Part-11(Unicode)

1.3K 116 5
                                    


ချုံချင်းရဲ့မနက်ခင်းနေရောင်က ကိုကို့နဖူးပြင်လိုဘဲ ခပ်နွေးနွေးရယ်ပါ။ တစ်ခါပိုင်ခဲ့ဖူးတဲ့ နဖူးပြင်လေးကို ခဏခဏလိုချင်နေတာဟာ သူ့ရဲ့ လောဘလှလှလေးပင်ဖြစ်လိမ့်မည်။ ခွင့်မတောင်းဘဲ ယူမိတဲ့အတွက် သူခိုးလို့ ဆိုချင်လည်းဆိုပါစေလေ။ သေချာပေါက်တန်ဖိုးရှိတဲ့ အနမ်းလေးကို ခိုးမိသွားတာကိုး...။ ပထမအကြိမ်...ပြီးတော့ အခုက ဒုတိယအကြိမ်ပေါ့ ပြေပြေပြစ်ပြစ်နဖူးပြင်လေးဆီကို သူ့ရဲ့နှာခေါင်းလုံးလုံးလေးက အခြေချမိလေတော့ ကိုကို့နှာသီးဖျားဆီက လေပူနွေးနွေးတို့က သူ့ရင်ဘတ်ကို လာရောက်ရိုက်ခတ်သည်။ သည်တစ်ခါလည်း သုံးစက္ကန့်ပါဘဲ။ ဒါထက်မပိုခဲ့ပါဘူး...။ ဖြူဥနေတဲ့နဖူးပြင်လေးကတော့ မနက်ခင်းရဲ့အနွေးဓာတ်ကိုရသွားခဲ့ပြီပေါ့။

"အာ ရိပေါ်နိုးနေတာလား"

စိုက်ကြည့်နေတဲ့မျက်ဝန်းတွေက ကိုကို့စကားသံကြောင့် ပြာယာခတ်သွားရသည်။ စောင်တွေကြားထဲက ကိုကိုကတော့ ဘာမျှမသိရှာ။
နဖူးပြင်ကျယ်လေးဆီမှာတော့ သူ့နှုတ်ခမ်းရာလေးကို အနီးကပ်ကြည့်ရင်မြင်ရလောက်သည်။

"ဟုတ်တယ် ကိုကို
ကျနော်အစောကြီးနိုးနေတာ"

ကိုကိုက နူးနူးညံ့လေးပြုံးသည်။ ကိုယ်ပေါ်က စောင်တွေကိုဆွဲခွာလိုက်ပြီး ကိုကိုကထလိုက်သည်။ ပိုးသားညအိပ်ဝတ်စုံကြက်သွေးရောင်ရင့်ရင့်ကြောင့် ကိုကိုက ပုံမှန်ထက်ပိုဖြူနေသလိုထင်နေရသည်။ အိပ်ရာထစမို့ အနက်ရောင်ဆံစတွေက ကိုကို့နဖူးပြင်မှာ ခပ်ဝဲဝဲကျနေသည်။

"မျက်နှာသစ်ပြီးပြီလား ရိပေါ်"

"မသစ်ရသေးဘူး ကိုကို"

"ရော့....ဒါက ရိပေါ်အတွက်"

သူပြောလိုက်တော့ ကိုကိုက သွားတိုက်တံလေးကို လက်ထဲထည့်ပေးလာသည်။ အပြာရောင်သွားတိုက်တံလေးက အမွှေးနုနုလေးတွေနှင့်ဖြစ်ပြီး ကိုကိုနှင့်ပုံစံတူဟူသော အသိကြောင့်ရင်ထဲနွေးသွားရသည်။ တဘက်ဖြူလေးကို ပုခုံးပေါ်တင်ကာ ရေချိုးခန်းဘက်ဆီထွက်သွားသည့် ကိုကို့နောက်ကိုလိုက်လာခဲ့သည်။ ရိပေါ်သိလိုက်ရတာက ကိုကိုက Skin careတွေကိုလည်း Milky Strawberryအနံ့ကိုသာသုံးသည်။ ဒါကြောင့်ကိုကို့အနားမှာရှိနေတိုင်း နို့နှင့်စတော်ဘယ်ရီရောသည့်အနံ့အသက်မျိုးကို သူရနေတာဖြစ်သည်။

Stars,Moon and Our Promises[Complete]Where stories live. Discover now