အခန်း (၈)
" တီမေ .. ညီရော "
" ကျောင်းက ပြန်မရောက်သေးဘူး "
တီမေက သူ့ကို ဖြေပြီး ခြံထဲ ဆင်းသွားသည်။ ပန်းပင်တွေကို ရေလောင်းဖို့ ဖြစ်သည်။ ခေတ် စီးကရက် တစ်လိပ်ကို မီးညှိပြီး ထိုင်စောင့်နေလိုက်သည်။ ကြက်သွေးရောင် ရှပ်အင်္ကျီ လက်ရှည်ကို ဖြစ်သလို ဆွဲတင်ထား၍ စိမ်းဖန့်သော သွေးကြောမျှင်တို့က မြင်သာစေသည်။ အရယ်အပြုံး နည်းသော ခေတ်ရဲ့ မျက်နှာလေးက တည်တင်းနေသည်။
နာရီကို တစ်ချက် ကြည့်ပြီး ခြံထဲ ဆင်းဖို့ ပြင်လိုက်၏။ ထိုအချိန်မှာပဲ တီမေနဲ့အတူ ညီက အိမ်ထဲ ဝင်လာသည်။ ခေတ်ရဲ့ ခြေလှမ်းများက ဧည့်ခန်းဆီ သွေဖယ်သွားသည်။
ညီနဲ့ တီမေက ဘေးချင်းကပ် ထိုင်နေ၍ သူ မျက်နှာချင်းဆိုင်မှာ နေရာယူလိုက်သည်။ ဒီကလေးကို ကြည့်တာနဲ့ ရှည်ရှည်ကြာကြာ တွေးစရာ မလို။ ညီက သူ့ကို ပြောစရာ ရှိနေပုံ ရသည်။
" သားငယ်က သင်တန်းတက်ချင်လို့တဲ့ ခေတ်ရေ။ အဲဒါ ဒီနေ့ အရိပ်နဲ့ သွားစုံစမ်းရင်း နောက်ကျနေတာတဲ့ "
တီမေက ရှင်းပြလာသည်။ ညီက သူ့ခွင့်ပြုချက်ကို စောင့်နေသည်။ ခေတ် ဘဝင်မကျပါ။ တကယ်ဆို ညီ ဖြစ်ချင်တာကို ညီကိုယ်တိုင် သူ့ကို တိုက်ရိုက် ဖွင့်ပြောတာမျိုးပဲ လိုချင်သည်။
" Web Developer ပိုင်းကို လေ့လာချင်လို့။ အဲဒါ ကိုး ခွင့်ပြုရင် .."
" ညီ စကားကို ရဲရဲတင်းတင်း ပြောစမ်း !! "
ခေတ်ရဲ့ အသံ မာသွားသည်။ ပုံမှန်ထက် နည်းနည်း ကျယ်သွားသည်။ ညီ့ရဲ့ ဒီလို မဝံ့မရဲ ပုံစံတွေကို သူ မကြိုက်ပါ။ ဆွဲချွတ်ပစ်ချင်သည်။
ညီနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်မှာ အသံ ထွက်နေသလို ပျော့တိပျော့ဖတ် ကောင်ဆိုသည့် ခနဲ့တဲ့တဲ့ စကားတွေကိုလည်း သူ မကြားချင်တော့။" ခေတ် ဘာလို့ အော်နေတာလဲ။ ကလေးက ဒီအတိုင်းပဲ ပြောနေကျကို .. "
" အခု ကလေးမှ မဟုတ်တော့တာ။ ဘယ်အရွယ် ရှိနေပြီလဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိမှပေါ့။ တီမေ့တူကိုလည်း သေချာ ပြန်ကြည့်ဦး ! "