အခန်း (၉)
" ဟေး .. "
ရုတ်တရက် ဘေးမှာ ဝင်ထိုင်ရင်း ခပ်တိုးတိုး ကြိတ်ခေါ်လာသူ။ စာအုပ်နဲ့ လက်မောင်းကို အရိုက်ခံလိုက်ရ၍ အိပ်ငိုက်နေရာက ဆတ်ခနဲ မတ်သွားသည်။
" မင်း ! "
" တိုးတိုးနေ ! တီချယ် ရှိတယ် "
ယောလ်ငယ်ရဲ့ အသံက မကျယ်ပါ။ ဒါပေမဲ့ နေနိုင်းက တီးတိုး သတိပေး၏။ သူ ထိုင်နေသည့် ခုံတန်းက အခန်းတံခါး နောက်ပေါက်နဲ့ နီး၍ နေနိုင်းအတွက် လွယ်လွယ်ကူကူ ဝင်လာဖို့ အဆင်ပြေသွားတာ ဖြစ်မည်။ ဘေးခုံတန်းမှာ ထိုင်နေသည့် အရိပ်က သတိထားမိသွားပုံ။ မျက်ဝန်းတစ်စုံ ဝေ့လာရင်း မေးဆတ်ပြီး မေးနေသည်။ ခေါင်းအသာ ခါရင်း ဘာမှ မဖြစ်ကြောင်း ဖြေလိုက်ရ၏။ ထိုအခါမှ အရိပ်က နေနိုင်းဆီ တစ်ချက် ကြည့်ရင်း ပြုံးပြ နှုတ်ဆက်ပြီး စာအုပ်မှာ အာရုံပြန်စိုက်သည်။ သင်ခန်းစာကို သေချာ လိုက်နားထောင်နေတာလား၊ ဟန်ပြသက်သက်လားဆိုတာတော့ မသိရပါ။
မေဂျာမတူဘဲ သူများအတန်းထဲ လာထိုင်နေသည့် ကိုယ်တော်ကင်းကြောင့် အိပ်ချင်စိတ်လည်း ပျောက်သွားပြီ။
" အတော် အားနေလား "
" အင်း "
ယောလ်ငယ် ရွဲ့မေးလိုက်သလို နေနိုင်း ပြန်ပေးသည့် အဖြေကလည်း အတည့် မဟုတ်ပါ။
" ညဘက် ဘာတွေလုပ်နေလို့ ဒီမှာ လာငိုက်နေတာလဲ။ အိမ်မှာ အိပ်မလာဘူးလား "
" ငါ့မျက်လုံးနဲ့ ငါပါ။ မင်းအလုပ် မဟုတ်ဘူး။ ဖယ် ! အဲ့ဒီလက်က .. ငါ့စာအုပ်ကို လိုက်ခြစ်မနေနဲ့ "
ခဲသားဘောပင်တစ်ချောင်း ကိုင်ပြီး လှန်ထားသည့် Text Book စာမျက်နှာပေါ်မှာ လျှောက်ခြစ်နေ၍ လက်ကို ဆွဲဖယ်ပြီး လေသံမာပေးလိုက်သည်။
နာရီကို ကြည့်တော့ စာသင်ချိန်က ပြီးဖို့ လိုသေးသည်။[ ဒါပြီးရင် ဖဲသွားချမယ်။ လိုက်မလား ]
စာအုပ်ထဲ ချရေးလာသည့် စာလုံးတစ်ချို့ကို ဖတ်ပြီး အခန်းထဲက ထွက်ပြေးချင်စိတ်ပါ ပေါက်သည်။ ဒီအုန်းပင်ကောင် သူ့ကို အသံမထွက် ထွက်အောင် တမင် လုပ်နေတာ သေချာသည်။
လက်ကို ပေတံစောင်းနဲ့ ခေါက်ပြီး စာလုံးတွေကို ဖျက်ဖို့ လုပ်ရသည်။ တီချယ် သင်နေတဲ့ စာတွေလည်း နားထဲ မဝင်တော့။ အသံတောင် ကြားတစ်ချက် မကြားတစ်ချက်။