Episode(3)

909 86 68
                                        

(Unicode)

ဟိုးမရှောင်းမနှောင်းတုန်းကပေါ့ကွယ်...။ ချစ်ဝန်းရံလို့ခေါ်တဲ့ လုလင်ပျိုလေးတစ်ပါးက ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်ကြီးရဲ့ ဒဿနိကဌာနမှာ ပညာရှာမှီးသတဲ့။ စရိုက်အနေ တည်ငြိမ်သမို့ အချေလေးလို့ လူသိများတဲ့ ချစ်ဝန်းရံလေးက အပေါင်းအသင်းရောင်းရင်းလည်း နည်းပါးရှာတာပေါ့။

တစ်နေ့မှာတော့ ချစ်ဝန်းရံလေးက သူ့ကံကြမ္မာကို တသက်တာပြောင်းလဲပေးမယ့် ဂိုဏ်းတစ်ခုနဲ့ ဆုံတွေ့ခဲ့သတဲ့။ ဂိုဏ်းချုပ်ကလည်း ဖော်ရွေဖွယ်ကောင်းလွန်းတာကြောင့် တဂင်္ဒလေးအတွင်းမှာပဲ မိတ်ရင်းဆွေရင်းသဖွယ် ဖြစ်လာခဲ့ပါတော့တယ်။

ဒီလိုနဲ့ လအတန်ကြာတော့ ဂိုဏ်းချုပ်မယ်ဖြူက ချစ်ဝန်းရံကို ဒီလိုပြောသတဲ့။

"ပေါက်စန. ငါလေ UFLကသူငယ်ချင်းတစ်ယောက်နဲ့ပေါင်းပြီး Online Blind Date ဆိုပြီးလုပ်ဖို့ စီစဉ်ထားတယ်။ သူတို့ဘက်ကလူနဲ့ ငါတို့ဘက်ကလူနဲ့ကို ချိတ်ပေးမှာဟာ..။ ရုပ်လည်းပြစရာမလိုဘူး၊ အသံလည်းထွက်စရာမလိုဘူး၊ Accတုနဲ့ နာမည်ပြောင်ပေးပြီး ပြောရုံပဲ။ ပြောရင်းပြောရင်းနဲ့ စိတ်ချင်းနီးတယ်၊ တကယ်သဘောကျတယ်လို့ နှစ်ဖက်လုံးက ခံစားရမှ ဘယ်သူဘယ်ဝါပါဆိုတာ ဖွင့်ပြောပြရမှာ။ မကြိုက်ဘူးဆိုလည်း ဆက်မပြောလို့ရတယ်၊ ပြတ်သွားလည်း လူမသိဘူးလေနော်၊ နင်ပါပါ့လား.."

ချစ်ဖူးသူက ကြင်ဖော်ရှာတွေ့သွားတဲ့အတွက် ချစ်ဝေဒနာခံစားနေရသူ ချစ်ဝန်းရံလို လုလင်ပျိုအဖို့တော့ သင့်တော်တဲ့အကြံလို့ ဆိုရပေမယ့် ချစ်ရေးချစ်ရေးအဖြာဖြာမှာ ကျားမ မခွဲ တစ်တွဲတွဲပေးတတ်တဲ့ ဂိုဏ်းခေါင်းဆောင်ရဲ့အကြောင်းကို သိနေလေတော့ ငြင်းပယ်ရတာပေါ့။

"ယောကျာ်းလေးချင်းကြီးမလား မပြောချင်ဘူး"

"ငါတို့က လူတိုင်းကို ယောကျာ်းလိုက်မပေးစားပါဘူး..၊ စိတ်ချ နင့်ကို ကောင်မလေးချောချောလေးနဲ့ စီစဉ်ပေးမှာ၊ ဟိုဘက်နဲ့ပြောပြီးသား။ ပြီးတော့ နင်လည်း အသည်းကွဲနေတာမလား၊ အခုလိုလိုင်းပေါ်ကနေ ပြောနေရတော့ စိတ်ပြေလက်ပျောက်လည်း ဖြစ်တာပေါ့ မဟုတ်ဘူးလား"

5.Life - U = 0  (Completed)Where stories live. Discover now