အခန်း (၇)
" ရောက်လာပြီလား "
" အေး "
" ထိုင်။ မင်းကို မိတ်ဆက်ပေးချင်လို့ .. ငါ့တိုက်က ကလောင်သစ်လေ "
" တွေ့ရတာ ဝမ်းသာပါတယ် "
မင်းခန့်ရဲ့ ရုံးခန်းထဲမှာ ဖြစ်သည်။ မကျယ်မဝန်း လေအေးခန်းထဲမှာ ဧည့်ခံရေးအတွက် နေရာ ချထားသည့် စားပွဲတစ်လုံးနဲ့ ဆိုဖာထိုင်ခုံ တချို့ ရှိသည်။
တခေတ်သွေးကို ကလောင်ရှင်တစ်ဦးနဲ့ မင်းခန့်က မိတ်ဆက်ပေးသည်။ ယဉ်ကျေးစွာ ပြုံးပြလာသူကို ခေါင်းတစ်ချက် ညိတ်ပြပြီး ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
စာအုပ်တိုက် တည်ထောင်ထားသည့် မင်းခန့်ဆီမှာ ခေတ်က အယ်ဒီတာချုပ် တာဝန်ယူပြီး ကူညီ ထောက်ပံ့ပေးသည်။ ဒါပေမဲ့ နေ့တိုင်း ရုံးတက်ခြင်းတော့ မရှိ။ မလွှဲသာ မရှောင်သာ အခြေအနေမျိုးမှသာ ရောက်လာတတ်သည်။ ခေတ်နဲ့ မင်းခန့်က ဆယ်စုနှစ်ကြာ သူငယ်ချင်းတွေ ဖြစ်သလို စီးပွား ပါတနာလို့ ဆိုရင်လည်း မမှား။
" ခေါင်လွှမ်းက အွန်လိုင်းမှာ စာရေးတာ။ ဒီလကုန် ငါတို့တိုက်က ထွက်မယ့် စာအုပ်ရဲ့ ပဲ့ကိုင်ရှင်လေ "
မင်းခန့်က ရှင်းပြသည်။ ခေါင်လွှမ်းဆိုသော လူငယ်လေးက သူ့ကို တလေးတစား မျက်ဝန်းတွေနှင့် ကြည့်နေသည်။ စာပေလောကမှာ ခေတ်ရဲ့ ကလောင်စွမ်းက နာမည်ကျော်သည်။ ထိုကျော်ကြားမှုနောက်မှာ ပြောရဆိုရခက်သည့် စာရေးဆရာဟူသော မှတ်ချက်ကလည်း ကပ်ပါပြီးသား ဖြစ်သည်။
" ရှေ့မှာ ဘယ်နှစ်အုပ် ထုတ်ပြီးပြီလဲ "
" ခုက ပထမဆုံးပါ။ ကိုခေတ်ရဲ့ စာအုပ်တွေကို ဖတ်ဖူးတယ်။ အရေးအသားကို အရမ်း သဘောကျပြီး တအား လေးစားမိတာ။ ခုလို မမျှော်လင့်ဘဲ တွေ့ရတော့ ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင် မသိဘူး "
လက်ချောင်းတွေကို ဖြန့်ချည် ကွေးချည် လုပ်နေသော ခေါင်လွှမ်းက စိတ်လှုပ်ရှားနေမှန်း မြင်သာသည်။ ခေတ် ဒီလူငယ်လေးကို အကဲခတ် ကြည့်မိသည်။ မင်းခန့် ရွေးချယ်ထားတာမို့ အရည်အချင်းကတော့ သိပ်ပြီး စိတ်ပူစရာ ရှိမှာ မဟုတ်။ ဒါပေမဲ့ လူငယ်လေးရဲ့ မျက်ဝန်းတွေမှာ ခိုင်မာသည့် ယုံကြည်မှု ပျောက်ဆုံးနေသည်။ ဒီလောကထဲ တိုးဝင်ဖို့ မချင့်မရဲ ဖြစ်နေပုံ။