ဒီနေ့နဲ့ဆို သားငယ်သတိမရတာ နှစ်ဆယ့်ခုနစ်ရက်ရှိပြီ၊ ဆရာဝန်ကတော့ ဖြစ်ရိုးဖြစ်စဥ်မို့ စိတ်မပူရန်ပြောပါသည်။ဆေးရုံတက်နေစဥ်တစ်လျောက်လုံး မောင်ကျော်ခန့်က တကယ်ကို အားကိုးရပါသည်။ သားငယ်ကိုလည်း သူ့ညီအရင်းပမာ သေချာ ဂရုစိုက်ပေးပါသည်၊ သမီးမြတ်နဲ့ ရည်တူကြည်ဖြူနေသည်ကို သူ(မ)သိထားပြီးသားပင်။ သမီးဘက်က ဖွင့်ပြောလာမည်ကိုစောင့်နေခြင်းဖြစ်ပါသည်၊ မောင်ကျော်ခန့်ကိုတော့ ငြင်းနေစရာအကြောင်းမရှိပါ ကိုယ်ကျင့်တရားလည်းပြောစရာမလို သူတပါးအပေါ် စေတနာ ထားတတ်သည်ကလည်း ကိုယ့်မျက်မြင်ပင် စုံးစမ်းကြည့်ရသမျှလည်း အဆိုးကြီးထဲကမဟုတ်ပါ။ တစ်ခုပဲ သူကသမီးနဲ့အတူ LGBT Supporterဖြစ်နေတာပင်၊ သားငယ်လေးတို့အတွဲကြား ကိုယ်ကဗီလိန်မကြီးလို ဖြစ်နေ၍ သူကကိုယ့်ကိုသိပ်မကြည်ချင်တာကိုသိနေပါသည်။ ထားပါလေ သူလည်း အကြောင်းစုံမှမသိပေပဲ တွေးမနေချင်တော့…အတွေးလွန်နေတုန်း သားငယ်လေး လက်ကလှုပ်ရှားလာသည်၊ မကြာပါ သားငယ်ကမျက်လုံးဖွင့်ဖို့ကြိုးစားလာသည်။ သမီးမြတ်ကချက်ချင်းပင် ဆရာဝန်ကို ဖုန်းဆက်ခေါ်ပါတော့သည် သူ့မောင်ငယ်အပေါ် သိပ်ချစ်တာပဲမလားလေ။ သူ(မ)လည်းပျော်လွန်းလို့ မျက်ရည်ပင်ဝဲလာသည်၊ သားငယ်ပြောလိုက်တဲ့ စကားကိုမကြားခင်ပေါ့...
"အန်တီက ဘယ်သူလဲ ခင်ဗျာ့"
သူ(မ) သားငယ်ကို ကြောင်အစွာကြည့်နေမိပါသည်၊ နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ခံရသလိုပင် ရင်ဘက်နေနာလိုက်တာ ဒီလောက်ထိနာကျင်တာမျိုး တကယ်မကြုံဖူးသေးပါ။
"ဒီကအစ်မကရော ဘယ်သူလဲဗျာ့ ကျတော်ကရော ဘယ်သူလဲဟင် အခုက ဘယ်ကိုရောက်နေတာလဲ"
မျက်လုံးလေး ကလည် ကလည်ဖြင့် တကယ်ကို ဘာမှမှတ်မိဟန်မတူ မျှော်လင့်ထားသည့် အခြေနေဆိုပေမဲ့ တကယ်ကိုခံစားရခက်ပါသည်။ ရင်တွေလည်းရစရာမရှိအောင် ကြေကွဲရပါသည်၊ မခံစားနိုင်သည့်အဆုံး အခန်းထဲကပြေးထွက်ဖို့ ကြိုးစားမိသည်။ ဒါပေမဲ့ ရပ်နေတဲ့နေရာက တစ်လှမ်းတောင်မရွေ့နိုင်ပါ၊ ပြောရရင် လှုပ်ရှားဖို့ကို အားအင်မရှိပါ…
YOU ARE READING
Love is you
General Fictionမောင် မင်းကို ချစ်တယ် မင်းဟာမောင့်ရဲ့အရာရာပဲ မင်းမောင့်ကိုမေးတယ် အချစ်ဆိုတာဘာလဲတဲ့...