ချစ်ခြင်းရိပ်မြုံ
🤍 Part - 28 🤍
သက် သမီးလေး အိပ်ပျော်အောင်လို့ သီချင်းလေးညည်းကာ သမီးရင်ဘတ်လေးကို ဖွဖွလေးပုတ်ပေးပြီး ချော့သိပ်လိုက်တာမို့ ခဏအကြာမှာပဲ သမီးက သူ့လက်မလေး သူစုပ်ကာ မျက်လုံးလေးတွေမှေးစင်းပြီး အိပ်ပျော်သွားရှာသည်။
ပါးဖောင်းဖောင်းလေးတွေက လုံးတင်းပြီး အလွန်တရာမှ ချစ်စရာကောင်းအောင် အိပ်ပျော်နေသော သမီးလေးကို ကြည့်ကာ သက်မပြုံးမိဘဲ မနေနိုင်ပါ။
ဘာလို့များ အဲ့လောက်ထိ ချစ်ဖို့ကောင်းနေရတာလဲ မေ့သမီးလေးရယ်.......
အိပ်ပျော်နေတဲ့ သမီးလေးကို တစိမ့်စိမ့်ကြည့်လို့မ၀ဖြစ်နေတုန်း အိမ်ရှေ့တံခါးဆီမှ ဒုန်းခနဲ ဆိုသည့် အသံအကျယ်ကြီး ကြားလိုက်ရတာမို့ သက် လန့်သွားမိ၏။
သက် သမီး လန့်နိုးမသွားစေရန် ရင်ဘတ်လေးကို ဖွဖွလေးပြန်ပုတ်ပေးပြီး ချော့သိပ်လိုက်သည်။
"မမ ..... မောင်ရောက်နေတယ်လေ ထွက်တွေ့ ပါဦး..... စိမ်းကားရက်သူကြီးဒေါ်သက်အိန္ဒြေခင်ရေ ..... ခင်ဗျားရဲ့ လင်တော်မောင်ရောက်နေတာမို့ ကျေးဇူးပြုပြီး မျက်နှာလေးထွက်ပြတော် မူပါဦးဗျာ......"
သူ့ရဲ့ အသံနက်ကြီးနဲ့ လူကို အကျယ်ကြီးအော်ခေါ်နေသည့် ၀ဠာ ကြောင့် သက် ဘေးခန်းတွေကို အားနာသွားရပြီး တံခါးကို အပြေးသွားဖွင့်ရသည်။
သက် တံခါးဖွင့်လိုက်တာနဲ့ တံခါးကို မှီထားသည့် သူ့ကိုယ်ကြီးက သက် ဘက်ကို ယိုင်ကျလာရသည်။
အရက်နံ့တွေ မွှန်ထူပြီး လူမှန်းသူမှန်းမသိအောင် မူးနေသော သူ့ကြောင့် သက် စိတ်ညစ်သွားရ၏။
"အဟွန်း ..... နောက်ဆုံးတော့ ကျွန်တော့်ရဲ့ စိမ်းကားရက်သူကြီးက ကျွန်တော့်ကို တံခါးဖွင့်ပေးခဲ့ပြီပဲ...... "
"မင်းဘာလို့ အဲ့လောက်ထိ အရက်ကို လူမှန်းမသိ သူမှန်းမသိအောင် သောက်လာရတာလဲ ၀ဠာ......"
"ဘာလို့သောက်လာရတာလဲဟုတ်လား..... ဟောဒီရင်ဘတ်ကြီးထဲက နေလို့ ထိုင်လို့ မရတော့လောက်အောင် ပူလောင်နေရလို့လေ......