EPISODE • 01 •

4.9K 156 13
                                    

Episode • 01 •
Unicode Version

ရာသီစက်၀န်းကြီးက အဆက်မပြတ် လည်ပတ်နေရာမှဂိမန္တနွေရာသီကုန်ဆုံးပြီး၍ ၀သန္တမိုးရာသီသို့ရောက်ရှိလာလေပြီ။ ယခုအချိန်သည် မိုးဦးကာလမဟုတ်သော်ငြားလည်း ၆ လပိုင်းကုန်ခါနီးစွန်းစွန်းသည် မိုးတွင်းကာလအတွင်းသို့ရောက်နေလေပြီ။

တရွေ့ရွေ့ပြောင်းလဲနေသော အချိန်ကာလယန္တရားကြီးနှင့်အတူ နိုးထလာသောမနက်ခင်းမှစ၍နေ့သစ်တစ်ခုကို စတင်ရလေပြီဖြစ်သည်။

'Ting'

ကျောင်းဖွင့်ရာသီဖြစ်သော်‌လည်း ကျောင်းပိတ်ရက်မနက်ခင်းနေ့တစ်နေ့၏အစတွင် နိုးနိုးချင်း Messenger မှစာဝင်လာသော အသံကြားမိသောကြောင့် ဂုဏ်မြင့်ဟိဏ်း တစ်ယောက် ဖုန်းကိုင်ကြည့်မိသည်။

'အိမ်လာခဲ့ပါလား'

တစ်ဦးတည်းသောသူငယ်ချင်းသုတနိုင်ပို့သောစာကြောင့် ချက်ချင်းပင်ရေချိုးရန်ပြင်ဆင်လေတော့သည်။ အပြင်ထွက်ရန် ပြင်ဆင်ပြီးမနက်စာမုန့်ဟင်းခါးစားနေစဥ်တွင်မေမေ့ထံမှ အသံကိုကြားလိုက်ရသည်။

" သားသုဆီသွားမလို့လားငယ်လေး "

လှပသောအပြုံးတို့ကို မျက်နှာထက်၌ဆင်မြန်းထားသော မိခင်ဖြစ်သူ ဒေါ်မြင့်စိန်၊ ဟိဏ်းမှာသူငယ်ချင်းဆိုလို့ သုတနိုင်တစ်ယောက်ပဲရှိတာကိုမေမေသိသည်မို့ မေမေက သုတနိုင်အား သားသု လို့သာခေါ်လေ့ရှိသည်။

" ဟုတ်၊ သားညနေလောက်မှပြန်ရောက်မယ် "

" ဟုတ်ပြီ ... ဟုတ်ပြီ၊ ညစာမစားခင်တော့အမှီပြန်လာခဲ့နော် ငယ်လေး၊ သား ပါပါး အကြောင်းလည်းသိရဲ့သားနဲ့၊ သားကိုမတွေ့ရင်တစ်အိမ်လုံးကိုပြဿနာလိုက်ရှာနေမှာ "

ထိုစဥ်ကြားဖြတ်ပြောသော စကားသံ ထွက်ပေါ်လာလေသည်။

" မေမေရောဖေဖေရော အပိုတွေလုပ်နေတာ၊ မေမေတို့သားငယ်ကအသက်ပဲ ၁၉ ဖြစ်နေပြီကို အပြင်တစ်ယောက်ထဲမလွှတ်ရအောင် မေမေ့သားငယ်က မိန်းကလေးလား၊ သွား ... သွား ... ဂုဏ်မြင့်ဟိဏ်း အိမ်ပြန်မလာလည်းရတယ်၊ သုတနိုင် အိမ်မှာအိပ်ချင်လဲအိပ်၊ ဘယ်နှယ့်ဗျာ ... သားယောက်ျားလေးမွေးထားလို့တော်သေး၊ မိန်းကလေးသာဆို လင်တောင်ရမှာမဟုတ်ဘူး "

Destiny or FateWhere stories live. Discover now