နေရောင်ဖျော့ဖျော့တို့က ခန်းဆီးလိုက်ကာကိုကျော်၍ ကျိုးတို့ကျဲတဲ ဖြာကျနေတဲ့ အခန်းငယ်လေးထဲမှာ ကောင်လေးတစ်ယောက် ပြတင်းပေါက်ဘက်ကို မျက်နှာမူပြီး ထိုင်နေသည်။ ထိုကောင်လေးရဲ့ လက်ထဲမှာ သေတ္တာ အသေးလေးနှစ်ခုနှင့် လက်ကောက်ဝတ်မှာ မိုးပျံပူဖောင်းလေးတလုံး ချည်ထားသည်။ သူ့ရှေ့တွင်တော့ ရိုးတံ၊ပင်စည်များပါမကျန် ညှိုးခြောက်နေသည့် ပန်းပင်ခြောက်အိုးလေးလဲ ရှိနေသည်။
ထိုကောင်လေးကား အခြားသူတော့ မဖြစ်နိုင်။ အမှန်ပင် ကုန်းကျွင့်ဆိုသော ကောင်လေးပင် ဖြစ်ပေသည်။
ပြတင်းပေါက်ကနေတဆင့် နေရောင်ကို ငံ့လင့်နေသည့် သူ့မျက်နှာသည် ခံစားချက်မဲ့စွာ အေးစက်တည်ငြိမ်နေ၏။ပြတင်းပေါက်ကို အတန်ကြာ ငေးမောနေရာမှ သူ့ရှေ့က အပင်ခြောက်ကလေးကို ထိကိုင်လိုက်တော့ အရွက်ကလေးတွေက အောက်သို့ သက်ဆင်းကုန်သည်။
"အဟက်... ကျန်းလောင်ရှီး။ ခင်ဗျားက တကယ့်ကို ရက်စက်တဲ့ လူပဲ"
ကုန်းကျွင့် ခပ်တိုးတိုးပင် ရေရွတ်လိုက်ကာ ထိုအပင်လေးကို စိုက်ကြည့်မိပြန်သည်။
ဒီအပင်လေးဟာ ရှောင်အိုက်လို့ခေါ်တဲ့ သူတို့နှစ်ယောက် အတူစိုက်ခဲ့ကြတဲ့ bleeding heart အပင်လေး။ ဒါပေမယ့် ကျန်းကျယ်ဟန့် ဆုံးတဲ့နေ့ကပင် ဒီအပင်လေးဟာ ညှိုးခြောက်ကာ သေဆုံးသွားခဲ့တာ ဖြစ်သည်။
ဦးလေးချူပြောတာတော့ ကျန်းလောင်ရှီးက ဒီအပင်လေးကို သူ့ကိုယ့်ပွားလိုကို စောင့်ရှောက်ခဲ့တာတဲ့။
အခု သူ့ကိုယ်ပွားဖြစ်တဲ့ ဒီအပင်လေးကို သူနဲ့အတူ ခေါ်သွားတာကတော့ အရမ်းကို ရက်စက်လွန်းသွားပြီမဟုတ်လား။ကုန်းကျွင့် သူ့ခေါင်းဆီက ဒဏ်ရာကို လက်နှင့်စမ်းမိပြန်သည်။ သူ ဘာလို့များ အသက်ဆက်ရှင်နေရသေးသလဲ။ ဒီဒဏ်ရာဟာ သူသေသွားဖို့ မလုံလောက်ဘူးလား။
ရှောင်အိုက်ကို ကျန်းလောင်ရှီးခေါ်သွားသလိုမျိုး သူ့ကိုရော မခေါ်သွားဘူးလား။ဒါပေမယ့် သူ့ကို 4 ရက်လောက် သတိမေ့စေခဲ့တဲ့ ဒီဒဏ်ရာသေးသေးလေးဟာ အတိတ်မေ့သွားဖို့တောင် မစွမ်းဆောင်နိုင်ခဲ့။
အတိတ်မေ့သွားလျှင်တောင် သိပ်တော့ထူးမည်မဟုတ်ပေ။ သူဟာ ဒီလူသားနှင့် ပတ်သက်သမျှ အရာတွေ အကုန်လုံးကို ဦးနှောက်ထဲမှာ မဟုတ်ဘဲ နှလုံးသားထဲမှာ မှတ်ကျောက်တင်ထားခဲ့တာ မဟုတ်လား။
အရာအားလုံးကို မေ့စေချင်လျှင်တော့ နှလုံးသားကို ဖောက်ထုတ်ပစ်မှသာ အဆင်ပြေစေလိမ့်မည်။
YOU ARE READING
ငဲ့စရာများထဲမှာ (ZG/UN)
Fanficတကယ်ဆို ကိုယ်နဲ့မင်းက မှားယွင်းစွာ တွေ့ဆုံခဲ့ကြတဲ့လူတွေ ကျန်းကျယ်ဟန့် ဘယ်သူမှားလဲ ဘယ်သူမှန်လဲ အမှားနဲ့ အမှန် လွန်ဆွဲကြတဲ့ ပွဲမှာ နောက်ဆုံး ချစ်တဲ့သူက အရှုံးပေးရတာပါပဲ ကုန်းကျွင့် တကယ်ဆို ကိုယ်နဲ...