ချစ်ခြင်းရိပ်မြုံ
🤍 Part- 5 🤍
မင်းမြတ်၀ဠာ တစ်ယောက် ပန်းခြံခုံတန်းလေးပေါ်တွင် တစ်ယောက်ထဲ ထိုင်နေပေမယ့် စိတ်တွေအရမ်းလှုပ်ရှားနေမိသည်။
ဒီနေ့က သူ မမဆီမှ အဖြေပြန်ရမည့် နေ့ဖြစ်သည်။သူ့ကို ချစ်တယ်ဆိုရင် မမက ခေါင်းမှာ ပန်းလေးပန်လာမှာ ဖြစ်ပြီး မချစ်ဘူးဆိုရင်တော့ ပန်လာမှာ မဟုတ်ပေ။
အဲ့တာကြောင့် သူ့မှာ မနက်ထဲက ဘုရားကို သေချာရှိခိုးပြီး မမချစ်တယ်လို့ အဖြေပေးပါစေဟု ဆုတောင်းခဲ့ရသည်။
အခုလဲ သူ့အဖြစ်က စာမေးပွဲအောင်စာရင်းကို စောင့်မျှော်နေရသည့် ကျောင်းသားတစ်ယောက်လိုပင်။
မမနဲ့ သူ တွေ့တာ အချိန်ဘယ်လောက်မှ မကြာသေးပေမယ့် သူ မမကို တကယ့်အချစ်စစ်နဲ့ ချစ်မြတ်နိုးတာဖြစ်သည်။
ထို့ကြောင့် မကြာသေးခင်အချိန်က မမ ပါးရိုက်ချင်လဲ ရိုက်ပါစေဆိုပြီး သူရှိသမျှ သတ္တိအကုန်ထုတ်သုံးကာ မမအား ဖွင့်ပြောခဲ့သည်။
ဒါပေမဲ့ သူကံကောင်းခဲ့တာလားတော့ မသိပေ ။ သူလို ချာတိတ်တစ်ယောက်ကို မမက ခါးခါးသီးသီး မငြင်းလွှတ်ခဲ့ဘဲ စဥ်းစားဦးမယ်ဟု ပြောခဲ့သည်။
အေးစက်နေသော လက်နှစ်ဖက်ကို ထွေးယှက်လိုက်ပြီး ၀ဠာ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
ဟူး ...... ကျေးဇူးပြုပြီး မမ သူ့ကို မငြင်းလိုက်ပါစေနဲ့ ..... ပန်းလေးပန်လာပါစေ ။
မမကို မျှော်နေမိတုန်းမှာပဲ မမ ကားလေးကသူရှိရာ နေရာသို့ ရောက်လာပြီး သူနဲ့ မလှမ်းမကမ်းနေရာမှာ ထိုးရပ်သွားသည် ။
၀ဠာ ထိုင်နေရာမှ ထလိုက်ပြီး သူ့အတွက်အဖြေက ဘယ်လိုဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စောင့်နေမိသည်။
ကားပေါ်ကနေ ခြေသလုံးဖွေးဖွေးလေး
အရင်ဆင်းလာပြီး ပုဇွန်ဆီရောင် ပါတိတ်၀မ်းဆက်လေးနဲ့ မမက ဆံပင်တွေကို ချစ်ဖို့ကောင်းအောင် စုထုံးထားလေသည်။ပြီးတော့ ထိုဆံထုံးလေးမှာပဲ နှင်းဆီဖြူလေးတစ်ပွင့်ကို ထိုးစိုက်ပြီး ပန်ဆင်ထားသည်။
![](https://img.wattpad.com/cover/274951751-288-k427773.jpg)