။
" ဒါကြောင့် ခေတ်က အိမ်မြဲနေတာကိုး .."
" ယောလ်ကို အကြိုအပို့ လုပ်နေရတယ်လေ။ တီမေ့ကိုသာ မရေးမလုပ်တာ။ သူ့ညီကိုတော့ သိပ်ချစ်ပါ့ "
တီမေက အရိုးခံသဘောနှင့် ပြောသည်။ မင်းခန့်ရဲ့ ပြုံးရိပ်ဝပ်နေသော မျက်ဝန်းတစ်စုံက ခေတ်ဆီ ရောက်ရှိလာ၏။ အကြည့်ချင်း မဆိုင်လိုစွာ ရှောင်ဖယ်ပစ်လိုက်သည်။
" စကားပြောနှင့်ကြဦး။ တီမေ သားငယ်အတွက် ကြက်ဥပူတင်းလေး သွားလုပ်လိုက်ဦးမယ် "
တီမေက နှုတ်ဆက်ပြီး ထွက်ခွာသွားသည်။ မင်းခန့်က ပေါ်ပေါ်တင်တင် ပြုံးလာရင်း ---
