Part-2(Unicode)

2.2K 166 0
                                    


နှာသီးဖျားမှ တဆင့် အဆုတ်ထိတိုင် ဆေးရုံနံ့ကို ပြင်းရှရှ ရှူရှိုက်မိသည်။ ဆေးရုံ၏ အခန်းငယ်အတွင်းမှာ သူဟာ ကုတင်ပေါ်မှာ လဲလျောင်းအိပ်ပျော်နေခဲ့သည်ဖြစ်ဟန်တူသည်။ ရင်ဘတ်အထက်နားမှာ လွှမ်းခြုံထားသော စောင်အထူကြီးကို ဆွဲဖယ်လိုက်သည်။ သူမှတ်မိတာက စူးခနဲအောင့်ခနဲ ခံစားမှုနှင့် နှုတ်ခမ်းပါးအောက်က မှည့်နက်လေးကိုပင် ဖြစ်သည်။ နောက်ထပ် မနေ့ညက အကြောင်းကို သူဘာမျှထပ်မသိတော့။

ခြေထောက်နှစ်ဘက်က အနည်းငယ်ထုံကျင်နေသည်မို့ အေးစက်သော ကြမ်းပြင်ကို ခြေချမိသည်နှင့် သူ့ခန္ဓာကိုယ်က တစ်ချက်တွန့်သွားသည်။ ကြွေပြားဖြူဖြူတွေခင်းထားသော ဆေးရုံအခန်းငယ်လေး၏ ကြမ်းပြင်က နေ့တိုင်းသန့်ရှင်းရေးလုပ်ထားသဖြင့် ဝင်းလက်တောက်ပနေသည်။ ကြမ်းပြင်ကို ငေးမောငုံ့ကြည့်ရင်း သူ့ခြေဖဝါးဖြူနုနုက အာရုံအတွင်းသို့ဝင်လာသည်။ မနေ့ညက သည်ခြေလှမ်းတွေသာ နောက်မကျခဲ့ရင် ကြယ်တွေရဲ့ ခံစားချက်မျိုးကို သူအပြီးအပိုင်ရတော့မှာ.....

လေးကံနေသော ခြေလှမ်းတို့က အခန်းတံခါးငယ်ဆီသို့ တဖြည်းဖြည်းချင်းရွေ့လျားသွားသည်။ အခန်းတံခါးက လက်ကိုင်ဘုလေးကိုင်ကာ တံခါးပေါက်လေးခပ်ဟဟမှာ ခေါင်းပြူကြည့်လိုက်တော့ ဂျူတီကုတ်ဖားဖားဖြင့် ဟိုမှသည်သွားလာလှုပ်ရှားနေသော ဆရာဝန်တချို့ကို တွေ့ရသည်။ ပြီးတော့ သူနာပြု/သူနာပြုဆရာမတွေက ဟိုတစ်စု သည်တစ်စု။

ပုံမှန်ဆိုလျှင် သူ့အလုပ်သူ ရှုပ်ကာ ရိပေါ်ကို ဂရုမစိုက်နိုင်သည့် အချိန်မျိုးတွင် ရိပေါ်က သူနှစ်သက်တတ်သော ခံစားချက်ထူးထူးဆန်းဆန်းခံစားချက်အပြုအမူတွေကို လုပ်တတ်သည်။

ဥပမာ-လက်ကောက်ဝတ်က သွေးကြောစိမ်းလေးတွေကို ဓားလေးနဲ့ တရစ်ရစ်လှီးဖြတ်ပြီး ရရှိလာသည့် အနီရင့်ရောင်သွေးတွေကို အားပါးတရထိုင်ကြည့်နေတတ်တာမျိုး.....
ခပ်မာမာနံရံကို လက်သီးဖြင့်ထိုးကာ လက်ချောင်းတို့၏ နာကြင်မှုကို ခံစားကြည့်တာမျိုးပေါ့.......
ဒါတွေလုပ်ရလျှင် သူ သိပ်ပျော်သည်။
သူပျော်နေပေမယ့် ဆေးရုံဝန်ထမ်းတွေကတော့ အလုပ်ရှုပ်ရသည်ပေါ့။
သူက ဆေးရုံကုတင်ပေါ်မှာ လဲလျောင်းပြီး ဆေးတွေခဏခဏသောက်နေရတာကို နှစ်သက်တတ်တဲ့ လူစားမှမဟုတ်တာဘဲလေ..

Stars,Moon and Our Promises[Complete]Where stories live. Discover now