မီးအိမ်ငယ်ရဲ့ အလင်းရှင်.8

1.6K 208 25
                                    

                 ~~၈~~

      တီဇော်မောင်းတဲ့ကားကို ဘေးကနေလိုက်စီးရတာ အကြိမ်ရေသိပ် မများသေး ။ ပထမဆုံးအကြိမ် ခရီးရှည်ကြီး စီးခဲ့ရတုန်းကလိုတော့ တီဇော်ကို မကြောက်တော့ ။ ခုလို တီဇော်နဲ့  နှစ်ယောက်တည်း ရှိနေချိန်မှာ ရင်းရင်းနှီးနှီးနေဖို့ ကြိုးစားသင့်တယ်မလား ။ တီဇော်က ကားကိုသာ ဂရုတစိုက်မောင်းနေသည် ။ စက်သံကလွဲပြီိး တိတ်ဆိတ်နေတဲ့ ကားထဲမှာ စကားသံထွက်လာဖို့ အရဲစွန့်ပြီး အစပျိုးလိုက်မိသည် ။

"တီဇော်က ခရီးတစ်ခါ တစ်ခါ သွားရင် အကြာကြီးပဲနော်...ဘယ်တွေသွားနေတာလဲ
ဟင်...ကာကာကော လိုက်လို့မရဘူးလား..."

    မေးပြီးမှ ရင်ထဲစိုးထိတ်သွားရသည်။ ခုလိုပြောတာ ကြိုက်မှကြိုက်ပါ့မလား ။ စပ်စုရန်ကောလို့ တီဇော်စိတ်ထဲ ငြိုငြင်သွားမလား ။မျက်နှာသာပေးလို့ ကန်းတက်တယ်များ ထင်လေမလား။ တီဇော် မျက်နှာကို မဝံ့မရဲလေး ခိုးကြည့်လိုက်တော့ အပြောင်းအလဲမရှိ တည်ငြိမ်နေသည် ။ မမရတီ ပြောပြထားလို့ တီဇော် ဘယ်သွားတယ်ဆိုတာ သိနေပေမဲ့  တီဇော်ကိုယ်တိုင် ပြောပြတာကို ကြားချင်ပါသည်။

    " တီဇော်က ပြင်ဦးလွင် ဘက်ကိုသွားနေတာ မီးလေး...အဲ့ဘက်မှာ တီဇော့်အလုပ်တွေ ရှိတယ်လေ...သင်တန်းတွေ ပြီးသွားရင် မီးလေးကို ခေါ်သွားမယ်...ခုတော့ သိသင့်တတ်သင့်တာတွေ အကုန်တတ်အောင် သင်လိုက်ဦး..."

     တီဇော်စိတ်မဆိုးဘူး ။ တော်ပါသေးရဲ့။ ကာကာ သက်ပြင်းလေး ခိုးချလိုက်မိသည်။

     "ဟုတ် တီဇော်...တောင်ပေါ်ရှုခင်းတွေဆို ကာကာ သိပ်ချစ်တယ်...သင်တန်းပြီးရင် လိုက်မယ်နော်...ပြင်ဦးလွင်ကို ကာကာ မရောက်ဖူးဘူး... ပြင်ဦးလွင်မှာ တီဇော်က ဘာအလုပ်လုပ်တာလဲဟင်..."

     မရဲတရဲ လေသံထဲမှာ သိလိုစိတ်နဲ့ ကြောက်ရိပ်တွေ ရောထွေးနေသည် ။ ဇော် ကားကို အာရုံစိုက်မောင်းနေရာက ဘေးက ကလေးမကို ငဲ့ကြည့်လိုက်မိသည်။ ဟုတ်သားပဲ ။ သူရောက်လာကတည်းက ဇော်တို့ စကားသေချာ မပြောဖြစ်သေး ။  သူလိုအပ်တာတွေ ဖြည့်ဆည်းပေးရင်း၊
ကိုယ်ဖြစ်စေချင်တာတွေ  တွန်းအားပေးနေရင်းနဲ့သာ အချိန်ကုန်နေတာ ။ ရှေ့လျောက် ဇော်နဲ့ အနီးကပ်နေမဲ့သူဆိုတော့ ဇော့်အကြောင်းတွေ ထိုက်သင့်သလောက်တော့ အသိပေးထားသင့်တာပေါ့။

မီးအိမ်ငယ်ရဲ့ အလင်းရှင် Nơi câu chuyện tồn tại. Hãy khám phá bây giờ