ချစ်ခြင်းရိပ်မြုံ
🤍 Part - 12 🤍
မင်္ဂလာဆောင်တစ်ခုကို နဖူးတွေ့ဒူးတွေ့ကြုံလိုက်ရတော့မှပဲ ဘယ်လောက်ပင်ပန်းလဲဆိုတာ မှုန် နားလည်တော့သည်။
သူမတို့ နေရမည့် တိုက်ခန်းဆီရောက်တော့ မှုန် အခန်းထဲတန်း၀င်ကာ မှန်တင်ခုံရှေ့ ထိုင်ချပြီး ဆံထုံး ထုံးထားတာကို ဖြုတ်ဖို့ အရင်ပြင်ရသည်။
လူက ပင်ပန်းနေရသည့်ကြားထဲ ဆံထုံးက ယိုးဒယား ကလစ်သေးသေးလေးတွေနဲ့ တွယ်ထားတာမို့ ဖြုတ်ရတော်တော်ခက်နေသည်။
စိတ်မရှည်ဘဲ ကလစ်တစ်ခုကို ဆွဲဖြုတ်လိုက်တုန်းမှာပဲ သူက အခန်းထဲ၀င်လာပြီး
စိတ်တိုနေသည့် သူမပုံစံကို မြင်သွားသည်။နေ ၀တ်ထားသည့် Coat အင်္ကျီကို ချွတ်ကာ ခုတင်ပေါ်လှမ်းတင်လိုက်ပြီး သူမဆီကို သွားလိုက်သည်။
"ကိုယ်ဖြုတ်ပေးမယ်...... "
လက်ထပ်ပွဲမှာထဲက ကျွန်တော်ကနေ ကိုယ်အဖြစ် ပြောင်းသွားသော သူ့အခေါ်အဝေါ်တွေကို မှုန် သတိထားမိပေမယ့် ဘာမှမပြောဘဲ နေလိုက်မိသည်။
သူက သူမခေါင်းပေါ်က ကလစ်တစ်ခုချင်းစီကို စိတ်ရှည်ရှည်နဲ့ ဖြုတ်ပေးရှာသည်။
ကြည့်ရတာ သူ့သူငယ်ချင်းတွေနဲ့ Dinner မှာ နည်းနည်းလဲ သောက်လာပုံရသည်။
မင်္ဂလာဦးညမှာ သတို့သားက အရက်သောက်လာတယ်ဆိုတာ တွေးကြည့်ရုံနဲ့တင် စိတ်ညစ်ဖို့ ကောင်းပေမယ့် သူ့ပုံစံက
မူးပြီး ရစ်တာမျိုးမရှိဘဲ ပုံမှန်ပဲမို့ တော်သေးတယ်ဟု ပြောရမည်။"ဟို...ပြီးရင် ကျွန်မ အရင် ရေချိုးလိုက်မယ်နော် .... "
"အင်း ချိုးလေ .... "
ခေါင်းပေါ်မှ ဆံထုံးကြီးကို ဖြည်ချပြီးတာနဲ့
ဂါ၀န်ကြီးကို မနိုင်မနင်းမကာ မှုန်ရေချိုးခန်းထဲသို့ ၀င်လာခဲ့သည်။ရေချိုးခန်းထဲရောက်မှ သူမကိုယ်တစ်၀က်နီးပါးလေးသည့် ဂါ၀န်ကြီးကို မနည်း ချွတ်ရသည်။
တနေကုန် ပင်ပန်းထားသမျှ လန်းသွားအောင်လို့ ခေါင်းပါတစ်ခါထဲလျှော်ပစ်လိုက်ပြီး ရေကို စိမ်ပြေနပြေ ချိုးပစ်လိုက်တော့မှ လူက နေလို့ထိုင်လို့ ကောင်းသွားသည်။